zawzaw » မူးမူးရူးရူး

မူးအုံးဟာ
အချိန်ကတော့ အချိန်ကောင်းဘဲ။ ဟဲဟဲ ရာသီဥတုကတော့ အားကစားသမားကြိုက်မကြိုက်မသိဘူး ငါတော့ ကြိုက်တယ်ကွ။
ညနေ ၆ နာရီလောက်ဆို လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း ပြောတတ်လေ့ရှိသည့် ဖိတ်ခေါ်ဖလား အတွက် စကား တွေ စနေပြီ။ နေ့စဉ်ဆိုသလို ဟိုသွား မော့လိုက်၊ ဒီသွားသောက်လိုက်နှင့် ညညဆိုမူးနေတတ်သည့် ရောဂါ၊ ဆေးခန်းသွားလဲမသက်သာ ဘူးဟေ့ ဟုဆိုကာ ဇော်ဝင်းထွဋ် လိုဟစ်လိုက်ချင်သည်။

အေးကွာ ဒါဆိုလဲ သွားရအောင်၊ မင်းက ဒီနေ့ဘယ်မှာ ဆော်ချင်လဲ၊
အင်း – - – စဉ်းစားစမ်း- – - ဟုတ်ပြီ နားသောတလေးဆင်ရင်းသောက်တာပေါ့ကွာ၊ ငါတို့ spot bar သွားရအောင်၊
အဲဒီတုံးကတော့ ဗိုလ်တထောင် ဘုရားနားက နာမည်ကြီးလှသည့်ဆိုင်ဆိုရင်သူဘဲ ရှိသည်မဟုတ်လား။

ပြောဆိုနေရင်း ၆ နာရီက ခွဲတော့မည်။ ၅၀ ကားတစ်စီး က တဖက်ကားလမ်းမှာ ဆိုက်လာသည်နှင့် အပြေးအလွှားလေး ကားပေါ်ကို တက်လိုက်သွားကြတော့လေသည်။
၇ – နာရီဆို စင်တင်တေးဂီကစပြီ၊ ရောက်ရောက်ခြင်း ၀ီစကီတပြား၊ ရေခဲ၊ ရေသန့်နဲ့ ကန်စွန်းပလိန်း၊ အကင်နဲနဲလောက်မှာလိုက်သည်။
သောက်လိုက်စားလိုက်၊ စကားလေးပြောလိုက်နှင့် ၉ နာရီထိုးတော့မည်။ ကောင်မလေးတွေကိုကြည့်ရတာလဲ အာရုံမလာ၊ မူးလဲမူးချင်လာ ပြီ၊ ဒါနဲ့ နောက်ဘာဆက်လုပ်ရင်ကောင်းလဲ စဉ်းစားတော့ ပတ်ချင်နဲ့နဲနဲလောက် ဆက်ချလိုက်မယ်တဲ့။ ဒီအကောင် တယ်ရှည်တာကိုး၊ သူ့ဆိုင်ကို ၉နာရီသွားပိတ်ရမှာကိုလဲ မပြန်သေးဘဲ ဆက်မိုက်နေကြမိသည်။ ခဏ အကြာတော့ ၀ိုင်းရှင်းရင်း ဆိုင်ထဲက ထထွက်လာမိသည်။ ဇူလိုင်လမို့ မိုးလေးကလဲတဖွဲဖွဲ။
ဆိုက်ကားတစီးငှားစီးရင်း အိမ်ကိုပြန်ကြသည်။ ဗိုက်ကလဲဆာသမို့ လမ်း၅၀ ရဲစခန်းဘေးက ထမင်းကြော်ဝင်လွေးရင်ကောင်းမလား စဉ်းစားမိတာနှင့်
အေ့- – - ဟေ့လူ လမ်း ၅၀ ဘက်မောင်းဟု ဆိုက်ကားသမားကို ပြောမိလိုက်သေးသည်။
မကြာလိုက် လမ်း၅၀ ရောက်လာရော –
နေဦးကွာ ငါတို့ အဉ္ဖလီမှာ ထပ်သောက်ရင်ကောင်းမယ်။ အဲဒီမှာ ကောင်မလေးတွေလမ်းတယ်
သူငယ်ချင်းက ပြောအလာမှာ ကိုကလဲ မနေနိုင် မထိုင်နိုင်- ကောင်းတာဘဲ သွားကြမယ်လေ။ ဒါနဲ့မင်းမှာ အာရကေ ဘယ်လောက်ကျန်သေးလဲ။
အင်း – - အေ့- ရှိပါသေးတယ်သွားမှာသာသွားပါ။
ဆိုင်နားရောက်တော့ ရွှေရောင်တ၀င်းဝင်းနှင့် မိုးဖွဲလေးကြားမှာ လင်းထိန်နေသည့် ရွှေဘုန်းပွင့်ဘုရားကို မြင်နေရသည်။ မူးသာ မူးသည် ဘုရားတရားတော့မမေ့ နှစ်ယောက်သားဦးခိုက်ရင်း ဆိုင်ထဲဝင်လာမိသည်။
ဒုံတပ် ဒုံတပ်နှင့် ဆူနေသည့် ဆိုင်ထဲတွင် ကောင်မလေးတွေ တသည်တတန်း သီချင်းဆိုနေတာ မြင်ရသည်။ လွတ်နေသည့် စားပွဲတနေ ရာမှာ ထိုင်ရင်း ဘီယာ ၁ဂျားမှာ သောက်ကြသည်။ အကင်လေးတွေ အာလူးချောင်းလေးတွေနှင့် ကောင်းလေစွ။
သောက်ရင်းသောက်ရင်း ဘီယာ ၄ ဂျားကျသွားသည် ။ ကောင်မလေးတွေလဲ ၂ ကိုယ်ခွဲနေပြီ။ ဆိုင်ကလဲ ပိတ်တော့မည်။
အီးယား- မူးတယ်ကွာ မင်းမမူးသေးဘူးလား။ ပြန်ရအောင်
အင်း- ပြန်မယ်လေ၊ ငါလဲ နောက်ကျနေရင် အဖိုးကြီးဆဲလိမ့်မယ်။
ဒါဆိုလဲသွားမယ်လေ၊
နှစ်ယောက်သား တယောက်လည်ပင်းတယောက်ဖက်ရင်း ပုဇွန်တောင် ဈေးဘက်သို့လျောက်လာကြသည်။ ရေကျော်လမ်းမရောက်ခင် နာမည်ကျော ကာဆင်ဘိုင်ကြက်သားသုတ် ဆိုင် နားက ညလုံးပေါက်ဖွင့်သည့် ခေါင်းလျော်ဆိုင်အနီးသို့ရောက်လာရင်း ဘာရယ်ကြောင့်မသိ နှစ်ယောက်သား အတိုင်အဖောက်ညီညီ ၀င်သွားလိုက်ကြသည်။
ကျွန်တော်တို့ခေါင်းလျော်မလို့ ရသေးလား
ရပါတယ်။ သိပ်တော့မကြာတော့နဲ့နော် ဆိုင်ပိတ်တော့မှာ
ဟိုကောင်က အလိုက်မသိစွာနှင့်
ရပါတယ် တရေးနှစ်ရေးပါ
ကောင်မလေးတွေမျက်လုံးပြူးသွားသည်။
ကဲကဲ – ကြာတယ်ကွာ မြန်မြန်လုပ်
ထိုအခါ မပြောမဆိုနှင့် ဒီကောင် ဆိုင်နောက်သို့ အပြေးဝင်သွားသည်။ ဘာမှန်းမသိတော့ စိတ်ပူတာနှင့် လိုက်သွားမိရာ အ

ိမ်သာထဲ မှာ တဝေါဝေါနှင့် ထိုးအန်နေသည်။
ကဲ ငါမပြောဘူးလားမင်းကို – သောက်ရမ်းတွေ မသောက်ပါနဲ့ဆို
ဆရာဝင်လုပ်ရင်း ကျောကို နှိပ်နေပေးလိုက်သည်။
ပြီးနောက် နှစ်ယောက်သား ခေါင်းလျော်နေရင်း
အစ်- အ – အော့ – ဝေါ့
ဗြဲဗြဲ နှင့် ထိုးအန်ပြန်သည်။ အန်စရာ နေရာကို ထမရှာနိုင် ခေါင်းလျော်နေရင်း ဘေးဘက်ကို စောင်းအန်လိုက်သောကြောင့် ကောင်မလေး တွေ ထွက်ပြေးကုန်သည်။
ဒီတခါ အန်တာ ဟိုကောင်မဟုတ် ကျွန်တော်သာတည်း။
ဟတ် ဟတ် ဟတ်
မင်းက ငါ့သာလာပြောတယ်မင်းကျတော့ မအန်တာ ကျနေတာဘဲ၊
ငါးခူပြုံး ပြုံးပြီးပြောနေသလာတော့မသိ ကိုယ့် ဟာကိုယ်တောင် မှုန်ဝါးဝါးနှင့် မနဲ နှာနှပ်နေရသည်။
တဆိုင်လုံးလဲ ပွထ ကုန်သည်။ ကောင်မလေးတွေ ယူလာသော အမှိုက်ပုံး အချိန်မှီရောက်လာလို့သာ ၊ မဟုတ်ရင် မလွယ်။
အချိန်တန်တော့ ခေါင်းလျော်တာက ပြီးသွားပြီ။ ဆိုင်ရှေ့က မှန်ရှေ့မှာ လူလူ သူသူ ဖြစ်မလားလို့ ပြင်ဆင်နေလိုက်သေးသည်။
ဆိုးတော့မဆိုးဘူးထင်တာနှင့် ထွက်လာကြသည်။
လမ်းကူးတော့လဲ တယောက်ကို တယောက်လည်ပင်းဖက်လို့။ ကောင်မလေးတွေကတော့ ဆိုင်ရှေ့ကနေ လှမ်းကြည့်နေကြဆဲ။
ဒီကောင်မလေးတွေ ဘာလို့ကြည့်နေပါလိမ့်စဉ်းစားရင်း ပိုက်ဆံ မရှင်းခဲ့တာသတိရမိသည်။ ရှိစေတော့ နောက်နေ့မှ သွားရှင်းတော့မယ် ဟု ဆုံးဖြတ်နေတုန်း ဟိုကောင်က ခလုတ်တိုက်ကာ လဲမလို ဖြစ်သွား။ ကိုယ်က လှမ်းဆွဲ  အနှိမ့်အမြင့်မညီသော ပလတ်ဖောင်းအောက် က သစ်သီးချင်းတွေကြားသို့ နှစ်ယောက်သားတလိမ့်ကောက်ကွေး ပြုတ်ကျသွားသည်။ တော်တော်နှင့် မထနိုင်တော့။
အတော်လေးကြာမှ ထနိုင်ကြသည်။ ထသည်နှင့် လမ်းမှာတွေ့သည့် ရေပိုက်တခုကို အားရပါးရဖြုတ်ရင်း တရဟော ထွက်လာသည့် ရေ တွေကို သင်္ကြန်ကျပစ်လိုက်တော့သည်။
အဲဒီနောက် အိမ်ပြန်ရောက်သည်ထင်ပါသည်။
လွန်ခဲ့သော ၁၀ နှစ်က ဖြစ်ပါသည်။