မောင်ဂေါက်၊ ဂျက်မားနဲ့မီလီယံဒေါ်လာ



ဘယ်လိုပြောရမလဲ အလီဘာဘာနဲ့ကိုယ်နဲ့ပတ်သက်မှုလို့ပြောရမှာလား၊ မြန်မာပြည်ကဇာတ်လမ်းရိုးရိုးလေးတစ်ပုဒ်လို့ ပြောရမလား မသိတော့ဘူး။
၂၀၀၈ ခုနှစ်လောက်ကထင်ပါတယ်။ မြန်မာပြည်က သဲတွေကို နိုင်ငံခြားတိုင်းပြည်တွေက၀ယ်ဖို့စိတ်ဝင်စားတဲ့အချိန်၊ အထူးသဖြင့် စင်္ကာပူကပေါ့။ အလီဘာဘာကိုမွှေနှောက်ရင်း အဲဒီသဲအော်ဒါတွေကို ကိုယ်ရခဲ့တယ်။ တကယ့်ဇာတ်လမ်း စတာကတော့ ပရီးမီးယားကော်ဖီ ကိုမထုတ်လုပ်ခင်မှာ အဲဒီကအ၀ယ်တော်တစ်ယောက်က သကြားနဲ့နို့မှုန့်ကုန်ကြမ်း တွေကို မြန်မာပြည်ထဲသွင်းချင်တာကြောင့် ကိုယ့်ကို အကူအညီတောင်းလာခဲ့တယ်။ ဒါနဲ့အင်တာနက်ကို သုံးပြီး သူလို ချင်တဲ့ ကုန်ကြမ်းတွေကို ရှာဖွေကြတော့တာဘဲ။ မထိုက်နဲ့ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီး အဲဒီအလုပ်လေးကို လက်ခံ ဆောင်ရွက်ပေးခဲ့တာ။ အလီဘာဘာ ဆိုဒ်ထဲမှာ ဒီလိုကုန်ကြမ်းတွေကို တင်ပို့နိုင်တဲ့သူတွေ အများအပြားတွေ့ခဲ့ပြီး live chart ထဲကနေ business manager တွေနဲ့စကားပြော၊ စာရွက်စာတမ်းတွေပို့နဲ့ အလုပ်ဖြစ်သွားတယ်ဆိုပါတော့။ ဒီဆိုဒ်က တကယ့်ကို B2B ချိတ်ဆက်ပေးနိုင်တာတွေ့တဲ့အတွက် တော်တော်လေး သဘောကျမိသွားတယ်။ ကိုယ်တွေက payment အဆင်မပြေတော့ Premier member အဖြစ်ဝင်မထားခဲ့တာတောင် အလုပ်ဖြစ်သွားခဲ့တယ်။ အဲဒီတော့ နို့မှုန့် နဲ့သကြားကိစ္စ ရန်ကုန်အရောက်ပို့ဆောင်ပေးမယ့် ကိစ္စအဆင်ပြေချောမွေ့သွားတဲ့အတွက် ၀န်ဆောင်ခ မြန်မာငွေ ၅ သောင်းလားမမှတ်မိတော့ပါဘူး အဲဒါ ရလိုက်တယ်။


ဒီလိုဒီလို အလီဘာဘာကို တစ်နေ့တစ်နေ့မွှေနေရင်း မြန်မာ့ဆက်သွယ်ရေးက ၀ယ်ယူတဲ့ပစ္စည်းတွေကို ဘယ်ကုမ္ပဏီ တွေကသွင်းတယ်။ ဘယ်လိုအရည်အသွေးတွေမှာယူတယ်စတာတွေတောင် တွေ့ခဲ့ရတယ်။ အဲဒီမှာ သဲအော်ဒါနဲ့ပတ် သက်ပြီးတွေ့တော့ စိတ်ဝင်စားမိတယ်။ သတင်းတွေမှာလဲ စင်္ကာပူကနေပြီး မြန်မာပြည်ကသဲဝယ်ယူဖို့ကမ်းလှမ်းမှုတွေ ရှိလာတဲ့ ဒါနဲ့ဘဲ စင်္ကာပူကုမ္ပဏီတွေကိုချိတ်ဆက်ပြီး သဲအော်ဒါကို ပို့ဆောင်ပေးဖို့စုံစမ်းခဲ့မိတယ်။ အဲဒီမှာတင် အမေရိကန်နဲ့အခြားနိုင်ငံအချို့က သဲအော်ဒါတွေပါ တပါတည်းဝင်လာခဲ့တယ်။ ပြသနာက သဲနမူနာတွေကို သူတို့ဆီကို ပို့ဆောင်ပေးဖို့ဘဲ။ နောက်တစ်ချက်က ဒီသဲတွေကို ဘယ်ကနေရယူရမလဲဆိုတာ။ ကိုယ်က အတွေ့အကြုံလဲမရှိ ငွေလဲ မရှိဆိုတော့ တော်တော်လေး အကြပ်ရိုက်နေတာပေါ့။ သဲနမူနာတွေကို ဓါတ်ခွဲဖို့အတွက် နိုင်ငံခြားကို လှမ်းပို့ဖို့အဆင် မပြေတော့ ယိုးဒယားလောက်မှာဓါတ်ခွဲခန်းတင်ဖို့ဆောင်ရွက်ရတယ်။ ရလာတဲ့အဖြေတွေကို ပြန်ပို့မှ သူတို့က သဲရဲ့ အမျိုးအစားနဲ့အရည်အသွေးကိုသိမှာပါ။ ဒီအတွက်တော်တော်လေးအလုပ်များခဲ့ပါတယ်။
ကိုယ်ရရှိတဲ့သဲအော်ဒါက မတ်ထရစ်တန် သိန်းချီပါတယ်။ စင်္ကာပူတစ်ခုထဲတင် တစ်လကိုမတ်ထရစ်တန် ၂ သိန်းကျော် လောက်ယူဖို့ရှိပါတယ်။ ကိုယ့်အတွက်အကျိုးအမြတ်က မတ်ထရစ်တစ်တန်မှာ ၁.၅ ဒေါ်လာရမှာဖြစ်ပါတယ်။ အော်ဒါတွေ အကုန်လုံးကိုသာ ဖြည့်တင်းပေးနိုင်ရင် ကိုယ့်အတွက် တစ်လကို ၀င်ငွေ အမေရိကန်ဒေါ်လာ ၄ သိန်းလောက်အသားတင်ရနေမှာပါ။ ဒါနဲ့တွေးရင်းတွေးရင်း ပီတိတွေဖြစ်နေတာပေါ့။
အဲဒီထဲမှာ မြစ်သဲ၊ ပင်လယ်သဲ စသဖြင့် အမျိုးအစားတွေထဲက စင်္ကာပူက နှုန်းပါတဲ့သဲ၊ မြစ်သဲ တွေကို လိုချင်တာရှိပါတယ်။ ဒီတော့ ရန်ကုန်တစ်မြို့လုံးက သဲဒိုင်တွေနဲ့ချိတ်ရတော့တာဘဲ။ ဟိုစုံစမ်းဒီစုံစမ်းနဲ့ကိုယ့် ဘက်မှာ သဲ Supplier တွေရလာခဲ့တယ်။ ငွေလုံးငွေရင်းစိုက်ထုတ်ဖို့လဲ အကူအညီရှာရဖွေရနဲ့ ဒီကနေ့နာမည်ကြီး နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ချို့က ကိုယ့်နောက်မှာ စိုက်ထုတ်ဖို့အဆင်သင့်ဖြစ်လာပြန်တယ်။ သဲတွေကိုပို့ရာမှာလဲ bag carry လိုချင်တာတွေ၊ သင်္ဘောလိုက်လိုချင်တာတွေအတွက် ကိုယ်မသိတဲ့ လုပ်ထုံးလုပ်နည်းတွေ နည်းပညာတွေ သင်္ဘောအကြောင်းတွေ အကုန်အကုန် လေ့လာမေးမြန်းနဲ့တော်တော်လေးကို ကြိုးစားပမ်းစားအားထုတ်ခဲ့ရတယ်။
ဇာတာကတက်လာတာပေါ့လေ။ ဂျက်မားရဲ့အလီဘာဘာကိုစိတ်ဝင်စားကတည်းက သူ့အကြောင်းကိုလေ့လာခဲ့မိတာ၊ သူလိုစွန့်ဦးတီထွင်တွေအောင်မြင်ခဲ့သလိုကိုယ့်ရဲ့စိတ်ကူးတွေလဲအောင်မြင်လိမ့်မယ်လို့ယုံကြည်စရာဖြစ်လာခဲ့တယ်။ ကိုယ်ဒီလိုတွေ လုပ်ဆောင်နေတာကို မီဒီယာနယ်ပယ်က တချို့သိလေတော့ အင်တာဗျုးတွေ သတင်းဖော်ပြချက်တွေ နဲ့ ကိုယ့်အကြောင်းကို ဖော်ပြပေးလာကြတယ်။ Voice တို့ Myanmar times တို့ ပြည်မြန်မာတို့က ကိုယ့်ဘက်ကနေ သတင်းဖော်ပြရာမှာ ထိပ်ဆုံးဘဲ။ နောက်ဆုံးပြသနာက ဒါက သတ္တုတွင်းဝန်ကြီးဌာနရဲ့ခွင့်ပြုချက်လဲ လိုသေး တာမို့ ကိုယ့်မှာ တို့လို့တန်းလန်းနဲ့ ဘာဆက်လုပ်ရမလဲမသိဖြစ်ခဲ့ရတယ်။ ဒီပြသနာကိုဖြေရှင်းဖို့အတွက် ကိုယ့်မှာ ငွေအား လူအားဘာမှမရှိ။ ကိုယ်လိုဘဲ တစ်ဦးခြင်းသဲပို့ဖို့ကြိုးစားတဲ့သူဆိုတာ အဲဒီတုန်းကလက်ချိုးရေလို့ရတယ်။ ဘာဘဲ ဖြစ်ဖြစ် ကိုယ်က ထိပ်ဆုံးမှာရှိနေသေးတယ်။
အလီဘာဘာထဲက business manager တစ်ယောက်ဆို မထိုက်ရဲ့ ပြောစကားလေးတွေကိုသဘောကျပြီး ရန်ကုန်လာ မယ် တကဲကဲ လုပ်နေလို့တားယူရသေးတယ်။ ကိုယ်တွေနဲ့နိုင်ငံခြားအော်ဒါတွေနဲ့က ပလဲနပ သင့်ပြီး အဆင်ပြေနေပြီ။ အဆင်မပြေသေးတာက တကယ်လို့ပို့တော့မယ်ဆိုလိုအပ်နေတဲ့စာရွက်စာတမ်းနဲ့ခွင့်ပြုချက်တွေ ကိုမရသေးဘူး ဖြစ်နေတာ။ ဒါနဲဘဲ မီဒီယာထဲကနေ တိုက်ပွဲဆင်နွှဲခဲ့တယ်။ တစ်လလောက်ကြာတော့ သဲကိုတင်ပို့ဖို့ခွင့်ပြုချက်ကို ကျွန်တော်တို့မရဘူးဆိုတာသိလိုက်ရတယ်။ ဘယ်သူတွေပို့ခွင့်ရသွားလဲဆိုတော့ သိကြတဲ့အတိုင်းပါဘဲ။
သဲထဲရေသွန်ဆိုသလို ကိုယ့်ရှိစုမဲ့စုလေးတွေက ၄ လလောက်သဲကိစ္စလုံးပန်းလိုက်တာနဲ့ပြောင်သွားတယ်။ တကယ်တမ်း ခွင့်ပြုချက်ကို ကျွန်တော်တို့ယှဉ်ပြိုင်ခွင့်မရှိဘဲ ဆုံးရှုံးသွားခဲ့တယ်။ ဂျက်မားက ဘယ်လိုဘဲအဆင်ပြေအောင်လုပ်ပေးလုပ် ပေးကိုယ့်အတွက် ဒေါ်လာသန်းချီတဲ့အခွင့်အရေးကတော့ ယှဉ်ပြိုင်ခွင့်မရှိတဲ့ နေရာမှာဆုံးရှုံးခဲ့ရတယ်။
ဘာဘဲဖြစ်ဖြစ် အခွင့်အရေးနဲ့အခွင့်အလမ်းတွေကို အင်တာနက်ကနေတဆင့်ဖန်တီးရယူနိုင်တယ်ဆိုတဲ့ စိတ်ကူးကောင်း ကောင်းတော့ရရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ e-commence တွေခေတ်စားစေချင်တယ်။ တကယ်ယှဉ်ပြိုင်လို့ရ တဲ့ အတွေ့အကြုံကောင်းတွေ အခွင့်အလမ်းတွေဖန်တီးပေးစေချင်တယ်။ ဒါကြောင့် ၂၀၀၉ ခုနှစ်မှာ မြန်မာ second hand ဈေးကွက်အတွက် www.mm2hand.com နဲ့၂၀၁၀ မှာ www.jbiznaz.com တို့ကိုဖန်တီးခဲ့တယ်။ အဲဒီအချိန်တုန်းက အခြေအနေအရ ဘယ်လိုမှ မအောင်မြင်နိုင်ခဲ့ဘူး။ 2012 မှာ www.discountcorner.com ကို ပြန်ဖန်တီးပေမယ့် နောက်က ထပ်မလိုက်နိုင်လို့တို့လို့တန်းလန်းနဲ့ရပ်သွားတယ်။ ဒီကြားထဲမှာဘဲ နိုင်ငံရပ်ခြားကနေပြီး မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့အတွက် လေ့လာလိုတဲ့လုပ်ငန်းတွေ အတွက် အသုံတည့်မယ့် virtual office service တွေအတွက် လည်းကြိုးစားခဲ့ပါသေးတယ်။ ၂၀၀၉ ကတည်းက မြန်မာပြည်မှာလည်း B2B website ရှိသင့်တယ်ထင်လို့ survey တွေ ကောက်ကြည့်တယ်။ အချက်အလက်တွေအရ အင်တာနက်သုံးစွဲမှုနိမ့်တာရယ်။ စီးပွားရေးသိပ်မဖွံ့ဖြိုးတာ၊ လုပ်ထုံးလုပ်နည်းတွေ ရှုပ်ထွေးတာရယ်က အောင်မြင်ဖိုကအတားအဆည်းဖြစ်ခဲ့တယ်။ အခုတော့နဲနဲမျှော်လင့်လို့ရလာပြီ။
ဘာဘဲဖြစ်ဖြစ် ဂျက်မား လို နောက်ခံစီးပွားရေးအင်အားတောင့်တင်းတဲ့ တိုင်းပြည် မဖြစ်သေးရင်တောင် အတိုင်းအတာတစ်ခုအထိတော့ ကျွန်တော်တို့အောင်မြင်တဲ့ အင်တာနက်အခြေခံ စီးပွားရေးတွေကို ဖန်တီးနိုင်ဖို့အချိန်ကျပြီလို့ထင်ပါတယ်။

0 comments: