ဟုတ်ကဲ့…အားလုံးသိကြတဲ့အတိုင်းပါဘဲ

ကျွန်တော်တို့ ခပ်ငယ်ငယ်က တဲပေါ်ကနေတိုက်ပေါ်တင်မယ်ဆိုတဲ့ စီမံကိန်းတွေနဲ့အတူ ကျူးကျော်တော်တော် များများ တိုက်နဲ့တာနဲ့ အိမ်ယာတွေဖြစ်ကုန်တယ်။ ရေကျော်၊ ကျောက်မြောင်း၊ ကန်တော်လေး တို့က ခေတ်ဦးပိုင်း ကန်ထရိုက်ခေတ်မှာ အပြိုင်းအရိုင်းထလာတဲ့ အလေ့ကျ မြတ်ပင်တွေနဲ့တူတယ်။ ကြာတော့လဲ မွဲခြောက်သွားရှာပြီ ပေါ့။ အထူးသဖြင့် ဖဆပလ ခေတ်ကတည်းက ပြည်သူလူထုတွေအတွက် အိမ်ယာတွေဆောက်လုပ်ခဲ့ကြပေမယ့် စနစ် တွေခေတ်တွေရဲ့ဆိုးမွေက သာတူညီမျှ ရှိနေကြတယ်။ ရေ၊ မီး နဲ့အမှိုက် အဲဒီပြသနာတွေက နိစ္စဓူဝ၊ နောက်တော့ မမြင်မဆင်ရှိလှတဲ့ မုဆိုးမ တယောက်လို ခပ်ငယ်ငယ်မှာဘဲ မီးကျိုးမောင်းပျက် ဖြစ်နေတဲ့ အိမ်ယာတွေ က ရန်ကုန်မှာ မမြင်ချင်မှအဆုံး။

အစက ပြန်ကောက်ရင် ရန်ကင်း၊ မင်းမနိုင်၊ ဖဆပလ တိုက်ခန်းတွေက ကျဉ်းပုံကလဲ လူနေဖို့ဆောက်ထားတာ ဟုတ်မ ဟုတ်ပါလေစလို့ဆိုရလောက်တယ်။ အခုတိုက်ခန်းတွေက မီးခြစ်ဆံဘူး၊ သူတို့ကတော့ စာကလေးအိမ်ပေါ့။ ပြင်ဆင်မှု နဲပါးတဲ့ ဒီတိုက်တန်းလျားတွေက ပေါက်ပြဲနေတဲ့ ရေဆိုး ပိုက် တွေ ရေညှိတွေ အမှိုက်တွေနဲ့ တန်ဆာဆင်ထားတာ အများစုရှိနေခဲ့ကြတယ်။ တချို့တိုက်တန်းတွေကတော့ ညီညီ ညာညာနဲ့ဆေးချယ်သလို့ ဟန်လုပ်ပြုံးနေကြတယ်။ အခွင့်ရှိလားမရှိလားမသိပေမယ့် မြေညီထပ်တွေက နောက်ထပ် တခန်းစာလောက်ကျယ်ပြန့်တဲ့ အခင်းအကာတွေနဲ့အခိုင်အခန့်။ အရှုပ်အရှင်းပြသနာတွေနဲ့ အရောင်းအ၀ယ် အငှား အရမ်း ကိစ္စတွေက ဒီတိုက်တန်းတွေမှာ ဖြစ်ပျက်နေကြကိစ္စတွေလိုရှိခဲ့ကြတယ်။ နှစ်ပေါင်းများစွာ လောကဓံနဲ့ မျက်နှာ ချင်းအပ်လို့ သူ့အတွေ့အကြုံက ရင့်ကျက်လာတဲ့ ရန်ကုန်မြို့က တခေတ်တခါက လူတန်းစားများစွာအတွက် တိုက်နဲ့ ကားနဲ့မျှော်လင့်ချက်အချို့အဖြစ် ကျင်လည်နေတုန်းဘဲ။ အထူးသဖြင့် ယုဇန ဥယျဉ်မြို့တော်လို၊ မအူကုန်း လမ်းကျယ် အောင်မင်္ဂလာမှတ်တိုင်က ပုဇွန်တောင်အမှိုက်ပုံကြီး စုတေတုန်း မွေးဖွားလာတဲ့ တိုက်တန်းတွ၊ ဘာအိမ်ရာ ညာအိမ်ရာနဲ့ ရန်ကုန်မြို့အနှံ့က ၁၀ စုနှစ် ၂ ခုအတွင်း မွေးဖွားလာတဲ့ အိမ်ယာပေါင်းစုံကတော့ ပြုပြင်ထိန်းသိမ်းမှု အားနည်း၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ထိန်းသိမ်းခံရင်း ၁၂ နှစ်သားနဲ့ ကူလီထမ်းခဲ့ရသူလို ငယ်ငယ်ရွယ်ရွယ်နဲ့ အိုမင်း ရင့်ရော် လာတယ်။

ဒီကြားထဲမှာ ရေနံမြေအလုပ်သမားတန်းလျား သာသာ ၁၀ ပေကျော်ကျော်လောက်နဲ့  လူနေမယ့် အဆောက်အဦးမဖြစ်နိုင်တာကို ဖြစ်နိုင်အောင် ဆောက်လုပ်ခွင့်ပေးခဲ့ တဲ့ လူကြီးမင်းများအားလုံးကို အရမ်း အသိ အမှတ် ပြုမိတယ်။

ရေ

ရေဆိုတာ ရန်ကုန်မှာ မီးလာမှရေလာတယ်လို့ဆိုရလောက်အောင် လျှပ်စစ်မီးကို မှီခိုနေရာက ကန်ထရိုက်တာ တွေရဲ့ ကောင်းမှုနဲ့ အ၀ီစိတွင်းတွေတူးပြီးဖြေရှင်းခဲ့ကြလို့ ပြေလည်သယောင်ရှိလာပေမယ့် ရန်ကုန်မြို့ကြီးရဲ့ကြီးထွားလာ တဲ့ ရေလိုအပ်မှုအတွက် လက်ရှိအတိုင်းဖြေရှင်းနေရင် ဘန်ကောက်မြို့လို မြေကြွံကျသွားမှာ စိုးရိမ်စရာကောင်းတယ်။ ရေ ကို လုံလောက်အောင်ဖြန့်ဝေနိုင်မှုမရှိဘဲနဲ့ အတင်းကာရောဆောက်လုပ်ခဲ့ကြတဲ့ အိမ်ယာတွေက ထုတ်လုပ်သုံးစွဲလာ တဲ့ မြေအောက်ရေအပြင် မြို့စွန် ရပ်ကွက်တွေမှာကြီးထွားလာနေတဲ့ တိုက်ခန်းအမြင့်တွေဆောက်လုပ်လာမှုကလဲ ယခုထက် မြေအောက်ရေကို ပိုပြီးသုံးစွဲကြဖို့ အလားအလာ ကောင်းနေပါတယ်။ “ ကျွန်တော့်ရောဂါက ဂျိုးဖြူပိုက်က လာတဲ့ ရေလိုဘဲ တစက်စက်နဲ့ကျနေတာဘကြီးရဲ့၊ ဟေ- ဟုတ်လား၊ ဒါဆိုယုံပါပြီကွာ မင့်ရောဂါတယ်အခြေအနေ ဆိုးနေတာဘဲ” အဲဒီစကားလေးက ဦးဘဂျမ်းခေတ်က သရော်ထားတဲ့ အစိုးရဂျိုးဖြူရေ အလာနဲတဲ့အကြောင်း။ ဦးဘဂျမ်း တော်တယ်ဆိုတာ ဒီတစ်ပုဒ်ထဲနဲ့အသိအမှတ်ပြုရမယ်။ ကာတွန်းတစ်ပုဒ်ထဲကို နှစ် လေးငါးဆယ် လောက် ဖတ်လို့ရအောင်ရေးနိုင်တယ်လေ။  ဒါပေမယ့် တခါက စည်ပင်အရာရှိတစ်ဦးရဲ့မှတ်ချက်ပြုတဲ့စကားကို ဂျာနယ် တွေမှာဖတ်လိုက်ရဖူးသေးတယ်။ ရန်ကုန်မြို့ပေါ်မှာ မိုးရွာရင်ရေမြောင်းတွေက ရေစီးဆင်းမှု ပိတ်ဆို့နှေးကွေးနေပြီး လမ်း မပေါ်ရေလျှံတဲ့အတွက် မေးခွန်းကို ဖြေရှင်းပုံက “ ရန်ကုန်က ရေမြောင်းစနစ်က လူငါးသိန်းအတွက်ဘဲ လုပ်ထားတာ ဖြစ်ပါတယ်၊ အခုက လူဦးရေ ၅ သန်းလောက်ဖြစ်လာတော့ ရေတွေလျှံကုန်တာပါ” လို့ဖြေရှင်းတာမှတ်သားဖူးပါတယ်။ ဒီအရာနဲ့သိပ်မဆိုင်ပေမယ့် ဖြေရှင်းတဲ့နည်းလမ်းလေးတွေကို ကြိုက်လို့ ရှဲလိုက်တာပါ။ ကျောက်မြောင်းမှာနေ သူတွေ အဖို့ကတော့ ဖောင်စီးရင်းရေငတ်နေသလို မြို့ပေါ်မှာ ရေရှားတဲ့ ကိစ္စကို ကွမ်းစားဆေးလိပ်သောက် ကျပျောက် သလောက်ဘဲ သဘောထားတော့တယ်ဆိုတာ သိကြမှာပါ။ ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့။ ဘာဘဲဖြစ်ဖြစ် ဖြေရှင်းနိုင်တာကလဲ ကိုယ့်ရန်ကုန်မြို့သားတွေဘဲမဟုတ်လား။

မီး

ရန်သူမျိုးငါးပါးထဲက မီးဆိုပေမယ့် သူက အဆင့်မြင့်လျှပ်စစ်မီးပါ။ မီးရှိမှရေလာတာပါ။ ကပ်ကင်းလဲမဟုတ်ဘူး ယင်ယန်လဲမဟုတ်ပါဘူး။ မီးပျက်ပြီဆို အနှီရေကလဲ နောက်ဆက်တွဲခက်သွားတယ်ဆိုတာ ရန်ကုန်လူထုက သိပြီးသား။ မိုးရွာတုန်းရေခံဆိုတဲ့အတိုင်းမိုးတွင်းဆို ရန်ကုန်က တိုက်ခန်းတွေတောင်မိုးရေခံနေကြပြီ၊ ရှေးထုံးလဲမပယ် နဲ့ဈေးသုံးလဲမလွယ်နဲ့ဆိုတာ ဒီမှာမှန်သွားတယ်။ ရန်ကုန်တမြို့ထဲတောင် လက်ရှိလျှပ်စစ်မီးက လုံလောက်အောင် မဖြန့်နိုင်ဘူး။ အခုက များပြားလာတဲ့လျှပ်စစ်လိုအပ်ချက်ကြောင့်လို့ပြောလို့ရပေမယ့် နှစ်ကာလများကြာရှည် အောင်မီးပျက်ဒဏ်ကို ကင်ဆာလိုခံစားနေရတဲ့ မင်္ဂလာတောင်ညွှန့်ကလူတွေကတော့ မဲ့ပြုံးလေးပြုံးပြမှာ မလွဲပါဘူး။ ဆေးမှီးတိုလေးတွေဖြစ်တဲ့ မီးစက် အင်ဗာတာတွေနဲ့ ကျိတ်ကုနေရတဲ့ နာတာရှည် လူမမာအဖို့ ကောင်းသွားမှာပါဆိုတာ မျှော်လင့်ချက်တစ်ခုဘဲရှိနေဦးမှာပါ။ နွေမှာရေနဲလို့မီးပျက်တယ်၊ မိုးတွင်းကျတော့လေတိုက်လို့မီးမလာပါဘူး။ မီးစက် ဆိုတာ ရန်ကုန်သားတွေ မွေးကတည်းက ကြားဖူးနေတဲ့စကားလုံး၊ ခုခေတ်ကလေးတွေကျတော့ အင်ဗာတာဆိုတာလေးပါ ပိုပြီးမှတ်ရ တော့ တာပေါ့။ အိမ်ယာ အသစ်တွေဖြစ်လာရင်တော့ ၀ယ်လိုအားတွေထပ်တက်လာဦးမယ်လို့တော့ မှန်းလို့ရနိုင်ဦးမယ်။ လူမျိုးခြားတွေ ချမ်း သာလာတာ ဘာဆန်းသလဲ။ ရေ လား မီးလား အကုန်ရတယ်လေ။

ကဲအခုဘာတတ်နိုင်သေးလဲ မီတာခက အော်တိုနှစ်ဆ တက်သွားပြီ။ ၀ါယာရှော့ဆိုတာ ၉၉% သော ရန်ကုန်က မီး လောင်မှုတွေရဲ့ ဗိုလ်ဘဲ၊ အိမ်နီးခြင်းနိုင်ငံက လှမ့်ဝင်နေတဲ့ အရည်အသွေးကောင်းတွေရဲ့တန်ဖိုးသိသာ သွားတာပေါ့။ ၁၆ နှစ်သမီး မျက်လုံးထဲသဲဝင် သလို ပေကလပ်ပေကလပ် မီးအားက တခါတလေမှာ ဆူနာမီလို ၀ုန်းကနဲတတ် သွား တတ်လေတော့ ဖြစ်တယ် ပျက်တယ်ဆိုတဲ့ သံဝေဂလေး တွေနဲ့ အိမ်က ပစ္စည်းတွေကို တရားမှတ်နေရတယ်။

အမှိုက်

အမရေအမှိုက် အမှိုက်ဆိုတဲ့ စကားစုက ၁၀ စုနှစ်အတွင်းရန်ကုန်က လမ်းတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်ရွတ်ဆို နေတာကြားနေရတာ နာမည်ကြီး hip hop သီချင်းတွေထက်ပေါက်ပါတယ်။ ခေတ်မှီဖို့ဖြိုးတိုးတက်တဲ့နိုင်ငံတော် သစ် ကိုချီတက်ရာမှာ ယခင်က ကားနဲ့သိမ်းတဲ့အမှိုက်ကားတွေနေရာကို လက်တွန်းလှည်းအမှိုက်သိမ်းသူတွေက တွန်းလှန် ချေမှုန်းပစ်လိုက်တယ်။ ဒါက ကမ္ဘာကြီး ပူနွေးလာမှု အတွက် တဖက်တလမ်းက ကောင်းပါတယ်။ ရုပ်ကြွင်းလောင်စာတွေ မလိုဘူး၊ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေကိုလျော့ချစေတယ်။ ဒါပေမယ့် ချဉ်စော်တော့ နဲနဲနံတာပေါ့နော်။ တ၀မ်းတခါးအတွက် freelance အမှိုက်သိမ်းပေးသူတွေက စည်ပင်ပိုင်အမှိုက်ပုံမှာ အခပေးပြီး ပစ်လိုက်ယုံဘဲ၊ အိမ်တစ်အိမ် အမှိုက်တခါပစ် ၂၀၀ ဆိုတော့ တွန်းလှည်းအသေးစားတစ်ခုအပြည့်တင် ၁၅၀၀- ၂၀၀၀ လောက်ကျန်တယ်ဆိုတော့ ဒါက စီးပွားရေးဘဲပေါ့။ စည်ပင်အမှိုက်ကားဆိုတာ ခြောက်လမ်းသွား လမ်းတွေမှာ၊ လေးလမ်းသွားလမ်းမကြီးတွေမှာ၊ ဈေးတွေရဲ့အနီးအနားမှာ မြင်မကောင်းအောင်ပစ်ထားတဲ့ အမှိုက်ပုံ ကြီးတွေအနား အမှိုက်စတိုင်နဲ့ သူ့ပါရောပစ်ထားသလားထင်ရအောင်ရုပ်ဖျက်ပြီး ရပ်ထားတာတွေ့နိုင်တာကလွဲ ပြီး မတွေ့တာ တော်တော်ကြာပြီ။ တွံတေးသိမ်းတန်ရဲ့ သီးချင်းအလိုက်နဲ့ဆိုရရင် ဖြင့် ခေါင်းလောင်းသံတညံညံပေး ဟိုထိပ်ကနေ ရပ်ထားတဲ့အခါ ပြေးကာလွှားကာ ပစ်ခဲ့လာကြတာတွေ မေ့နိုင်မှာလား မင်းတို့ငါတို့ ငယ်ငယ် တုန်းကလေ လို့ခပ်ညည်း ညည်းလေးဆိုရမလိုဖြစ်နေတယ်။ မထင်ပါနဲ့ စည်ပင်အမှိုက်လှည်းတွေ လာပါတယ် လမ်းတွေထဲကို ဒါပမေယ့် ပစ်ချင် တိုင်း အလကားပစ်လို့တော့မရဘူးပေါ့။ ဒါပေမယ့် လမ်းမကြီးတွေပေါ်မှာ အင်နဲ့အားနဲ့ လိုက်ရှင်းတဲ့လှည်းတွေကလွဲလို့ လမ်းသွယ်တွေ မှာ အမှိုက်ပြသနာက ကြီးထွားလာနေဆဲဘဲ။ နောက်ထပ်လာတာတစ်ခုရှိပါသေးတယ် ဘာပါလိမ့်— အော် အမှိုက်ခွန်တဲ့၊ အမှိုက်ခွန်လို့ ပုလတ်စတစ်အိတ်ဟောင်းတွေ၊ပုလင်းခွံဘူးခွံတွေမထင်နဲ့နော်၊ အမှိုက်ပစ်တဲ့အတွက် ပေးရတဲ့ အခွန် ပြောတာ။

တိုက်ခန်းတွေအမှိုက်ပစ်စရာနေရာ မရှိတော့ နောက်ဖေးလမ်းကြားကိုပစ်ကြတယ်။ ဘေးကိုပစ်တယ်၊ အလည်ကိုပစ်တယ်၊ လှေကားရင်းမှာချတယ်။ အရပ်လေးမျက်နှာ လွတ်တဲ့နေရာအကုန်ပစ်တယ်။ တချို့ရပ်ကွက်တွေလမ်းတွေက အရေးတယူနဲ့ထိမ်းတော့ စည်းကမ်းနည်းလမ်းနဲ့ တိုက်အောက်မှာပုံကြတယ်။ ဒါကိုခွေးတွေကဆွဲတယ်၊ အဲဒီတော့ တလမ်းလုံး အမှိုက်တွေပွ လို့။ အိမ်ယာတွေအမှိုက်ပြသနာပိုဆိုးတယ်။ များသောအားဖြင့် ရန်ကုန်ကအိမ်ယာတွေက ညစ်ပတ်တာတွေ့ရမယ်။ မယုံရင်လိုက်ကြည့် အမှိုက်ဆိုတာရှိမှရှိ။

ပြုပြင်ထိန်းသိမ်းမှု

ကန်တရိုက်ဆိုတာမျိုးက ငါ့လက်ကလွတ်ဗြွစ်ဘဲ၊ ကုမ္ပဏီတွေကတော့ ပြီးတော့လဲပြီးသွားတာပေါ့ ကြော်ငြာထဲကဟာက ကြော်ငြာထဲမှာဘဲရှိတာကိုး။ ၅နှစ်လောက်နဲ့ ဆေးတွေကွာကျ မွဲပြာကျနေတဲ့ တိုက်တွေ ကြည့် မလား၊ အက်ကွဲကြောင်းနဲ့ ခုမှပြီးသွားတဲ့တိုက်ကိုကြည့်မလား၊ ရန်ကုန်မှာ ပေါမှပေါ။ အိမ်ယာတွေ မှာတော့ တချို့တွေက ကော်မတီတွေနဲ့ထိန်းသိမ်းတယ်၊ အလုပ်ဖြစ်တဲ့သူတွေရှိသလိုအလုပ်မဖြစ်တဲ့ သူတွေလဲရှိတယ်။ သခိုး သူဝှက်ရန်ကစလို့ သာရေးနာရေး လုပ်ကြတယ်။ ဒါပေမယ့် ဆေးတော့မသုတ်ကြတာများတယ်။ တချို့အိမ်ယာတွေ မှာ တိုက်တလုံး ကော်မတီတခုအထိ ဖောင်းပွကြတယ်။ တကော်မတီ တဥပဒေဘဲ။ ဒီတော့ ညှိလို့မရဘဲ ကောင်းတဲ့ တိုက်တွေက ကောင်း၊ ယိုယွင်းနေတဲ့တိုက်တွေက ယိုယွင်းနဲ့ ဇာတ်အဖွဲ့ကားမှောက်သလို ဖြစ်နေတာလဲ တွေ့နိုင် ပါတယ်။ အရေးပေါ်လှေကားဆိုတာ ဘယ်သူနာမည်ပေးလိုက်လဲမပြောတတ်ပါဘူး။ အဲဒီလှေကားကနေဆင်းရင် အရေးပေါ်ရောက်သွားနိုင်တယ်လေ။ အမည်ပေးတဲ့သူတယ်တော်ပါကလားလို့ ထင်မိတယ်။

မြင်ရတွေ့ရတာလေးတွေကို ဘဘောမတွေ့လို့ပြောပြန်ရင်လဲ ၀န်ကြီးတပါးနံမယ်တပ်တယ်ပြောခံရမယ်။ ဟိုလို လုပ်ပါလား ဒီလိုလေးဆိုပိုကောင်းသွားမလား အကြံပေးပြန်ရင်လဲ လွှတ်တော်ဥက္ကဌ နာမည် ယူသုံးတယ်ဖြစ်မယ်။ ပြောပြန်ရင်လဲအောင်မင်းလွန်ရာကျမယ်၊ အပြောကတော့ ရွှေမန်း အဲဒီလိုထင်ကြမှာဆိုးလို့ပါ။ တကယ်ပြောချင်တာက—–

လက်ရှိ အကောင်အထည်ဖော်နေကြတဲ့ တန်းဖိုးနည်းအိမ်ယာတွေဆိုတာ တကယ့်ကို ရှိသင့်တဲ့ လုပ်သင့်တဲ့ စီမံကိန်း တစ်ခုပါ။ ၂၅ နှစ်ကနေ ၃၅ နှစ်အထိ အရစ်ကျရောင်းပေးမယ်ဆိုတာသိရတော့ ပိုပြီးဝမ်းသာမိတယ်။ ဒါပေမယ့် ဒီလို လူဦးရေ သိန်းချီမှီခိုနေမယ့် အခန်းရေသောင်းချီရှိတဲ့ နေရာတွေကို ရေ၊ မီး၊ အမှိုက် ပြသနာတွေကို စီမံခန့်ခွဲပုံတွေ ကတော့အရင်အတိုင်းဖြေရှင်းနေရင် ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ကျန်းမာရေးဆိုင်ရာ ပြသနာတွေ အနှေးနဲ့အမြန် ဖြစ် ပေါ်လာနိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။ အရောင်းအ၀ယ်နဲ့အငှားတွေအတွက် တိကျတဲ့လုပ်ထုံး လုပ်နည်း တွေ ရှိသင့်ပါတယ်။ လူတန်းစားပေါင်းစုံမှီတင်းနေထိုင်မှာဖြစ်တဲ့အတွက် နေထိုင်စားသောက်ပုံခြင်း မတူညီနိုင် တာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လူမှုရေးပြသနာတွေ၊ အကြမ်းဖက်မှု၊ ဖောက်ထွင်းမှု၊ ဘာသာရေးပဋိပက္ခ၊ တရားဥပဒေ စိုးမိုးရေး စတာတွေအတွက် ကြိုတင်စီမံထားတဲ့ အစီအမံတွေ ရှိသင့်ပါတယ်။ သဘာဝဘေးအန္တရယ်၊ မီးဘေး စတာတွေ တွေ့ကြုံလာတဲ့အခါ ဖြေရှင်းနိုင်မယ့် ရေရရှိနိုင်မယ့်အရင်းအမြစ်တွေ၊ အသက်ကယ်လှေကားနဲ့ကြံ့ခိုင်မှု၊ ဖြစ်စဉ်များအတွက် ကြိုတင်လေ့ကျင့်မှု စတာတွေကို ထည့်သွင်းစဉ်းစားတွက်ချက်ရမှာဖြစ်သလို အတတ်အကျ မငြိမ်တဲ့ မြန်မာ့လျှပ်စစ်အတွက် သင့်လျော်တဲ့ အိမ်တွင်းလျှပ်စစ်သွယ်တန်းမှုတွေကို အရေအသွေးပြည့်မှီတဲ့ ပစ္စည်း တွေနဲ့ထည့်သွင်းတည်ဆောက်ပေးရမှာဖြစ်ပါတယ်။ အိမ်ယာကြံ့ခိုင်မှုအတွက် တည်ဆောက်စဉ်မှာ တိကျတဲ့ စံချိန် စံညွှန်းအတိုင်း တည်ဆောက်ရမှာဖြစ်ပါတယ်။

အိမ်ယာ စီမံကိန်းပုံတွေကြည့်ရတာ မစားရ၀ခမန်း၊ မုန့်ဆီကြော်ဘယ်နေမှန်းမသိဖြစ်ရပေမယ့် သေချာတာကတော့ မီးခြစ်ဘူးအခန်းတွေ၊ စာကလေးအခန်းတွေထက်သာမသာ စောင့်ကြည့်ရဦးမှာပါ။

လောလောဆည်တော့ တင်နေတုန်း မီးပျက်သွားပြန်တယ်။ ဖြစ်ပုံက

0 comments: