zawzaw » သမိုင်း

ဦးစွန်းတင်တဲ့ကုန်းဘောင်မင်းများ
ရခိုင်နိုင်အိမ်ရှေ့မင်း ( ၀ါ ) ရွှေတောင်မင်းအကြောင်း ဆက်ပြောချင်ပါတယ်။ နှစ်ပေါင်း ၁၃၀ ကျော်လောက် တည်တံ့ခဲ့တဲ့ ကုန်းဘောင်ရွှေနန်းဟာ မင်းကောင်းမင်းမြတ်တွေ ရှိပါလျက်ကယ်နှင့် အကြောင်း အမျိုးမျိုးနဲ့ အကြောင်းမလှ ဖြစ်ခဲ့ရတာတွေ၊ အကြောင်းအမျိုးမျိုးနဲ့ ဂုဏ်ယူစရာတွေ ဖြစ်ခဲ့တာတွေ ကိုစိတ်ဝင် စားစရာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာ့ဦးစွန်းတွေကို အလောင်းမင်းတရားကြီးနောက်ပိုင်း ကုန်းဘောင် ခောတ်မှာ  ဂုဏ်ယူဖွယ်မြှင့်တင်ပေးနိုင်ခဲ့တဲ့ မင်း တွေဖြစ် တဲ့ ဆင်ဖြူရှင်၊ ဘိုးတော်ဘုရားနဲ့၊ မင်းတုန်းမင်းတို့ ဟာ လူသိများ ထင်ရှားခဲ့ပေမယ့် ဘိုးတော်ဘုရားရဲ့ သားတော်အိမ်ရှေ့စံဖြစ်တဲ့ ရွှေတောင်မင်းကြီးဟာ လူသိနည်းခဲ့ပါတယ်။ အိမ်ရှေ့စံမင်းများထဲမှာ စောစီးစွာ ကံတော်ကုန်ခဲ့တဲ့ မင်းသားကြီး ၂ ပါးဖြစ်တဲ့ ရွှေတောင်မင်းနဲ့ ကနောင် မင်းသားကြီးတွေဟာ တကယ်လို့ စောစီးစွာ မလွန်ခဲ့ရင် ကုန်းဘောင်နေမီးဟာလဲ ဒီထက်ပိုမို ထိန်ညီးနိုင် မယ်လို့ မျှော်လင့်စရာရှိခဲ့ပါတယ်။ အခုပြောတဲ့ မင်းသားကြီးတွေဟာ တကယ်ဘဲ ချွန်ခဲ့တဲ့မင်းသားတွေဖြစ် ပြီး မင်းတုန်းမင်းကြီးရဲ့သားတော် မက္ခရာမင်း သားကြီးဟာလဲ တော်တည့်ကောင်းမွန်တဲ့မင်းသားတပါး ဖြစ်ခဲ့ပါတယ်။ မက္ခရာမင်းသား ကတော့ ခမည်းတော်ကို ပုန်ကန်ဖို့ ကြံစည်ခဲ့ဘူးတာကြောင့် ထင်သလောက် အရေးပေးမခံ ခဲ့ရ ပါဘူး။

အခုပြောနေချင်တဲ့ ဘိုးတော် ဗဒုံမင်းလို့သိကြတဲ့ ဆင်ဖြူများရှင် လက်ထက်မှာ အမှုတော်ကို ကျေပြွန်စွာ ထမ်းရွက် နိုင်ခဲ့တဲ့ ဘိုးတော်မင်းဘုရားရဲ့ သားတော် အိမ်ရှေ့စံ ရွှေတောင်မင်းသားပါဘဲ။ နန်းသက် ရှည် လှပြီး ဘုန်းကြီးလှတဲ့ ဘိုးတော်ဘုရား ဟာ ရာဇသတ်၊ ဓမ္မသတ် တွေကို ပြန်လည်စီစစ်ထုတ်ပြန် နိုင်ခဲ့ပြီး များစွာသော ကျမ်းများစွာကိုလဲ မြန်မာဘာသာသို့ ပြန်ဆိုပေးနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလဲ အင်္ဂလိပ်နဲ့လွဲလို့ ကျန်တဲ့ နိုင်ငံတွေနဲ့ သင့်တင့်အောင်ဆက်ဆံ နိုင်ခဲ့ပြီး သာသနာပြုများကို ထောက်ပံ့ခြင်း၊ လူပညာရှိ၊ ရဟန်းပညာရှိများကိုလဲ ချီးမြောက်ခဲ့ပါတယ်။ သူ့လက်ထက်မှာ မြန်မာစာပေ အနုပညာရှင်တွေ များများ ထွက်ပေါ်နိုင်ခဲ့ပါတယ်။ နာမည်ကြီး ဦးပေါ်ဦးတို့၊ အယူတော်မင်္ဂလာ ဦးနိုးတို့လို ဘိုးတော်ဘုရားအနားမှာ ခစားနေတဲ့ ပညာရှင်တွေလဲ ထွန်းကားခဲ့ပါတယ်။ ပထမဆုံးမြန်မာငွေဒင်္ဂါးများကို သွန်းလောင်းစေခဲ့ပြီး ဆည်သစ်တည်ဆောက်ခြင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်း၊ သီးနှံထွက်နှုန်းနှင့် စီးပွား ရေးနှင့်ဆိုင်သော စစ်တမ်းများကောက်ယူခြင်း စတဲ့ ဘာသာ၊ သာဿနာနှင့် ခေတ်မှီတဲ့ အုပ်ချုပ်ရေး စီးပွားရေး စနစ်များကို စတင်ပေးခဲ့တဲ့အတွက် လူသိများထင်ရှားခဲ့သလို၊ ၁၁၄၅ မှာ ရခိုင်ကိုအောင်နိုင်ခဲ့တဲ့ အတွက် မဟာမုနိ ရုပ်ရှင်တော်မြတ်ကို ပင့်ဆောင်လာနိုင်ခဲ့ပါတယ်။ တကယ်တော့ အခုလို အောင်မြင်အောင် ဆောင် ရွက် နိုင်ခဲ့ဖို့ အတွက် ဘိုးတော်ဘုရားမှာ အားကိုးလောက်တဲ့ သားတော်တပါးရှိခဲ့တယ်ဆိုတာကိုတော့ လူသိနည်း ခဲ့ ပါတယ်။

အိမ်ရှေ့စံမင်းသားကြီးဟာ ခမည်းတော် အမိန့်နဲ့ ၁၁၄၅ မှာ ရခိုင်ကိုချီတက် လုပ်ကြံခဲ့ရာ ၂ လအတွင်း အောင် နိုင်ခဲ့ပြီး ရှေးယခင်ကတည်းက တသီးတခြားဖြစ်နေကာ အနော်ရထာ၊ ဘုရင့်နောင်နှင့် ဘိုးတော် အလောင်းမင်း တရားလက်ထက်တွင်ပါ မြန်မာပြည်တွင်း မပါဝင်ခဲ့တဲ့ ရခိုင်ကို ယနေ့မြန်မာနိုင်ငံတော်ထဲ ရောက် အောင်သွင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ အတွင်းမှာ ၂၃၀၀ လောက် ရခိုင်မှာ စံနေခဲ့တဲ့ မဟာမုနိရုပ်ပွားတော်ဟာ အိမ်ရှေ့မင်း ကောင်းမှုကြောင်း မန္တလေးကို ရောက်လာခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာ မြန်မာနိုင်ငံအောက်ပိုင်းဖြစ်တဲ့ ရေး၊ ဘိတ်၊ ထားဝယ်ဒေသတွေကို မကြာခဏ ထိပါးနေတဲ့ ယိုးဒယား တွေကို အောင်မြင်ခဲ့ပြီး အဲဒီအချိန်ကစလို့ ယိုးဒယားတွေဟာ မြန်မာနိုင်ငံအောက်ပိုင်း ကို လုံးဝ လက်လွှတ်ပေးခဲ့ရတာ အခုတိုင်ဖြစ်ပါတယ်။ ဒါကလဲ မင်းသားကြီးကျေးဇူးဘဲဖြစ်ပါတယ်။

မင်းသားကြီးဟာ အခုလို လက်ရုံးရည် ပြည့်ဝသူသာမကဘဲ မြ၀တီမင်းကြီးဦးစလို၊ ရာမရကန်ဦးတိုးလို တပည့် တွေကိုမွေးထုတ်ပေးနိုင်တဲ့အထိ နှလုံးရည်ပြည့်ဝစွာ စာပေးကျမ်းဂန် တတ်ကျွမ်းတဲ့ အနုပညာရှင်တဦးလဲ ဖြစ်ပါတယ်။ မြ၀တီမင်းကြီး ဦးစဟာ မင်းသားကြီးရဲ့ အိမ်တော်ကငယ်မွေးခြံပေါက်တယောက်ဖြစ်ပါတယ်။

ဒီလို အရည်အချင်းရှိတဲ့ မင်းသားကြီးဟာ ကုန်းဘောင်ဦးစွန်းတွေထဲက တခုမတည်ခဲ့တဲ့ ဘိုးတော် မင်းတရား ကြီးလက်ထက်တော်မှာတင့် ၁၁၇၀ ခုနှစ်မှာ စောစီးကွယ်လွန်ခဲ့ပါတယ်။

ဘိုးတော်ဘုရားမတိုင်ခင် နောက်မင်းတပါးကတော့ ငယ်ရွယ်စဉ်ကတည်းက နည်မည်နဲနဲ ဆိုးတဲ့ ဆင်ဖြူရှင် ခေါ် မြေဒူးမင်းဖြစ်ပါတယ်။ ဆင်ဖြူရှင်ဟာ ခမည်းတော် အလောင်းမင်းတရားရှိစဉ်အခါ ကပင်းထီးနန်းကို လိုချင် ခဲ့တဲ့ သူဖြစ်ခဲ့ပြီး နောင်တော်ကြီးလက်ထက်တော်မှာလဲ ထီးနန်းကို အမြဲ လုပ်ကြံရန်ဆန္ဒရှိနေသူလို့ သံသယ ၀င် ခံနေ ခဲ့ရတဲ့သူဖြစ်ပါတယ်။ နောင်တော်ကြီး ကိုယ်တိုင်သိခဲ့ပေမယ့် ခွင့်လွှတ်ခံခဲ့ရပြီး အလောင်းမင်းတရားကြီး ဆန္ဒအတိုင်း ညီတော်များ အစဉ်လိုက်ထီးနန်းဆက်ခံရေး မူအရ ထီးနန်းရရှိလာတာဖြစ်ပါတယ်။ သို့ပေမယ့် သူ့နောက်က အမြင့်မင်းကို ထီးနန်းမပေးဘဲ သားဖြစ်သူ စဉ့်ကူးမင်းကို ထီးနန်းလျာထားတဲ့အတွက် အမြင့်မင်းက ပုန်ကန်ခဲ့ပါတယ်။ သူ့အလွန်စဉ့်ကူးမင်းလက်ထက်မှာတော့ နောင်တော်ကြီးရဲ့သားဖြစ်သူ ဖောင်းကာ စားက နန်း လုရာက ကုန်းဘောင်ထီးနန်းဟာ သွေးကွက်တွေ စတင်စွန်းထင်ခဲ့ပါတယ်။ ဒီလို ကုန်းဘောင်ရွှေနန်းမှာ သွေးချောင်းစီးစေမယ့်အဖြစ်တွေကို ဆင်ဖြူရှင်လက်ထက်ကနေ စတင်ခဲ့ပေမယ့် တိုင်းပြည်အတွက် သူဘယ် လို ကာကွယ်ခဲ့တယ်ဆိုတာကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ ခမည်းတော်လက်ထက်ကတည်းက အလို မပြည့် ဖြစ်နေခဲ့ပေမယ့် နောင်တော်လက်ထက်မှာ အနိုင်စားခဲ့တဲ့ ယိုးဒယားသားတို့ရဲ့ ပုန်ကုန်ထကြွနေမှုကို အပြီးတိုင် ငြှိမ်းသတ်ပေးခဲ့တာ ဒီဘုရင်ဘဲဖြစ်ပါတယ်။ အခု မြင်တွေ့နေရတဲ့ အယုဒ္ဒယ ဟာ ဆင်ဖြူရှင်လက်ထက် နောက် ပိုင်း စစ်ပွဲမရှိတော့တဲ့ အယုဒ္ဒယ ဖြစ်ပါတယ်။ မြောက်ပိုင်းမှာ တရုတ်နဲ့စစ်ဖြစ်နေရတဲ့အတွက် တောင်ဘက်က ယိုးဒယားကို နလန်မထူအောင် လုပ်ပေးခဲ့တာဖြစ်တယ်လို့ သမိုင်းအများစုက ဆိုထားတာတွေ့ရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ယိုးဒယားထီးနန်းဟာ ဘန်ကောက်ကို သမိုင်းဝင်ပြောင်းရွှေ့လိုက်ရတာတော့ ဆင်ဖြူရှင်ရဲ့ လက်ရာ ဖြစ်တယ်လို့ဆိုရပါမယ်။

အင်္ဂလိပ်တွေ မြန်မာနိုင်ငံအ၀န်းလုံး ကိုသိမ်းပိုက်ပြီးခါစမှာ တရုတ်ဘုရင်က အင်္ဂလိပ်အစိုးရကို မြန်မာနိုင်ငံက နေ ပဏ္ဍာ ဆက်ဖို့တောင်းဆိုခဲ့ပါတယ်။ မြန်မာပြည်ဟာ တရုတ်တွေကို ၁၀ နှစ်တကြိမ် လက်ဆောင်ပဏ္ဍာ ဆက်သ နေရပါတယ်လို့ ပြောဆိုလာပါတယ်။ လူလည် အင်္ဂလိပ်က တောင်းတိုင်းမပေးဘဲ သေချာပြန်စီစစ်တော့ ဆင်ဖြူရှင်လက်ထက်မှာ တရုတ်နဲ့ မြန်မာ ချုပ်ဆိုထားတဲ့ စာချုပ် ကိုသိရပါတယ်။ တကယ်တမ်းမှာ သမိုင်း တလျောက် တရုတ်တွေဟာ မြန်မာပြည်ကို လုံးဝ သိမ်းယူခဲ့တယ်ဆိုတာ မရှိခဲ့ပါဘူး။ တရုတ်ပြေးမင်းလို့ အသိများတဲ့ ပုဂံအလွန် တရုတ်ပြေးမင်းဖြစ်တဲ့ နရပတိကို တိုက်ခိုက်ခဲ့တာ တကယ်တော့ တရုတ်မဟုတ် ပါဘူး၊ မွန်ဂိုတွေသာဖြစ်ပါတယ်။ အမှန်က ဆင်ဖြူရှင်လက်ထက်မှာ စစ်သူကြီးမဟာသီရသူ မှတရုတ်များကို ဦးဆောင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တရုတ်များ သုံးကြိမ်တိုင်တိုင် ထိုးစစ်ဆင်တိုက်ခိုက်ပြီး သုံးကြိမ်လုံး ရှံးနိမ့်ကာ ခေါင်း ဆောင်စစ်သူကြီး သုံးဦးလုံး ကိုယ့်ကိုကိုယ် သတ်သေ သွားကြတာသာဖြစ်ပါတယ်။ နောက်ဆုံး စစ်ဗိုလ်ချုပ်က တော့ တရုတ်နေပြည်တော် ပီကင်းမှ လာသူဖြစ်ပါတယ်။ ဒါကြောင့် တရုတ်တွေဟာ မြန်မာတို့နဲ့စစ်ပြေငြိမ်းဖို့ စတင်ကမ်းလှမ်းခဲ့ကာ ၁၀ နှစ်တခါ လက်ဆောင်လဲပြီး ချစ်ကြည်ကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ဒီလိုအောင်နိုင်လာခဲ့တဲ့စစ်သူကြီး မဟာသီရသူ ဟာအင်းဝနေပြည်တော်အရောက်မှာတော့ ဆင်ဖြူရှင်ရဲ့ မျက် မာန်ရှမှုကို ခံရတယ်လို့ဆိုပါတယ်။

တရုတ်တွေနဲ့ စစ်ပြေငြိမ်းခဲ့လို့ တရုတ်ပေးတဲ့ လက်ဆောင်တွေကို တမနက်လုံးနေပူထဲမှာ ခေါင်းပေါ်ရွက်ပြီး နန်း ရင်ပြင်မှာ နေလှန်းခံခဲ့ရပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် အဲဒီအချိန်မှာမြန်မာတွေဟာ စစ် ၂ ဘက်ကြားညပ်နေခဲ့တာဖြစ်ပါတယ်။ တကယ်လို့ တရုတ် ကိုသာရှုံးခဲ့ရင် အဲဒီတုန်းက နန်းတက်လာခဲ့တဲ့ မန်ချုးတွေလက်အောက်မှာ တရုတ်ပြည်မကြီးနည်းတူ ၁၉၅၀ ကျော်လောက်ထိ ရောက်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် ဆင်ဖြူရှင်ကတော့ စစ် ၂ခုလုံးကို အောင်နိုင်ခဲ့ပါတယ်။ ဒီအပြင် မဏိပူရနဲ့ အာသံကိုလဲ ထကြွမှုတွေကို ကိုယ်တော်တိုင် သွားရောက် သုတ်သင်နိုင်ခဲ့ပါတယ်။

ကုန်းဘောင် သမိုင်းမှာ ပထမဆုံး ဦးစွန်းကို တင်မပေးခဲ့သူဖြစ်ခဲ့ပါတယ်။

မှီငြမ်း = ခောတ်ငါးခောတ်သမိုင်း(ကျောင်းသုံးစာအုပ်)၊ ယိုးဒယားမြန်မာဆက်ဆံရေး(အတွဲ၂-အခြေခံပညာအထက်တန်း)၊ ကုန်းဘောင်ရှာပုံတော်(ညိုမြ)၊ တောင်သမာန်ရွှေအင်းမှာလေညှင်းဆော်တော့(မြသန်းတင့်)၊ ဘိုးတော်ဘုရား၏မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း(အတွဲ ၁ )

နာမည်များနဲ့ကုန်းဘောင်
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဖြစ်တဲ့ တတိယ မြန်မာနိုင်ငံတော် နောက်ဆုံး မင်းဆက်ဖြစ်တဲ့ ကုန်းဘောင်မင်းဆက် ၁၁ ဆက် နဲ့ပတ်သတ်ပြီး တချို့မသိတဲ့ အချက်တွေကို တခါတလေကျ ရင်ပြန်ရှာမိတတ်တယ်။ အဲဒီထဲက ဘုရင်မင်းတွေရဲ့ ဘွဲနာမည်နဲ့ ငယ်နာမည်တွေလဲ ပါတတ် ပါတယ်။ ကျွန်တော့်မှာတော့ ကုန်းဘောင် ၁၁ ဆက်ရဲ့ ဘွဲ့နာမည် တွေအပြည့်အစုံမရှိပေမယ့် အခုသိထားတဲ့ အချက်အလက်တချို့ကို ပြောပြချင်ပါတယ်။

ကုန်းဘောင် ၁၁ ဆက်ရဲ့ စာရင်းကတော့

၁။ အလောင်းမင်းတရား

၂။ နောင်တော်ကြီး

၃။ ဆင်ဖြူရှင်

၎။ စဉ့်ကူးမင်း

၅။ ဖောင်းကားစား

၆။ ဘိုးတော်ဘုရား

၇။ ဘကြီးတော် ဘုရား

၈။ သာယာဝတီမင်း

၉။ ပုဂံမင်း

၁၀။ မင်းတုန်းမင်း

၁၁။ သီပေါမင်း

တို့ဖြစ်ကြပါတယ်။  ကုန်းဘောင်ဆက်တွေမှာ ဒေသကို အစွဲပြုပြီး ခေါ်တဲ့ နာမည်တွေက များတာ ကို တွေ့မှာဖြစ် ပါတယ်။ အဲဒီနာမည်တွေက အများသိကြတဲ့ နာမည်တွေဖြစ်ပြီး နာမည်တွေမှာ သီပေါမင်း၊ မြေဒူးမင်း ( ဆင်ဖြူရှင် )၊  မင်းတုန်းမင်း၊ ပုဂံမင်း ၊ ဖောင်းကားစားနဲ့ သာယာဝတီမင်း ၊ စဉ့်ကူး မင်းတို့ ဟာ အပိုင်စားရရာ ဒေသ တွေကို အစွဲပြုပြီး ခေါ်ဆိုတဲ့ အမည်တွေဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ကုန်းဘောင် ဆက်တွေရဲ့နာမည်တွေ ကို မှတ်သားရ လွယ်ကူတာတွေ့ရပါတယ်။ အလောင်းမင်းတရား၊ ဆင်ဖြူရှင် (မြေဒူးမင်း) တို့ကြပြန်တော့ သူတို့တွေ လက်ထက်မှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားမှုတွေကို တပ်ဆင်ခေါ်ဝေါ်ထားတာ တွေ့ရပါတယ်။( ဆင်ဖြူ ရလို့ ဆင်ဖြူရှင် ဖြစ်လာပေမယ့် ဆင်ဖြူအများအပြား ပိုင်ဆိုင်တာကတော့ ဘိုးတော်ဘုရားဖြစ်ပါတယ်။ ဘိုးတော် ဘုရား လက်ထက်က နောက်ဆုံး ရရှိတဲ့ ဆင်ဖြူတော် ရဲ့အစွယ်ကို ရန်ကုန် တိရိစ္ဆာန်ဥယျာဉ် ရဲ့အတွင်းက သဘာဝသမိုင်း ပြတိုက်မှာ တွေ့ရှိနိုင်ပြီး အဲဒီအကြောင်းကို ဆက်လက်တင် ပြပါ့မယ် )  နောင်တော်ကြီး မင်းကတော့ အလောင်းမင်းတရားကြီးရဲ့သားတော် အကြီးဆုံးမို့ ခေါ်ဆိုတာကိုတွေ့ရပြီး နောက်ပိုင်း ဘုရင် တွေရဲ့ အဘိုးတော်စပ်တဲ့ ဘိုးတော်ဘုရား (ဗဒုံမင်း) ၊ ဘကြီးတော်စပ်တဲ့ ဘကြီးတော် ဘုရား(စစ်ကိုင်းမင်း ) လို့ ဆိုပြီး ဆွေမျိုးနာမည် တွေ တပ်ထားတာ တွေ့ရှိရပြန်ပါတယ်။

ငယ်နာမည်တွေနဲ့အခြား ရောထွေးနေတတ်တဲ့နာမည်တွေကိုပြောပြချင်ပါတယ်။

၁။ အလောင်းမင်းတရား  ( အောင်ဇေယျ )

၂။ နောင်တော်ကြီး ( မောင်လောက် )

၃။ ဆင်ဖြူရှင် (မောင်ရွ ၊ မြေဒူးမင်း )

၎။ စဉ့်ကူးမင်း ( မောင်ရဲလှ )

၅။ ဖောင်းကာစား ( မောင်မောင် )

၆။ ဘိုးတော်ဘုရား ( မောင်ဝိုင်း ၊ ဗဒုံမင်း၊ ဆင်ဖြူများရှင် )

၇။  ဘကြီးတော် ( စစ်ကိုင်းမင်း ၊ မောင်စိန်၊ ဖန်နန်းရှင် )

၈။  သာယာဝတီမင်း ( မောင်ခင် ၊ ကုန်းဘောင်မင်း ၊ ရွှေဘိုမင်း )

၉။  ပုဂံမင်း ( မောင်မောင် )

၁၀၊ မင်းတုန်းမင်း ( မောင်လွင် )

၁၁။ သီပေါမင်း ( မောင်ရေစက် )

ဒီလို နာမည်ကွဲတွေ အများအပြားရှိနေသေးတဲ့အတွက် တခါတရံမှာ သမိုင်းကိုလေ့လာတဲ့ အခါတွေမှာ တော်တော် လေး ခေါင်းစားမိတာရှိပါတယ်။ ဘာလို့လဲဆိုတော့ ၀ါသနာအရ လေ့လာတာဖြစ်တဲ့ အတွက် မင်းတွေရဲ့နာမည် တွေ ကိုသမိုင်းဆရာတွေက ရေးတဲ့အခါမှာ တချို့တလေကျတော့ ကိုယ်မကျက်မိတဲ့ အမည် ဖြစ်နေတာ ဖြစ်ရင် နဲနဲ လေးအလုပ်ရှုပ်ပါတယ်။

ဖောင်းကာ စားမောင်မောင်ဟာ နန်းသက်ကို ရက်ပိုင်းစိုးစံလိုက်ရပေမယ့် ကုန်းဘောင် ၁၁ ဆက်ထဲမှာ ဘုရင်မျိုး နွယ်ဖြစ်တဲ့အတွက် ပါဝင်ခဲ့ပေမယ့် ကုန်းဘောင် သမိုင်းမှာ မတွင်လိုက်တဲ့ မင်းသားတပါးရှိခဲ့ပါတယ်။ သူကတော့ ဘိုးတော်ဘုရားရဲ့သားတော် အိမ်ရှေ့မင်းသားကြီး ( ရခိုင်နိုင်မင်းလို့ အမည်ရပါတယ်) ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ တော် ၃ ကြိမ်တည်ထောင်ရာမှာ တစိတ်တပိုင်း ကျန်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သူက ရအောင်စွမ်းဆောင်ခဲ့ပြီး လက် ရုံးရည်နှလုံးရည် ပြည့်ဝတဲ့မင်းသားတပါးဖြစ်ပါတယ်။ မန္တလေး မဟာမုနိ ဆင်းတုတော်ကြီးကို ရခိုင်ကနေ ပင့်ဆောင် လာခဲ့တဲ့ မင်းသားကြီးဖြစ်ပြီး ကုန်းဘောင် ဆက်ရဲ့ နန်းသက်အရှည်ဆုံး ဘိုးတော်မင်းတရားကြီး ရဲ့ နန်းသက်အတွင်းမှာဘဲ ကံတော်ကုန်ခဲ့ရပါတယ်။ နာမည်တွေအကြောင်း ပြီးတဲ့အခါ ပထမဆုံးအနေနဲ့ မင်းသား ကြီးနဲ့တကွ ကုန်းဘောင်ဦးစွန်းကို တင်မခဲ့သူတွေ အကြောင်း ထပ်လောင်းလေ့လာပြီးပြောချင်ပါတယ်။

ကုန်းဘောင် မင်းဆက် တေးထပ်

ဦးအောင်ဇေယျ အမှုးမြောက်

ထူးတယောက်တင်မူ

ဦးလောက် ပ ဘုရင်တဆူ

ဆင်ဖြူရှင် စခန်း

စဉ့်ကူးမင်း ကောင်းစားမီ

ဖောင်းကားညီလုတဲ့ရွှေနန်း

ဦးဝိုင်းပ၊ ပထမ ခေါင်ပျော်

မြနောင်တော်ရေဖျန်း

အမရဆောင်ပေါ် ဗွေကြငှန်းမှာလ

ရွှေစာတမ်းဖွဲ့ပြန်၊

ကုန်းဘောင်ပျော် နေလိုဝင်း

ရွှေဘိုမင်းသား မြတ်ပုဂံ

ချမ်းအေးဖို့ ပန်းမွှေးပန်

မန္တလေးစံ တောင်လက်ရုံးရယ်နှင့်

မင်းတုန်းမင်း၊ သီပေါအရှင်

ထီးနှင့်ပလ္လင်

ဆယ့်တဆက် အုပ်စိုးတင်

မုဆိုးဘုရင် စခန်းမို့လေး။

ကျမ်းကိုး – ညိုမြ ( ကုန်းဘောင်ရှာပုံတော် )၊ စွယ်စံကျမ်းများ၊ မြသန်းတင့် (သမိုင်းထဲကမန္တလေးမန္တလေးထဲကသမိုင်း)

မှတ်ချက် ၊ အိမ်ကရေးလာတဲ့ ပိုစ်ကိုတင်တာ တနာရီကျော်ကြာအောင်တင်ရတယ်၊ ဒါကြောင့် တင်ချင်တဲ့စိတ်ကုန်တာ

Jawaharlal Nehru
ဒီနေ့ India festival  ရုပ်ရှင် ပွဲတော် ရန်ကုန်မှာ ရှိတယ်။ နေပြည်တော်ရုံမှာ ညနေ ၆ နာရီခွဲပွဲမှာ အန္ဒိယ ခေါင်းဆောင်ကြီး Jawaharlal Nehru ရဲ့ အကြောင်းကို ပြန်လည်ရိုက်ကူးထားတ Pandit Nehru ဆိုတဲ့ကား ပြလိမ့်မယ်။ အပြင်မှာလဲ ၀ယ်ရတာ မရသလို တရက်ထဲ ပြမယ့် အဲဒီကားကို ညနေသွားကြည့်ကြမယ် စိတ်ကူးတယ်။ စေတန်တို့ စည်သူတို့၊ တေဇာ၊ အီမိုတို့ ကိုတော့ချိန်းထားတယ်။ မသိ သေးတဲ့သူတွေရှိရင် အချိန်မှီကြည့်လို့ရအောင် သတင်းပေးလိုက်တာပါ။

ဂျဝါဟလာနေရူးဟာ အန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး အကြမ်းမဖက် ၀ါဒ လမ်းပြရှေ့ဆောင် မဟတ္တမ ဂန္ဒီ ကြီး ကို အင်မတန်လေးစားအားကျခဲ့တဲ့ သူဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ရာဂျစ် ဂန္ဒီရဲ့ ဖခင်ဖြစ်ပြီး မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ် ချုပ်အောင်ဆန်း နဲ့ အရင်းနှီးဆုံးသော နိုင်ငံရေးမိတ်ဆွေဖြစ်ခဲ့သလို နေရူးဟာ မြန်မာ့လွတ်လပ်ရေးအတွက် လိုအပ်တဲ့ အကြံဥာဏ်ကောင်းတွေကို ဗိုလ်ချုပ်အား လမ်းပြပေးခဲ့တဲ့ သူတယောက်ဖြစ်ခဲ့တယ်လို့ မှတ်သားရပါတယ်။

MAHATMA GANDHI and Jawaharlal Nehru

KL သမိုင်း အကျဉ်း
ကေအယ် လို့ခေါ်တဲ့ ကွာလာလမ်ပူ မြို့ဟာ ဘာမှ သမိုင်းကြောင်းကြီး ကြီးမားမား မရှိပါဘူး။ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်က ရောက်လာတဲ့ တရုတ်မိုင်းတူး သမားတွေက သံဖြူရှာဖို့ ပန်ကလန်း ဘာတုလို့ ခေါ်တဲ့ ပို့ကလန်း ဆိပ်ကမ်းကို ရောက်လာတာကနေ ကလန်းမြစ်ကို ဆက်တက် ကြတော့ ကလန်းနဲ့ ဂုန်ဘန် မြစ်ဆုံ ကို ရောက်တော့ ဆက်တက်ဖို့ရာ ရေတိမ်နေ တာတွေ့ရ ပါတယ်။ ဒါနဲ့နားပြီး သံဖြူရှာကြရာမှာ အမ်ပန်းဒေသမှာ သုံဖြူတွေ့ပါတယ်။ အဲဒီမြစ်ဆုံကတော့ ကုန်စည်တွေ ကူးသန်းရောင်းဝယ်ရာ နေရာဖြစ်လာခဲ့ ပြီးတရုတ် ကုန်သည်တွေ အခြေစချ ရာက နေစပါတယ်။ အစမှာ ရွှံ့ညွန်ထူထပ်နေတဲ့ ရွာငယ်လေး တခုပါ။ ဒါကြောင့် မလေးလို ရွှံ့ညွန်မြစ်ဆုံ ( Kuala lumpur ) လို့အမည်ပေးခဲ့တာပါ။

၁၈၆၀မှာတော့ သံဖြူဈေးကောင်းလာတာနဲ့ အတူ ကွာလာလမ်ပူလဲ ရွာကြီးတရွာ ဖြစ်လာခဲ့ပီး တရုတ်တွေလဲ ထောင်နဲ့ ချီပီးရောက်ရှိ လာခဲ့ပါတယ်။ မလေး လူမျိုးက လူနည်းစုသာ ရှိပြီး တရုတ်တွေက ဘဲ ကြီးစိုးထားခဲ့ပါတယ်။ နောက်တော့ သတ္တုတွင်း သမား၊ ကုန်သည် တွေ ဈေးရောင်းသူတွေ စည်ကားလာပြီး ပြည့်တန်စာ အိမ်တွေ၊ လောင်းကစားရုံတွေ၊ ဒုစရိုက်ဂိုဏ်းတွေ ပြည့်လာခဲ့ ပါတယ်။ ကွာလာလမ်ပူဟာ ဆီလန်ဂေါ ပြည်နယ်ထဲမှာ ရှိတော့ အဲဒီပြည်နယ်ကို အုပ်ချုပ်တဲ့ မလေးဘုရင်က ကွာလာလမ်ပူ အုပ်ချူပ်ရေးကို တရုတ် အကြီးအကဲတွေနဲ့ လွှဲထား ပြီး အခွန်လောက်ဘဲ ကောက်ခဲ့ ပါတယ်။ အဲဒီအကြီးအကဲတွေထဲက ၁၈၆၈ ကနေ ၁၈၈၅ ထိအုပ်ချုပ်ခဲ့တဲ့ တရုတ်ကြီး ယက်(ပ)အလွိုင် က ကွာလာလမ်ပူ ကိုမြို့ကြီးတမြို့ဖြစ်အောင် ထူထောင်ခဲ့ သူတဦး ဖြစ်ပါတယ်။ ၁၈၆၇ မှာတော့ အခွန်ငွေ အကြီးအကျယ်ရနေတဲ့ အဲဒီ ကွာလာလမ်ပူကို မလေးဘုရင်တွေ အချင်းချင်း လုရာက စစ်ဖြစ်ခဲ့ ပါတယ်။ အဲဒီစစ်ပွဲ မှာ ယက်(ပ)အလွိုင် က ဆီ လန်ဂေါဘုရင်ခံ တဲန်ကူးကူးဒင် ကိုထောက်ခံခဲ့သော်လဲ ၁၈၇၂ စစ်အပြီးမှာ အရေးနိမ့်သွားတဲ့ အတွက် ကွာလာလမ်ပူဟာ ပြာပုံအတိဖြစ်သွားခဲ့ရပါတယ်။
ဒါပေမယ့် ၁၈၇၃ မှာ စစ်ရှုံးဘုရင်ခံ တဲန်ကူးကူဒင် က ပါဟမ်းစူလတန် ရဲ့အကူအညီနဲ့ပြန်လည် သိမ်းပိုက် ပြီး ယက်(ပ)အလွိုင် ကိုပြန်လည် အုပ်ချုပ်စေခဲ့ ပါတယ်။ ပြာပုံ ဖြစ်နေတဲ့ ကွာလာလမ်ပူက နေထွက်ပြေးတော့မယ့် တရုတ်တွေကို ပြန်လည် စည်းရုံးပြီး မြို့ကို ပြန်လည် ထူထောင်ခဲ့ ပါတယ်။ နောက် ငါးနှစ် အကြာမှာတော့  သံဖြူဈေးတွေ တက်လာခဲ့ပြီး ကွာလာလမ်ပူ ဟာ အရင်လို ပြန်လည်စည်ကား လာခဲ့ပါတယ်။ ၁၈၇၉ မှာ ပထမဆုံး အင်္ဂလိပ် သံအဖွဲ့ အခြေချ ခဲ့ရာက နေ ၁၈၈၀ မှာ ဆီလန်ဂေါပြည်နယ်ရဲ့ မြို့တော် ဖြစ် လာခဲ့ပါတယ်။

ကွာလာလမ်ပူကို တိုးတက်စေခဲ့တဲ့နောက်တဦး ကတော့ အင်္ဂလိပ်လူမျိုး ဖရန့်ဆွပ်တင်းဟန်း ( Frank Swettenham ) ဖြစ်ပါတယ်။ တဲတွေက နေတိုက်တာ အဆောက်အဦးတွေနဲ့ အစား ထိုးပေး ခဲ့ပြီး ကလန်း- ကွာလာလမ်ပူ ရထားလမ်းကိုဆောက်လုပ်စေခြင်း ဖြင့်ရေကြောင်းသွားလာမှုကို အဓိကထားနေတာ ကိုရှော့ချပေးကာ ဆက်သွယ်ရေးကောင်းမွန်စေခဲ့ ပါတယ်။
အခု KL လို့ မလေးတွေ ချစ်စနိုးခေါ်နေတဲ့ ကွာလာလမ်ပူဟာ ၁၈၉၆ မှ မလေးပြည်ထောင်စုရဲ့ မြို့တော်ဖြစ်လာခဲ့ ပြီး၊ ကမ္ဘာစစ် နှစ်ကြိမ်ရဲ့ ရန်ကလဲ လွတ်ခဲ့ ပါတယ်။ ၁၉၅၇ မှာမလေး ပြည်ထောင်စုရဲ့ အဓိကမြို့တော်အဆင့် ရခဲ့ကာ ၁၉၆၃ မှာတော့ လွတ်လပ်သော မလေးရှားပြည်ထောင်စုရဲ့ မြို့တော် ဖြစ်လာပြီး၊ ၁၉၇၄ မှာတော့ ဆီလန်ဂေါမှ ခွဲထွက်ကာ ဖက