zawzaw

ပစ်ကြဦးမလား အမှိုက်

by admin on Jun.25, 2009, under essay

မနက်စောစော ထရလွန်းလို့ အိပ်ရေးမ၀တဲ့ ရက်တွေကများလှနေပြီ။ ဒါပေမယ့် အလုပ်လုပ်ရမှာမို့ ခပ်စောစော ထွက်ရဦးမယ်။ ဒီအလုပ်က သူများတွေနဲ့မတူ၊ စောလေကောင်းလေ။ တောင်ဒဂုံရဲ့ ဟိုးအစွန်အဖျားကနေ ရန်ကုန် မြို့ကြီးထဲကို  သူလိုကိုယ်လို အလုပ်ဆင်းတဲ့သူတွေ အများကြီးရှိလေရဲ့။ ကိုယ်ကတော့ ထုံးစံအတိုင်း ရထားဘဲစီးရမှာဘဲ၊ ဒီလိုအချိန်မှာ မြို့ပတ်ရထားပေါ်မှာလဲ ထိုင်စရာနေရာက ရှား၊  ကုန်စိမ်း သည်တွေထိုင် ရင်း ငိုက်နေတဲ့ နားကဖြတ်လျောက်လာရင်း ပျံကျဈေးရောင်းတဲ့ သူတွေရဲ့ အထုတ်တွေကိုမှီပြီး ဒီနေ့ ရနိုင် ချေ ရှိတဲ့ဝင်ငွေကို စိတ်ကူးယဉ်နေကြည့်မိတယ်။ ဒီကနေ့ကရုံးပိတ်ရက်မို့ အိမ်တွေမှာ လူတွေစုံစုံလင်လင်ရှိတတ်တဲ့ ရက်။ အလုပ်ကလဲ အပြိုင်အဆိုင်တွေ များလာတယ်လေ်။ ဒါပေမယ့် ကိုယ့်အလုပ်က မိတ်ဆွေဖြစ်နေတဲ့ ဖောက်သည် တွေရဲ့ စိတ်ကျေနပ်မှုပေါ်မှာ တည်မှီနေတဲ့အလုပ်ကလေးဖြစ်ပေမယ့် ကိုယ့်ဘက်က အမြဲမျှော်လင့်နေလို့ မရနိုင် ဘူး။ အတွေးတွေမပြတ်ခင်မှာဘဲ ကိုယ်ဆင်းမယ့် ဘူတာရောက်တာနဲ့ ဆင်းလိုက်ရတယ်။ ဘူတာမှာတော့ ကိုယ်နဲ့ လုပ်ငန်းတူ လုပ်နေတဲ့ မိတ်ဆွေတွေ ကိုတွေ့ရတယ်လေ။ သူတို့နဲ့မနက်တိုင်းဆုံနေကြဘဲ။ ဒါပေမယ့် ပြိုင်ဘက်က တော့ပြိုင်ဘက်ပဲမို့ ကိုယ့်အလုပ်ကို ကိုယ်စောစောလုပ်နိုင်ဖို့ အာရုံအမြဲထားနေရတယ်။

တဖြည်းဖြည်းနဲ့နေက ပူလာပြီ။ နေပူမိုးရွာ ရွေးလို့မရပေမယ့် နေကလေးသာနေရင် အလုပ်လုပ်ရတာ အဆင် ပြေတယ်။ ကျောပူနေပေမယ့် အလုပ်ဖြစ်နိုင်ခြေရှိတာ ဒီလိုနေသာတဲ့နေ့ကလေးတွေဘဲလေ။ ကိုယ့်လုပ်ငန်း ဆောင်တာတွေကို စတင်ဖို့အတွက်ပထမဆုံးလုပ်ရမှာက တွန်းလှည်းအပ်ထားတဲ့ဆီမှာ ကိုယ့်တွန်းလှည်း ကိုယ် သွားယူဖို့ဘဲ။ တွန်းလှည်း ကလဲ ကောင်းကောင်းကန်းကန်းလေးမရှိတော့ တနေ့တနေ့ တွန်းလှဲ ထဲမှာ ပစ္စည်း နဲနဲလောက်များလာတာနဲ့ ခဏခဏ ပစ္စည်းတွေ လာပစ်ရတာ တွက်ခြေမကိုက်လှဘူးလေ။ တခါပစ်ရင် ငါးရာပေး ပေးနေရတာကတကြောင်း ၊ အကြိမ်ကြိမ်လာပစ်နေရလို့မောပြီးအချိန်ကုန်တာကတကြောင်းနဲ့ တွေးရင်းတွေးရင်း စိတ်ပျက်မိတယ်။ မနက်စာအဖြစ် တရာတန် သကြားပလာတာတချပ်ကို ကမန်းကတန်း ၀ယ်စားလိုက်တယ်။ အချိန်ရသေးရင်တော့ ဘူတာနားက တချပ် ၅၀ တန်တိုရှည်တချပ်လောက်တော့ စား ချင်သေးတာ။ စောင့်ရမယ်ဆိုရင်တော့ အလုပ်မဖြစ်ဘူးလေ။

အားလုံးပြင်ဆင်ပြီးရင်တော့ ကိုယ့်အလုပ်ကို စတော့မယ်။ တော်ကြာ သူများဦးသွားရင် ကိုယ့်ဖောက် သည်ပျက် မှာလဲကြောက်ရတယ်။ ဖောက်သည်ပျက်ရင် ၀င်ငွေမကောင်းတော့ဘူး၊ တကယ်တမ်းပြောရရင် ၈ ထပ်တိုက် ၆ လုံးလောက်ဖောက်သည်ရချင်တာ။ ဒါပေမယ့် တကမ်းတမ်းတော့ ၈ လွှာတက်လိုက်၊ ၆ လွှာတက်လိုက်နဲ့ တခန်းတခန်း ကို တခါတက်ပါမှ ၁၀၀ ၊ ၂၀၀ လောက်အပြင်ပိုမရဘူး။ သို့ပေမယ့်လို့ သူတို့ပစ်တဲ့ ပစ္စည်းလေး တွေထဲက ပုလင်းတို့၊ ပလတ်စတစ်တို့ ၊ ဘီယာဘူးခွံတို့ကို ပြန်သွင်းရင်း လှည့်ပတ်နေရတာ။ တနေ့ ကို ၂ ထောင်လောက်ရဖို့ တက်လိုက်ဆင်းလိုက်၊ တွန်းလိုက်ဆွဲလိုက်နဲ့ နေ့လည်သာသာလောက်ထိ ကိုလုပ်ရတာဘဲ။ ဒါပေမယ့် တလလုံးဝင်ငွေကို တွက်လိုက်ရင်တော့ တော်ရုံ ဘွဲ့တခုလောက်ရထားတဲ့ သူတယောက်ရဲ့ ၀န်ထမ်းလစာလောက်ကို ၀င်တဲ့အတွက် ကိုယ်လို ၃ ၊ ၄ တန်းအောင် သေစာရှင်စာ လောက် ဖတ်တတ်တဲ့ သူတယောက်အနေနဲ့ကတော့ မဆိုးဘူးပြောရမှာဘဲ။ ကဲပါလေ - တခြားတွေးနေလို့မဖြစ်ပါဘူး၊

စားနေ၀တ် ပြည့်စုံမှ လူတယောက်က ဘ၀ ပြည့်စုံမှာတဲ့ ။ အဲဒီထဲက စားစရာလေး အရင်ပြည့်စုံအောင် ကိုယ့်ရဲ့ ၀န်ဆောင်မှုလေး အတွက် ထွက်လိုက်ဦးမယ်။ မနက်မနက်ဆို ရက်ကွက်တွေထဲမှာကြားနေရတဲ့ သူလိုကိုယ်လို အသံအတိုင်းပါဘဲ

အမရေ- - - အမှိုက် ပစ်ကြဦးမလား —- အမှိုက်

2 comments for this entry:
  1. ခွန်မြလှိုင်

    ဟောတော်… ဒါမျိုးတွေ တကယ် ရှိနေတာလားဟင် :(

  2. ဂျေဂျူဝိုင်

    ပစ်ကြဦးမလား အမှိုက်ဆိုတော့ ကျွန်တော်က မန္တလေးက ကျွတ်ကျွတ်အိတ် ကိစ္စကိုများ ရေးပေးတာလားလို့ ဖတ်ကြည့်တာ

Leave a Reply

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!