Putra Jaya to Port Dickson’s military museum




မနက် ၉ နာရီ ကွာလာလန်ပူ ၂၁ နိုဝင်ဘာ ၂၀၁၆

ကျွန်တော်တို့မနက် ၉ နာရီကျော်လောက်မှာ ဟိုတယ်ကနေပြီး မလေးရှားတိုရစ်ဇင်စင်တာကို ထွက်ခဲ့ကြပါတယ်။ အဲဒီမှာ ပထမဆုံးလုပ်ရမှာက flag off အတွက် စာနယ်ဇင်းရှင်းလင်းပွဲတက်ဖို့ရယ်၊ ကိုယ်စီးမယ့်ကားတွေကို သေချာပြန်စစ်ဆေး ဖို့အတွက်ဖြစ်ပါတယ်။ ကားတွေကို ကမန်းကတန်းစစ်ဆေးကြပြီး ဒီခရီးစဉ်အတွက် စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်မယ့် အဆောင်ကို ရောက်သွားကြတယ်။ ဒီမှာ ပြသနာက ရေဘူးတွေပါမလာတာဘဲ။ ကျွန်တော်တို့သွားမယ့်ခရီးစဉ်အရ တမ နက်လုံး ပူထရာဂျာရာကို အရောက်သွားရမှာဆိုတော့ လမ်းမှာသောက်ဖို့ရေက အဓိက ဖြစ်နေတယ်။


 ရေ၀ယ်လို့ရမယ့် နေရာလည်းမတွေ့တာနဲ့ ပွဲမှာ တည်ခင်းထားတဲ့အထဲမှာ ရေကိုအ၀သောက်ပစ်လိုက်တယ်။ ခဏနေမှာဘဲ မလေးရှား စာနယ်ဇင်းတော်တော်များများက နေရာယူထားကြပြီး အခန်းအနားကိုစပါတယ်။ ဒီခရီးစဉ်ရဲ့ရည်ရွယ်ချက်နဲ့ လမ်း ကြောင်း တွေအကြောင်း ရှင်းလင်းပြောကြားပြီး ကျွန်တော်တို့ကို မိတ်ဆက်ပါတယ်။ ပြီးတဲ့နောက်မှာ Flag off ပြုလုပ်ဖို့စီစဉ်ကြ ပါတော့တယ်။ အခန်းအနားကို မလေးရှားခရီးသွားလာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။



 သူက ၀န်ကြီးသာဆိုတယ် ခန်းခန်းနားနား ရောက်မလာဘဲ ပုံမှန်ဘဲရောက်လာသလို စပို့ရှပ်နဲ့ဂျင်းဘောင်းဘီဝတ်ထားတာ ကြောင့် တော်ယုံမသိသူကတော့ သာမန်လောက်ဘဲထင်မှာပါ။ ဒါကလည်း သူတို့ရဲ့အလုပ်ကိုသာ အာရုံစိုက်ပြီး သိပ်ကိန်း ကြီးခန်းကြီးမနိုင်ကြတဲ့ ပုံစံပါဘဲ၊ လွတ်လပ်တယ် ပေါ့ပါးတယ်၊ အားလုံးနဲ့တစ်သားတည်းရှိတယ်ဆိုတဲ့ ပုံစံပါ။

Me and my Proton


 
Minister and Deputy are marking to Malaysia Team

Flag Off


Flag Off မလုပ်ခင် ရေလိုက်ရှာရသေးတာကြောင့် နာမည်တွေခေါ်တဲ့အချိန်ကိုယ်က အဝေးရောက်နေတယ်။ အမြန်ဆုံး ကားပေါ်တက် ခါးပတ်ကို ဖြစ်သလိုပတ် နဲ့တရကြမ်းမောင်းဖို့ကြိုးစားတော့တာပေါ့။ ကားကတွန့်ဆုတ်ဆုတ်နဲ့ အထက လည်းနှေးနေတော့ တော်တော်လေး ကသိကအောက်ဖြစ်နေမိတယ်။ ကွာလာလန်ပူလို့မြို့ကြီးထဲမှာ ဘယ်မောင်းစနစ် ကို ပထမဆုံးမောင်းရတာဆိုတော့ နဲနဲတော့စိတ်လှုပ်ရှားတယ်။ မြို့ထဲမှာ ကားတွေကလည်းများသလို လမ်းညွှန်စနစ်တွေကို သိပ်ပြီးမယဉ်ပါးတော့ ရှေ့ကကားနောက်ကို အမှီလေး ကပ်လိုက် ခွာလိုက်နဲ့ လိုက်လာခဲ့တယ်။ ၂၅ မိနစ်အလောက် အကြာမှာ Toll gate တစ်ခုကိုဖြတ်ပြီး ကားတွေ ပြန်တန်းစီတဲ့အထဲမှာ နောက်ကသူတွေကို ရပ်စောင့်ဖို့ခဏနားလိုက် ကြပါတယ်။ အိုး… ကျွန်တော်အပြင်ထွက်တော့ ညှော်နံ့ကထောင်းထောင်းထနေတယ်။ အပြင်မှာလည်း အင်ဒိုနီးရှား တောမီးကြောင့် မီးခိုးတွေဝေနေတယ်။ အဲဒီက အနံ့လို့ထင်နေတာ။ တကယ်တော့ ကိုယ့်ကားက ဟန်းဘရိတ်ကို အသေ အချာမချမိဘဲ နဲနဲလေးညိနေတာကြောင့် အနံ့ထွက်နေတာနောက်မှသိသွားတယ်။ ဒါနဲ့ ကားကိုပြန်စစ်ရတယ်။ Proton က service လုပ်တဲ့အဖွဲ့က တခါတည်းပါလာတာကြောင့် ကျွန်တော့်ကားက အဆင်ပြေစွာဆက်သွားနိုင်ကြောင်း သူတို့ ပြောပါတယ်။ အဲဒီအချိန်မှာ ရုံးကိုဖုံးတစ်ချက် လှမ်းခေါ်လိုက်တယ်။ အဆင်ပြေပြေခေါ်လို့ရပေမယ့် ဖုံးက ကိုင်မယ့်သူ မရှိဘူး။ ဒါနဲ့ လမ်းသွားရင်း MPT နဲ့ ဖုံးဆက်လို့ အိမ်ကို လှမ်းခေါ်လိုက်ပြီး မိန်းမကိုတောင် ဆူလိုက်သေးတယ် :P
MPT ကျေးဇူးနဲ့ရောက်တဲ့အရပ်က လှမ်းပြီးမန်းလို့ရသွားတယ်

Check up to car

ကျွန်တော်တို့တွေက အမှတ်xxx-xxx လမ်းမကြီးကနေပြီး ပူထရာဂျာရာကို ဆက်ထွက်လာခဲ့ပါတယ်။ လမ်းမှာ ဘူကစ် ဂျာလီအားကစားကွင်းကြီးကိုတွေ့ပါတယ်။ မြို့နဲ့အတော်လေးလှမ်းတဲ့နေရာမှာ ရှိတဲ့အတွက် အားကစားပွဲတွေ လုပ်တဲ့ အခါ လမ်းကြပ်တာတွေကို ရှောင်ရှားနိုင်မှာပါ။ ဒီကွင်းကြီးက မြန်မာဘောလုံးပရိတ်သတ်နဲ့ ရင်းနှီးနေပြီး မြန်မာဘော လုံးအသင်းရဲ့အောင်မြင်မှုတွေ ရှုံးနှိမ့်မှုတွေ တော်တော်များများကို လက်ခံကျင်းပပေးခဲ့တဲ့ ဘောလုံးကွင်းကြီးပေါ့။ ကျွန်တော်တို့မောင်းနှင်နေတဲ့လမ်းကိုသတိထားမိတာက ငြိမ်သက်နေတဲ့ ရေပြင်ကြီးတစ်ခုလိုပါဘဲ။ လှိုင်းတွေ မရှိဘူး၊ ညီညာပြန့်ပြုးလွန်းတော့ မောင်းနေရင်း ပျင်းစရာတောင်ကောင်းလာတယ်။ တစ်လမ်းလုံးမှာလဲ ရာနဲ့ချီတဲ့ ကားတွေက တရက်စပ်သွားလာနေတာ မျက်စိတစ်ဆုံးမြင်နေရတယ်။ ဒါက လမ်းပန်းဆက်သွယ်ရေး ကောင်မွန်မှု့ရဲ့သက်သေ တွေ ဘဲလို့ထင်ပါတယ်။
ပူထရာဂျာရာကို လှမ်းမြင်နေရပါပြီ။ ပူထရာဂျာရာက မလေးရှားအစိုးရရုံးစိုက်ရာ အုပ်ချုပ်ရေးမြို့တစ်ခုပါ။ ကွာလာလန်ပူက နေ သိပ်မဝေးတဲ့နေရာမှာရှိနေပြီး တစ်လမ်းလုံးမှာ အိမ်ယာစီမံကိန်းတွေပြည့်နေတာကြောင့် တဆက်တည်းလိုဖြစ်နေ ပါတယ်။ လွတ်နေတဲ့နေရာတိုင်းမှာတော့ ဆီအုန်းစိုက်ခင်းတွေကသာ စိမ်းစိမ်းစိုစိုနဲ့နေရာအများဆုံးယူထားပါတယ်။ ပူထရာ ဂျာရာရဲ့အဓိက လမ်းမကြီးတစ်ခုကနေပြီး ၀န်ကြီးချုပ်ရုံးရှိရာ ကျွန်းဘက်ကို ကြိုးတံတားကြီးတစ်စီးပေါ်က ဖြတ်သန်းကြပါတယ်။ အဲဒီထိပ်မှာ နောက်ကျနေတဲ့ကားတွေကို ခဏစောင့်ပြီး ကျွန်တော်တို့ ကားတန်းကြီးက ၀န်ကြီးချုပ် ရုံးရှေ့တည့်တည့်မှာ အစဉ်လိုက်ရပ်လိုက်ကြပါတယ်။ ၀န်ကြီးချုပ်ရုံးနဲ့အိမ်တော်က တဆက်တည်းဖြစ်ပြီး ခန့်ညားတဲ့ အဆောက်အအုံကြီးက ကုန်းမြင့်ကြီးပေါ်မှာ တည်ရှိနေပါတယ်။ တခြားသော ရုံးအဆောက်အဦးတွေက မြို့အနံ့မှာ သူ့ဟာသူရှိနေပြီး ရုံးဌာနကြီးတွေက မလှမ်းမကမ်းမှာ ရှိနေကြသလို ဟိုတယ်တွေကလည်းအစီအရီနဲ့ပါ။ ကျွန်တော်တို့ နေပြည်တော်နဲ့အလားသဏ္ဍန်တူပေမယ့် သူကပိုပြီးစောစောတည်ထားတာဖြစ်သလို စနစ်လည်းပိုကျပါတယ်။ ဒါက ကျွန်တော်ပူထရာဂျာရာကို တတိယအကြိမ်ရောက်ဖူးခြင်းဖြစ်ပြီး ထူးခြားတဲ့အပြောင်းအလည်းတွေကို သိပ် မတွေ့ရပါဘူး။
အဖွဲ့ကိုဦးဆောင်တဲ့ မစ္စတာဂုရု ကအားလုံးကို တစုတဝေးတည်းဖိတ်ခေါ်ပြီးနောက်မှာ ကစားပွဲတစ်ခုကို စတင်လိုက်ပါ တော့တယ်။ ဒါကတောာ့ ကျွန်တော်တို့လက်ထဲမှာရှိနေတဲ့ ပုံတွေထဲက ဘယ်ပုံတွေက ဘယ်နေရာမှာရှိနေတယ်ဆိုတာ ကို လိုက်လံရှာဖွေရမှာပါ။ ဒီအမှတ်တွေရမှ ကျွန်တော်တို့ဆက်မယ့်ပြိုင်ပွဲတွေအတွက် အလားအလာကောင်းမှာပါ။

ဂုရုကြီးရဲ့အမှာစကား

နေကိုမမြင်ရပေမယ့် နေ့လည်ခင်းနေရှိန်နေတာကြောင့် တကယ့်ကို ပူလှောင်အိုက်စပ်နေသလိုခံစားရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက ပေးထားတဲ့ အချိန် ၄၅ မိနစ်အတွင်း အဖြေတွေကို ရှာဖွေရမှာပါ။ အချိန်ပြည့်လုသည်အထိ ကျွန်တော်တို့ကြိုးစားပန်းစားရှာဖွေပေမယ့် ၁၂ ခုမှာ ၈ ခုလောက်ဘဲတွေ့ပါသေးတယ်။ နောက်ဆုံးကိုယ့်မြန်မာ အဖွဲ့ဆီ အကူအညီလှမ်းတောင်းကြပြီး ကစားပွဲကိုအဆုံးသတ်လိုက်ပါတယ်။ နေ့လည်စာကိုတော့ ကားပေါ်မှာဘဲ စားဖို့ စီစဉ်ပေး ထားပေမယ့် မောပန်းနေတာကြောင့် မစားဖြစ်ခဲ့ပါဘူး။

ရှာစဉ်ဖွေစဉ်

ပူထရာဂျာရာက အထွက်မှာ မလေးရှားရဲ့တရားရေးအဆောက်အအုံကြီးရှေ့ခဏရပ်ပြီး အပေါ့အပါးသွားဖို့နဲ့ အမှတ်တရ ဓါတ်ပုံရိုက်ဖို့ ၁၅ မိနစ်အချိန်ပေးပါတယ်။ အဆောက်အအုံကြီးက တကယ့်ကို ကြီးမားပြီး အစ္စလာမ်ဘာသာရေး အငွေ့ အသက်တွေကို မလေးရှားယဉ်ကျေးမှုတွေနဲ့ပေါင်းစပ် ဖွဲ့တည်ထားတဲ့ လှပတဲ့အဆောက်အဦးကြီးဖြစ်ပါတယ်။

အမှတ်တရ စုပေါင်း

တရားရေးအဆောက်အဦးရှေ့က မြန်မာအဖွဲ့

ကျွန်တော်တို့ Port Dickson ကိုဆက်လက်ထွက်ခွာလာခဲ့ကြပါတယ်။ အဝေးပြေးလမ်းခုလပ်မှာ ရှိတဲ့ ဆိုင်တန်းကြီး တနေရာမှာ ခဏနားကြတာကလွဲလို့ ကျွန်တော်တို့ တလျောက်လုံး ကားမောင်းလာကြတာပါ။ ညနေ ၃ နာရီကျော်ကျော် လောက်မှာ Port Dickson အ၀င်ကိုစတင်ရောက်ရှိခဲ့ပါတယ်။ ပထမဆုံးကတော့ အဲဒီမြို့က စစ်တပ်ဝင်းဘက်ကို လှည့် သွားကြပြီး စစ်တပ်ပြတိုက်တစ်ခုမှာ လေ့လာဖို့ရှိပါတယ်။ စစ်တပ်ဝင်းထဲက ပြတိုက်အဆောက်အဦးက သုံးထပ်ဖြစ်ပြီး အ၀င်ကနေ ပတ်ပတ်လည်အထိ လေယဉ်ပျံ၊ မီးရထားကစလို့ အမြောက်လက်နက်အဆုံး ပြသထားရှိတဲ့ ပြတိုက် တစ်ခု ဖြစ်ပါတယ်။ နေပြည်တော် စစ်သမိုင်းပြတိုက်နဲ့ယှဉ်ရင်တော့ တော်တော်လေးသေးပါတယ်။ ပြတိုက်ကတာဝန်ရှိတဲ့ သူက ကျွန်တော်တို့အားလုံးကို နှုတ်ခွန်းဆက်ပြီးနောက်မှာ ကွန်မန်ဒိုတစ်ယောက်လို ချယ်သဖို့ဆေးတွေပေးပါတယ်။ ဒီဆေး တွေကို မျက်နှာပေါ်မှာချယ်သပြီးနောက် ကျွန်တော်တို့ ရှာဖွေရမယ့် စာရင်စာရွက်အတိုင်း ပြတိုက်ရဲ့ဘယ်နေရာမှာ ရှိနေ တယ်ဆိုတာကို ဆက်လက်ရှာဖွေပေးရတော့မှာပါ။ ဆေးတွေက ပူလောင်တဲ့ ရာသီမို့ချွေးတွေနဲ့ရောပြီး အနေရခက်ပါ တယ်။ နောက်ဆုံးတော့ မျက်နှာပြန်သစ်လိုက်ရပြီး ရှာစရာတွေကို ဆက်ရှာရပါတယ်။ လှိုင်ခေါင်းတွေထဲလည်းဝင်ရ၊ ပြတိုက်ထဲလည်းသွားရနဲ့ မောတာကြောင့် သိချင်တာတွေကို အင်တာနက်ကနေတဆင့် ရှာကြည့်မိတော့တယ်။ ဒီပြ တိုက်ရဲ့အဓိက အစိတ်အပိုင်းကတော့ မလေးရှားကွန်မြုနစ်တွေ ဘယ်လိုချုပ်ငြိမ်းသွားတယ်ဆိုတာကို ပြသထား တာဖြစ် သလို ဒုတိယကမ္ဘာစစ်ဆိုင်ရာ မှတ်တမ်းတွေလည်းပြသထားတာဖြစ်ပါတယ်။ မေးခွန်းတွေမှာလည်း ဒီအချက်တွေကို ထည့်သွင်းထားပါတယ်။ အတတ်နိုင်ဆုံးဖြေဆိုပြီးနောက် အစောဆုံး အဆုံးသတ်လိုက်ပါတယ်။ တစ်ချို့တွေကတော့ လုံးဝ ကိုဖြေဆိုနိုင်ခြင်းမရှိတာလည်းတွေ့ပါတယ်။

ပြတိုက်ရှေ့က ကွန်မန်ဒိုများ

ပြတိုက်မှာ အမှတ်တရဓါတ်ပုံရိုက်ကြပြီး အဝေးပြေးလမ်းပေါ်ကျွန်တော်တို့ပြန်တတ်ကာ တည်းခိုမယ့် Grand beach resort PD ကို သွားခဲ့ကြပါတယ်။ ဟိုတယ်က ခရီးဦးကြိုပြုပြီးနောက်မှာတော့ ညစာစားပွဲအတွက် ပြန်ဆုံမယ့် အချိန်ကို ပြောပါတယ်။ တကယ်တော့ Port Dickson ဆိုတာ မလေးရှားရဲ့ အားလပ်ရက်အပန်းဖြေစရာ ကမ်းခြေမြို့တစ်ခုဖြစ်ပါ တယ်။ ကွာလာလန်ပူကနေ နာရီပိုင်းနဲ့ရောက်တာကြောင့် ပိတ်ရက်တွေမှာ စည်းကားတဲ့ မြို့တစ်ခုဖြစ်ပါတယ်။ ဒီမြို့က ဆိပ်ကမ်းမြို့တစ်ခုဖြစ်ခဲ့ပြီး ၁၈ ရာစုက ကျောက်မီးသွေးတွင်းတွေက ထွက်တဲ့ ကျောက်မီးသွေးတွေကို ပင်လယ်ကူး သင်္ဘောတွေပေါ် တင်ဆောင်တဲ့နေရာဖြစ်တာကြောင့် မလေးလိုတော့ ကျောက်မီးသွေးဆိပ်ကမ်းလို့ အဓိပါယ်ရတဲ့ စကားတစ်ခုနဲ့ခေါ်ပါတယ်။ ဗြိတိသျှတွေ ရောက်လာပြီးနောက်မှာတော့ မြို့ကိုအုပ်ချုပ်တဲ့ မစ္စတာဒစ်ဆင် ရဲ့ အမည် ကိုအစွဲပြုပြီး Port Dickson လို့ပြောင်းလည်းခေါ်ဝေါ်တာဖြစ်ပါတယ်။
ခရီးရောက်မဆိုက် ညောင်းညာနေတာကြောင့် ကမ်းခြေမှရေဆင်းကူးဖို့ကြံပေမယ့် မီးခိုးတွေဝေနေတာကြောင့် ဘာမှ မမြင် ရဘဲကမ်းခြေက ခြောက်ခြားစရာကောင်းအောင် တိပ်ဆိပ်နေပါတယ်။ ရေလှိုင်းတွေက အရမ်းငြိမ်နေသလို မလက္ကာရေလက်ကြားတစ်ခုလုံးက မီးခိုးတွေ ပြည့်နှက်နေပြီး ၀ိညာဉ်ကားထဲက မြင်ကွင်းနဲ့ပိုတူနေပါတယ်။ ဒါနဲ့ ဟိုတယ်က ရေကူးကန်မှာဆင်းကူးပြီးနောက် ညစာစားပွဲကို ဆက်ခဲ့ပါတော့တယ်။
ရေကူးကန်ဘေးမှာတည်ခင်းတဲ့ ညစာက တကယ်ဘဲ စုံလင်လှပါတယ်။ မလေးရှားရဲ့အကောင်းဆုံး ဖြစ်တဲ့ အကင် တွေ အပြင် ဒေသရိုးရာအစားအစာတွေကြောင့် ဘာစားရမှန်းမသိဖြစ်သွားခဲ့တယ်။ ပြိုင်ပွဲဝင်နိုင်ငံတွေက ပျော်စရာကောင်း တဲ့ တင်ဆက်မှုတွေနဲ့အတူ ဂိမ်းတွေ ကံစမ်းမဲတွေဖောက်၊ ကကြခုန်ကြသီချင်းဆိုကြနဲ့ Port Dickson ညချမ်းက ပျော်ရွှင် စွာပြီးဆုံးခဲ့ပါတယ်။
ထူးခြားတာကတော့ ကျွန်တော်တို့အမြင်မှာ မလေးရှားပါတိတ်ဟာ အမျိုးသမီးတွေဝတ်တယ်လို့မြင်ထားတာပါ။ ဒါကို ကျွန်တော်တို့လို အမျိုးသားတွေက ဆင်မြန်းတယ်ဆို ဘယ်လိုပုံထွက်လာမလဲ သိချင်မှာပေါ့။ တကယ်ပါ အဲဒီညက ဟိုတယ်က လက်ဆောင်ပေးတဲ့ ရိုးရာအဆင်နဲ့ပါတိတ်တွေကို ကျွန်တော်တို့မြန်မာအဖွဲ့အပြင် အာဆီယံနိုင်ငံတွေ အကုန်လုံးက အမှတ်တရာအနေနဲ့ဝတ်ဆင်ခဲ့ကြပါတယ်။ ဒါကလည်းတမျိုးထူးခြားတယ်ဆိုရမှာပါ။ အပေါ်က စပို့ရှပ် အောက်က ပုဆိုးနေရာမှာ ပါတိတ်ကြီးနဲ့ ဘယ်လောက် ကြည့်ကောင်းမလဲ J

0 comments: