စီထရာဝါနာနှင့်ပရိုတွန်ကား
ASEAN media blogger hunt 2015 ရဲ့ခရီးစဉ်မှာ ထူးခြားတာက ကွာလာလန်ပူကနေ မလက္ကာအထိ ကားမောင်းသွား ကြရမယ့် အတွေ့အကြုံသစ်တစ်ခုပါဝင်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့မောင်းနှင်မယ့်ကားတွေကို ကြည့်ရတော့မှာပါ။ မနက်ပိုင်းမှာတော့ Malaysia Mega Fun အစီအစဉ်ထဲမှာပါဝင်တဲ့ ခရီးသွားလာရေးဆိုင်ရာ ဆီမင်နာတစ်ခုကို တက် ရောက်ရမှာဖြစ်ပါတယ်။ တည်းခိုတဲ့နေရာကနေ သိပ်မဝေးတဲ့ နေရာတစ်ခုမှာ စီမင်နာကို ကျင်းပ ပါတယ်။ ဒီပွဲကို ကျွန်တော်တို့ အစီအစဉ်က သူတွေအပြင် တခြားသော ၁၈ နိုင်ငံက ကိုယ်စားလှယ် ၁၈၅ ယောက်လည်း တက် ရောက် ကြပါတယ်။ ဘလောက်ဂါတွေ အပြင် သက်ဆိုင်ရာနိုင်ငံတွေက မီဒီယာသမားတွေ၊ ခရီးသွားအေဂျင်စီတွေ ပါဝင်ပြီး မြန်မာခရီးသွားအေဂျင်စီတွေလည်းပါဝင်ပါတယ်။


စီမင်နာမှာ အဓိက အားဖြင့် မလေးရှားနိုင်ငံရဲ့ခရီးသွားလာရေး ဆိုင်ရာအချက်အလက်တွေကို တင်ပြခဲ့ ပြီး စိတ်ဝင်စားဖို့ကောင်းတာက သူတို့ရဲ့ ခရီးသွားမှုကွန်ယက်ကို တိုးတက်စေ ဖို့အတွက် မျှော်မှန်းထားတဲ့အနေအထားတွေအပြင် ဆွဲဆောင်မှုအတွက် အသီးသီးသောခေါင်းစဉ်တွေ နဲ့ပစ်မှတ်တွေ ရှိပါ တယ်။ ဒီအထဲမှာ ပညာရေးကဏ္ဍ နဲ့ နည်းပညာကဏ္ဍ တွေအတွက် စီးပွားရေးလာရောက်လုပ်ကိုင်လိုသူတွေ၊ ပညာဆည်း ပူးလိုသူတွေ အထိ သူတို့က ပစ်မှတ်ထားပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ EuroStar မီးရထားတွေလို အာဆီယံအနှံ့ခရီးသွားလာနိုင်ဖို့ စီစဉ်ထားရှိမှုတွေ အတွက် တင်ပြသွားပါတယ်။
လတ်တလောမှာ ဗီယက်နမ်နဲ့ ထိုင်းကို သွားနိုင်ဖို့ စီစဉ်နေတယ်လို့လည်းပြောပါတယ်။ ဒီကနေ့ညမှာတော့ စီထရာဝါနာ လို့ခေါ်တဲ့ ခရီးသွားနှစ်အထိမ်းအမှတ် ဖွင့်ပွဲကို မာဒေးကားရင်ပြင်မှာ ကျင်းပမှာဖြစ်လို့ တက်ရောက်ရမယ့်အကြောင်းနဲ့အစီအစဉ်တွေကို မိတ်ဆက်ပေးပါတယ်။
ဒီလိုအသေးစိတ်အစီအစဉ်တွေနဲ့နှစ်လိုဖွယ်ကောင်းတဲ့ အစီအစဉ်သစ်တွေက ခရီးသွားတွေကိုဆွဲဆောင်ထားနိုင်နေတာ ကြောင့် အာရှမှာခရီးသွားလို့အကောင်းဆုံးနိုင်ငံအဖြစ် ဒီနှစ် အတွက် မလေးရှားကိုရွေးချယ်ခဲ့တယ်ဆိုတာ သံသယ ရှိစရာ မဟုတ်တော့ပါဘူး။

နေ့လည်ပိုင်းမှာတော့ ကျွန်တော်တို့ကိုယ်စားလှယ်တွေကို ဂုဏ်ပြုလက်မှတ်များချီးမြင့်ပေးခဲ့ပြီး ရိုးရာပါတိတ် ဆေးချယ် မှု တွေနဲ့အလှဆင်ယဉ်မှုတွေကို လက်တွေ့သရုပ်ပြကြပါတယ်။ နေ့လည်စာစားပွဲမှာတော့ ကျွန်တော့်ကို မြန်မာကိုယ်စား VIP အနေနဲ့တက်ရောက်ပေးဖို့ဖိတ်ကြားခဲ့ပါတယ်။ တကယ်တော့ VIP ၀ိုင်းက ပျင်းဖို့ကောင်းပေမယ့် တခြားသော ကိုယ်စားလှယ်တွေနဲ့အဆက်အသွယ်ဖလှယ်နိုင်ခဲ့ပြီး ရင်းနှီးမှုရရှိခဲ့စေပါတယ်။


ပြီးတဲ့အခါ မှာ မလေးရှားဟိုတယ်နှင့်ခရီးသွားစင်တာကို သွားရောက်ပြီး နောက်တစ်နေ့ခရီးစဉ်တွေအတွက် လမ်းကြောင်း ဆိုင်ရာ လမ်ညွှန်အချက်အလက်တွေနဲ့ ယဉ်တန်းထွက်ခွာမယ့်ပုံစံတွေကို သိရဖိုကအတွက် workshop တစ်ခုကို တက်ရောက်ပါတယ်။ ဒီမှာကျွန်တော်တို့အတွက် အစိမ်းသက်သက်ဖြစ်တဲ့ အခေါ်အဝေါ်နဲ့အမှတ်အသားတွေကို စမြင်ရ ပါတော့တယ်။ ကျူးလစ်ပန်းလို့ခေါ်တဲ့ အခေါ်အဝေါ်က ဒီမှာတော့ လမ်းညွှန်အမှတ်အသားတွေကို ကိုယ်စားပြုပါတယ်။ မလေးရှားက Formula one လိုကားမောင်းပြိုင်ပွဲတွေလက်ခံကျင်းပနေတဲ့ နိုင်ငံဖြစ်တာကြောင့် နိုင်ငံတကာအသုံး အနှုန်း တွေနဲ့ထိတွေ့ခွင့်ရခဲ့ရတာ တကယ့်အတွေ့အကြုံကောင်းပါဘဲ။ ဒါပေမယ့် ဒီအရာတွေက အလွယ်တစ်ကူနားလည် သုံးစွဲ ဖို့အတွက်တော့ အခက်အခဲဖြစ်ရပါတယ်။ တစ်နိုင်ငံကို ၄ ယောက်ရှိရာမှာ တစ်ဖွဲ့ကို လူ ၂ ယောက်စီနဲ့ အဖွဲ့တွေ ခွဲထုတ် ပါတယ်။ ပြီးတဲ့အခါ တစ်ဖွဲ့ကို ကားတစ်စီးနှုန်းနဲ့ ကျွန်တော်တို့သတ်မှတ်ကြပြီး ပြိုင်ပွဲတွေအတွက် စတင်ပြီ အဆင်သင့် ဖြစ်စေပါတယ်။ ကျွန်တော်တို့စီးနင်းမောင်းနှင်မယ့်ကားတွေကို မလေးရှားရဲ့ ဂုဏ်ယူဖွယ်ထုတ်ကုန်တစ်ခုဖြစ်တဲ့ Proton car လုပ်ငန်းက ပံ့ပိုးပေးတာဖြစ်ပါတယ်။ အမျိုးအစား နှစ်မျိုးရှိတဲ့ ကားပေါင်း ၂၅ စီးကို ထောက်ပံ့ပေးခဲ့ပြီး ဒီအမျိုးအစား တွေက မိသားစုစီး SUV and sport type car တွေဖြစ်သလို အင်ဂျင်ပါဝါ ၁.၆ နဲ့ ၁.၃ အသီးသီးရှိပါတယ်။ ကျွန်တော်တို့ကတော့ sport type အမျိုးအစားကားငယ်တစ်ခုကိုရွေးချယ်ခဲ့ပြီး မြန်မာနိုင်ငံအလံနဲ့ ပြိုင်ပွဲ လိုဂို တွေကို ကပ်ကြပါတယ်။ စမ်းသပ်မောင်းနှင်ကြပြီးနောက်မှာတော့ ကျွန်တော်တို့ညနေပိုင်းအစီအစဉ်စတင်နိုင်ဖို့ ပြန်စုစည်း ခဲ့ကြပါတယ်။

ညပိုင်းမှာတော့ မလေးရှားနိုင်ငံရဲ့လွတ်လပ်ရေးကြေငြာစာတမ်းဖတ်ရာ မာဒေးကားကွင်းအနီးက မာဒေးကားရင်ပြင်မှာ စီထရာဝါနာဖွင့်ပွဲကို တက်ရောက်ပါတယ်။ ဖွင့်ပွဲကို မလေးရှားယဉ်ကျေးမှုနှင့်ခရီသွားလာရေး ၀န်ကြီးဌာန ၀န်ကြီး ဒါဆိုဆရီ မိုဟာမတ်နာဇီဘင် အဒူအဇစ် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဒီပွဲက မလေးရှားရဲ့နာမည်ကျော်အနုပညာရှင်တွေ တက်ရောက်တင်ဆက် ကြပြီး ဒီနှစ်နဲ့ဆို ၁၇ ကြိမ်ရှိပြီ ဖြစ်ပါတယ်။ ပြပွဲရဲ့တင်ဆက်ပုံတွေက အနုပညာနဲ့နည်းပညာတွေကို အကောင်းဆုံး ပေါင်းစပ်တင်ဆက်သွားပြီး ကွာလာလမ်ပူရဲ့သမိုင်းကြောင်းကို ပြဇာတ်အဖြစ်လည်းကောင်း။ အနာဂါတ်နည်းပညာ ကဏ္ဍ တင်ဆက်မှုတွေ၊ ခရီးသွားအထိမ်းအမှတ်သီချင်း၊ ဖက်ရှင်ရှိုးစတာတွေကို မြှုးကြွစွာနဲ့ပေါင်းစပ်တင်ဆက်သွားပြီး လူမျိုးစုံ နဲ့ချစ်ကြည်ရင်းနှီးစွာ နေထိုင်တဲ့ အသိုက်အ၀န်းတစ်ခုက တိုးတက်မှုကို ဘယ်လိုဖော်ဆောင်လာခဲ့ကြတယ်ဆိုတာကို သိနားလည်စေခဲ့ပါတယ်။ အခန်းအနားပြီးဆုံးချိန်မှာတော့ မီးရှုးမီးပန်းတွေပစ်ဖောက်ခဲ့ပြီး လှပတဲ့ညချမ်းဟာ ပြီးဆုံးခဲ့ ပါတယ်။

နေက်တစ်နေ့စိန်ခေါ်မှုတွေအတွေ့အကြုံသစ်တွေကတော့ စတင်ခဲ့ပါပြီ။
0 comments:
Post a Comment