Suggestions of Telecommunication Act(Draft)







ဆက်သွယ်ရေးဆိုင်ရာဥပဒေမူကြမ်းပေါ်ထွက်လာသည့်အတွက်ကြိုးစားပမ်း စားဆောင်ရွက်ကြသော သူအပေါင်းအား လေးစားကျေးဇူးတင်ပါသည်။ ခေတ်မှီပြီးဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော် သစ် တည်ဆောက်ရာတွင် လိုအပ်သော နိုင်ငံတကာနှင့် နည်းတူ ပြဌာန်းသင့်သည့် ဥပဒေများဖြင့် တိုင်းပြည်၏ လူမှုရေး စီးပွားရေး နိုင်ငံရေး ကဏ္ဍများဘက်စုံမြှင့်တင်နိုင်ဖို့အာမခံချက် များပေးနိုင်ဖို့လိုအပ် ပါသည်။ နိုင်ငံရပ်ခြားမှ အရင်းအနှီးများ အတတ်ပညာများ စီးဝင်မှုသည် နိုင်ငံတော်၏ စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းနှင့် ပညာရေးကဏ္ဍများ အရှိန်မြင့်ဖွံ့ဖြိုးလာရေးအတွက် အရေးပါလှပါသည်။ ထိုသို့အရေးပါလှသည့် အခွင့်အလမ်းများ ပိုမိုဝင်ရောက်လာစေဖို့ ခိုင်မာပြီးတော်တည့်သည့် ဥပဒေအကာအကွယ်များဖြင့် အာမခံချက်များပေးနိုင်မှုဟာလဲ အဓိကကျသည့် အခန်းကဏ္ဍတွင်ရှိပါသည်။ Rule of Law ဖြစ်စေဖို့အတွက် အထောက်အကူပြုရန် ဥပဒေ ပြဌာန်းချက်များသည် ခေတ်နဲ့လျော်ညီပြီး လူထုမှအလွယ်တကူနားလည်မှု ယုံကြည်ကိုးစားမှု အာမခံချက်နှင့် တပြေးညီဆုံးဖြတ်ချက် များလဲ ပါဝင်သင့်ပါသည်။ ထို့အတွက် ဥပဒေပြုရေးကဏ္ဍတွင်ပါဝင်သည့် လွှတ်တော်အရပ်ရပ်တို့သည် ပြည်သူတို့၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ရေရှည်အတွက် အကာအကွယ် ဖြစ် စေသော အာမခံချက်ရှိစေသော တရားမျှတသော ဥပဒေပြဌာန်းချက်များကို သာအားစိုက်ကြိုးပမ်းကြမည်ဟုယုံကြည်ပါသည်။

နည်းပညာနှင့်သက်ဆိုင်သည့် သီးခြားဥပဒေများလဲဆက်လက်ပြဌာန်းရန်လိုအပ်ပြီး အဆိုပါဥပဒေများတွင် ညာဏပစ္စည်းမူပိုင်ခွင့်၊ စားသုံးသူအခွင့်အရေးကာကွယ်မှု၊ စံချိန်စံညွှန်းထိန်းသိမ်းမှု၊ အင်တာနက်လွတ်လပ် ခွင့်နှင့် ကျင့်ဝတ်များတိုးတက်လာစေဖို့ ပြဌာန်းသင့်သည်ဟုယူဆပါသည်။ ထို့အပြင် လည်းကောင်းဥပဒေများ ဆက်လက်ပြဌာန်းရာတွင် ယခုထက်ပိုမိုပြီး ထင်သာမြင်သာရှိသည့် ပူးပေါင်းဆောင်ရွက် ချက် များဖွင့်လှစ်ပေးပြီး ပြည်တွင်းပြည်ပမှ အသိပညာရှင် အတတ်ပညာရှင်များနှင့်လဲ ပိုမိုထိတွေ့ဆက်ဆံကာ လည်းကောင်းတို့၏ ဝေဖန်အကြံပြုချက်များလဲ ရယူသင့်ပါသည်။ လက်ရှိတွင် ပြည်တွင်းရှိ အစိုးရနှင့်နီးစပ်သည့် ကွန်ပျုတာအသင်းများမှ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အနာဂါတ်အတွက် ပိုမိုတိုးတက်စေမည့် နည်းပညာဆိုင်ရာဥပဒေများအတွက် ပိုမိုထိရောက်သည့် ပူးပေါင်းပါဝင်မှု၊ ရဲရဲဝံ့ဝံ့ ဝေဖန် ထောက်ပြ အကြံပြုမှုများအား မိမိတို့အတွေ့အကြုံများဖြင့် ဆက်လက်ပြုလုပ်စေလိုပြီး တိုင်းပြည်၏ တိုးတက်မှု တစိတ်တပိုင်းအဖြစ်၊ တာဝန်သိတတ်ခြင်း တစ်ဦးကိုတစ်ဦးလေးစားခြင်း အတ္တဟိတနှင့် ပရဟိတ တို့အားမျှတစွာကြည့်မြင်ခြင်း တို့ဖြင့် ဆက်လက်ပါဝင်ဆောင်ရွက် သင့် ကြောင်း အကြံပြုအပ်ပါသည်။

လေးစားစွာဖြင့်

Comments

Popular posts from this blog

"ဖွင့်ဆိုချက်"

ဖြေရှင်းချက်

Hostoric meeting of US & North Korea contact