ပြီးခဲ့တဲ့လ

စက်တင်ဘာလမှာ ထွေထွေ ထူးထူးမရှိလှပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက အဖြစ်အပျက်တွေကို ပြန်သတိရမိတယ်။ ပြေးကြလွှားကြ။ ပျော်ကြပါးကြ။ ဒီနှစ်တော့ စက်တင်ဘာ ၂၃- ၂၄ ရက်နေ့တွေက ပြုလုပ်ခဲ့တဲ့ Town Hall meeting လို့ခေါ်တဲ့ media စကာဝိုင်းကိုရောက်ခဲ့တယ်။ အဲဒီပွဲကို SEPA ကစီစဉ်တာဖြစ်ပြီး တကယ်တန်းကျတော့ မီဒီယာသမားတွေ ရောက် မလာတာ ဆိုးတယ်။ လာပြီးဆွေးနွေးတဲ့သူတွေက ဦးသီဟစော တို့လို့ press council ကသူတွေပါသလို Indonesia, Philippine, Thailand, တို့က အတွေ့အကြုံရှိတဲ့ ၀ါရင့် မီဒီယာ သမားတွေက သူတို့ အခြေအနေတွေနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ မီဒီယာအသိုင်းအ၀ိုင်း ပေါ်ထွက် လာစေဖို့အကြံပြု ချက်တွေနဲ့ဆွေးနွေးကြတယ်။ တကယ့်ကိုနားထောင်လို့ကောင်း ပါတယ်။ အတွေ့အကြုံလဲရတာပေါ့။ တကယ်ဘဲ မြန်မာနိုင်ငံမှာ press council လိုအပ်သလား။ Media law ကဘယ်အတွက်လဲ။ ပုံနှိပ်အတွက်ဘဲလား။ Online နဲ့  ရုပ်သံတွေ အတွက် ပါ ၀င်သလား။ သတင်းသမားတွေရဲ့အခွင့်အရေးကဘာလဲ။ တချို့ကိစ္စတွေက media law နဲ့မပတ်သတ်ဘဲ labor law နဲ့သက်ဆိုင်နေတာတွေလဲရှိတယ်။ ကိုယ်မတွေးမိသေးတဲ့ မမြင်မိသေး တဲ့အကြောင်းအရာတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ဆွေးနွေးကြတယ်။ ပြည်တွင်းက 7days news နဲ့ Venus ဂျာနယ်က အယ်ဒီတာတွေ ကလဲသူတို့အတွေ့အကြုံတွေနဲ့ဝင်ရောက် ဆွေးနွေး ခဲ့ကြတယ်။ အဲဒီနေ့က လက်ဆောင်ရတဲ့ Media law ဆိုင်ရာ စာအုပ်ကလေးကလဲ တကယ့်ကို အထောက် အကူဖြစ်စေတဲ့ အတွေးအခေါ်တွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဆွေးနွေးပွဲ့ လွတ်လပ်ပေါ့ပါးပါတယ်။ ၂ ရက်ဆိုပေမယ့် ပထမရက်ဘဲရောက်ခဲ့ပြီး နောက်နေ့မရောက် ဖြစ်တော့ ပါ။ အချိန်ကုန်ငွေကုန်ခံပြီး ကြိုးစားစီစဉ်သူတွေကိုလေးစားပါတယ်။ လာရောက်ဆွေးနွေးပေးတဲ့သူတွေကိုလဲ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မီဒီယာနဲ့ဆိုင်တဲ့ပွဲမှာ မီဒီယာသမားတွေ မလာကြတာတော့ ကြည့်မကောင်းပါဘူး။
@ Town Hall Meeting

@ Town Hall Meeting
ကိုယ်တိုင်လဲ Online media နဲ့ဆိုင်တဲ့ကျင့်ဝတ်နဲ့  တခြားကောင်းကျိုးဆိုးကျိုးတွေ၊ အတွေ့အကြုံနဲ့ ဆက်ပြီး လက်တွဲဆောင်ရွက်လို့ရတဲ့ အကြောင်းတွေ အားနည်းချက် အားသာ ချက် တွေကိုဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။ မထိုက်နဲ့ရတနာလဲ MIDO အနေနဲ့  media သမားတွေအတွက် စွမ်းရည်ထက်မြတ်လာမယ့် New media tool တွေအသုံးချမှု အကြောင်း နဲ့ သင်တန်းဆိုင်ရာတွေကို ဆွေးနွေးခဲ့ပါတယ်။

Ma Htaik, Ma Nine and Yatanar
Ma Htaik, Ma Nine and Yatanar
 Barcamp Yangon 2013 အတွက် အစည်းအဝေးကိုတော့ 29 Sept 2012 မှာ ပထမအကြိမ်အဖြစ်စတင်ပြုလုပ်ခဲ့ပါတယ်။ MCPA မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ လက်ရှိဘား ကမ့်ကို MCPA ကတိုက်ရိုက်မဟုတ်ဘဲ ရန်ကုန်တိုင်း MCPA ကကြီးမှုးကျင်းပမယ်လို့ ကိုမင်းဦးကပြောပါတယ်။ ဘာဘဲဖြစ်ဖြစ် အစဉ်တစိုက်ကူညီပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဘားကမ့်က သူ့ဟာသူ ရှင်သန်လို့ရတဲ့ ပွဲတစ်ခုပါ။ ယခင်အချိန်တွေတုန်းက အခြေအနေတွေကြောင့် MCPA အနေနဲ့ဦးဆောင်ခဲ့ပေးပေမယ့် ယခုအချိန်မှာတော့ လွတ် လပ် တဲ့ အသင်းအဖွဲ့တွေအနေနဲ့ ပြုလုပ်နိုင်ရင်တော့ ကောင်းပါတယ်။ သို့ပေမယ့် မြန်မာပြည်မှာက အခုကို host လုပ်ပေးနိုင်တဲ့ ဦးဆောင်နိုင်တဲ့ သူတွေရဲ့အခန်းကဏ္ဍ ကလဲရှိသေးတာ မို့ ကျွန်တော်တို့ဆက်သွားဖို့ ဒီအတိုင်းဘဲရှိပါတယ်။ လတ်တလော ကျင်းပမယ့်ရက်တွေကို မဆုံးဖြတ်သေးပေမယ့် မကြာခင်အစည်းအဝေးတွေကနေ ရလဒ်တွေထွက်ပေါ်လာမှာပါ။ အောင် မြင်နေဆဲ ဘားကမ့်ကို ဆက်လက်အောင်မြင်နိုင်ဖို့ကြိုးပမ်းသွားရပါဦးမယ်။


BarcampYangon 2013, 1st meeting

BarcampYangon 2013, 1st meeting
အဲဒီနေ့ကအပြန်မှာ ရဲအောင်သူက ဒါရိုက်တာလုပ်ပြီး မင်းယွန်းသစ် ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်တဲ့ အိုးပါးဂဏန်းစတိုင် မြန်မာမှုကို ရိုက်ဖြစ်ခဲ့ကြတယ်။ Oppa Burma style ဆို တဲ့ အဲဒီရိုက်ကူးရေးကို imovie သုံးပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ခုထိအင်တာနက်ပေါ်တင်မဖြစ်သေးဘူး။ ဒါပေမယ့် အိုပါးမြန်မာစတိုင်ကတော့ မူလ ပေါက်ပြီးသား အရှိန်နဲ့ တော်တော် လေး ပေါက်သွားခဲ့ပါတယ်။ ဘာဘဲဖြစ်ဖြစ် ပျော်ပျော်ပါးပါးလွတ်လွတ်လပ်လပ်နဲ့ ဖန်တီးနိုင်တဲ့ လူငယ် တွေရဲ့စွမ်းအားက ဘယ်လောက်ရှိတယ်ဆိုတာ အတိုင်း သား မြင်ရတာပါဘဲ။ အောင်မြင်ပါစေ။

0 comments: