Ph.D

ကျွန်တော်တို့ မြန်မာ့စာနယ်ဇင်းများတယ်မြန်ပါတယ်။ မနေ့မှ ၁၀ ရက်နေ့ရှိသေးတယ် ၁၃ ရက်နေ့ထွက်မယ့် ဂျာနယ်ကို ဖတ်လို့ရနေပြီ။ ဘယ်တိုင်းပြည်မှာမှ မတွေ့နိုင်ဘူး။ ဒီလိုသတင်းတွေ ရှေ့ ကနေပြေးနေတာ :) အဲဒီဂျာနယ်မှာ အခုမှ ဆုံးသွားတဲ့ ဆရာ ပါရဂူရဲ့ ဆောင်းပါးတပုဒ်ကို ဖတ်လိုက်ရတယ်။ အဲဒါကလေးကတော့ တန်ဖိုးရှိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆရာကြီး ရဲ့နောက်ဆုံး အချိန် နဲ့ ကိုက်ပြီး ပါလာတယ်။ အခုမှ ရေးတာလား အရင်ကတည်းကရေးဖူးတာလား ကျွန်တော်အတိအကျမသိပေမယ့် ဒီဆောင်းပါးလေးအတွက်တော့ ဂျာနယ်ကို ကျေးဇူးတင်တယ်။

ဆောင်းပါးခေါင်းစဉ်က “သင်းကြန်လား၊ သင်းဇာန်လား” တဲ့၊ အခု မြန်မာသင်္ကြန်အကြောင်းကို ရှင်းပြထားတာ။ ကျွန်တော် တသက်လုံး သင်္ကြန်ဆိုတဲ့ ဝေါဟာရကို ပါဠိ ကနေဆင်းသက်လာတဲ့ အခေါ်အဝေါ် တခုလို့ထင်လာခဲ့တာ အခုဖတ်ပြီးမှ သက္ကတ ဘာသာကနေဆင်းသက်လာတယ်ဆိုတာကို သိရတယ်။ သင်္ကြန်အလေ့အထက ဟိန္ဒူတွေရဲ့ အယူဝါဒက ပေါက်ဖွားလာတဲ့ ပွဲတော် တခုဖြစ်တဲ့အတွက် မြန်မာ့ ၁၂ ရာသီပွဲကို မပြည့်ပြည့် အောင်ဖြည့်ပေးခဲ့တဲ့ ရှေးလူကြီးများကို ပြန်မြင်ယောင်ကြည့်တယ်။  မြန်မာ့သမိုင်းအဆက်ဆက်မှာ သင်္ကြန်ပွဲကို အမျိုးမျိုးကျင်းပ လာခဲ့တာ ကိုလဲ လေ့လာခဲ့မိတယ်။ကုန်းဘောင်မင်းဆက်တဆက်ဖြစ်တဲ့ပုဂံမင်းလက်ထက်မှာသင်္ကြန်ကို တလလောက်ကျခဲ့တာကြောင့် အမရပူရမှာ ရေတော်တော်ပေါခဲ့တယ်လို့ထင်ခဲ့တယ်။  နောက်တခုက သင်္ကြန် ဒဏ္ဍာရီ တခုဖြစ်တဲ့ ကာဝါလမိုင်းရသေ့ ဆီမှာ သကြားမင်းနဲ့ ဗြမဟာမင်း လူ့ပြည်မှာ ၇ ရက်နဲ့ ၈ ရက် ဘယ်ဟာကို ရသတ္တ တပတ် လုပ်မယ်ဆိုတာ ငြင်းခုံကြရင်း ဖြစ်လာတယ်ဆိုတာကြောင့် နတ်တွေလဲ အတော်လေးအလောင်းအစားသန်တယ်ဆိုတာ သိခဲ့ရတယ်။ သကြားမင်းဆင်းတယမဟုတ်ဘဲ ဆန်းဒေးဂြိုလ်မင်းဆင်းတယ် ဆိုတာလဲသိခဲ့တယ်။ ဒါကြောင့် နတ်သက်နဲ့တွက်ကြည့်ရင် သူလဲတက်လိုက်ဆင်းလိုက်နဲ့အားမယ်မထင်ဘူးလို့ ငယ်ငယ်ကတွေးမိတယ်။ ဗြမဟာ့ ဦးခေါင်းဆိုတာကို မြန်မာလိုနားလည်ကတည်းကကြားဘူးတယ်။ အမေက ခဏခဏပြောတယ်။ ကျွန်တော့်အကိုကို နင်ကဗြမဟာ့ဦးခေါင်းလိုဘဲ ဘယ်မှာထားရမှန်းမသိဘူး ဆိုပြီး၊ ဒါနဲ့စပ်စုကြည့်တော့ သိလာတဲ့အသိအရ ရေထဲချရေခန်း၊ မြေပေါ်ထားမီးလောင်တဲ့ ဒီခေါင်းကို နတ်သမီးတွေက အလှည့်ကျ ကမ်းရင်း တခါကမ်းရင် သင်္ကြန်တခါကျတယ်၊ လူ့ပြည်မှာတစ်နှစ်ပေါ့၊ နတ်သက်ကတော့ခဏလေးပြောတယ်။ ဒါဆို ဒီလိုနတ်သမီးငါးပါးက ပါဆယ်ဂိမ်းကစားသလိုဘဲ ဦးခေါင်းကြီးကို ကမ်းနေကြရမယ်လို့လဲ ကြံကြံဖန်ဖန်တွေးဖူးတယ်။ နောက်တခုကတော့ ဒီဦးခေါင်းကို ကိုင်မယ့် နတ်သမီးက သကြားမင်းရဲ့အဆောင်အယောင်တခုဖြစ်တဲ့ စလွယ်သိုင်းကြိုးလို တန်ဆာတခုကို ဆင်မြန်းမှ အပူသတ်သာတယ်လို့လဲလူကြီးတွေကပြောတယ်။ အဲဒီတန်ဆာကို သင်္ကြန်စာမှာတွေ့ဖူးတယ်။  ဒီလိုဆို နတ်သမီးတွေ ဒီစလွယ်ကြီးဝတ်လိုက်ချွတ်လိုက်နဲ့ ဦးခေါင်းကိုလဲ ကမ်းကြရတယ်ဆို တော်တော်လေး ကရိကထများမယ်လို့တွေးမိတိုင်း ကိုယ့်ကိုယ်ကို အဖြေရှာမရဖြစ်ခဲ့ရတယ်။ ၉နှစ်သားလောက်ကထင်ပါတယ်။ သင်္ကြန်စာမှာ သင်္ကြန်ကျမယ့် အချိန်ကိုမှတ်ထားပြီး အိမ်ရှေ့မှာထား ထားတဲ့ သင်္ကြန်အိုးနားကနေ မိုးပေါ်ကသကြား မင်းဆင်းလာမယ်ဆိုလို့ မော့မော့ကြည့်ပြီး စောင့်နေဘူးတယ်။ နောက်တော့မှာ ဒါတွေဘာတခုမှမ ဟုတ်မှန်းသိခဲ့တယ်။

“သင်္ကြန်” လို့ဆိုတဲ့ စာလုံးပေါင်းကို ပုဂံခေတ်ကတည်းက ဒီလိုပေါင်းတယ်လို့ထင်တယ်၊ အမတ်ကြီး ရာဇသင်္ကြန်ဆိုတဲ့လို့ ဆိုတဲ့ အရေးအသားကို ပုဂံခေတ်ကျောက်စာတွေမှာ တွေ့ခဲ့တယ်လို့သိရတာကြောင့် အဲဒီအမတ်ကြီးကို သင်္ကြန်မှာမွေးခဲ့တာလို့ထင်ခဲ့တယ်။

ဒါနဲ့ဆောင်းပါးအကြောင်းပြန်ဆက်ရရင် သင်္ကြန်ဆိုတာက ပါဠိဘာသာကနေဆင်းသက်လာတာဆိုရင် ဘာသာဗေဒ သဘောတရားအရ သင်္ကန္တ ဆိုတဲ့စကားလုံးမှဖြစ်ရမှာဖြစ်ပြီး မြန်မာလိုအသံထွက်ရင် သင်းကန် ဖြစ်လိမ့်မယ်လို့ ဆရာကြီးက ဆိုထားပါတယ်။ နောက်တခုက တော့ သက္ကတ ဘာသာကဆင်းသက်ကြောင်းသက်သေအနေနဲ့ ဆံကရံတ ဒါမှမဟုတ် ဆံကရံတိ ဆိုတဲ့စကားနေပေါ်ပေါက်လာတာဖြစ်နိုင်ပြီး အဓိပ္ပါယ်ကတော့ ရာသီတစ်ခုတစ်ခုကို ကူးပြောင်းခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် သက္ကတ ဘာသာကနေဆင်းသက်လာတဲ့ ဆံကရံတိ ခေါ်သင်္ကြန် ကို အိန္ဒိယ ကနေကူးဆက်လာတယ် လို့ ဆရာကြီးကဒီဆောင်းပါးနဲ့ကောက်ချက်အပြတ်အသားချထားပါတယ်။

သင်္ကြန်ပွဲကို အိန္ဒိယမှာ ဟိုးလီ ဆိုပြီး လုပ်တယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့အချိန်မတူဘူး။ ရှေးတုန်းကရေပတ်တယ်ပြောတယ်။ အခုတော့ ရောင်စုံအမှုန့်တွေ နဲ့ပတ်တယ်။ ဒါပေမယ့် ရေနဲ့လဲ ပတ်တာကို တွေ့ရပါတယ်။ ထေရ၀ါဒတွေဖြစ် တဲ့ ထိုင်း၊ လာအိုနဲ့ ကမ်ဘောဒီးယား ၊ မြန်မာတို့ကျတော့ အချိန် တူကြတယ်။ ခေါ်တဲ့အခေါ်အဝေါနဲနဲလေး ကွဲလွဲတယ်။ ထိုင်းမှာ သင်္ကြန်ကို ဆွန်ခရမ် လို့ခေါ်တယ်။ ဒီတော့ အမြန်အသံထွက်ကြည့်ရင်ဆခရမ် လို့ ထွက်တယ်။ ဒါကြောင့် သင်္ကြန်ဆိုတဲ့ အသံထွက်နဲ့ အတော်လေးနီးစပ်တယ်။ စကားမစပ် နောက်တခုက ပွဲထဲမှာ ထိုင်းနဲ့မြန်မာအသံဆင်တာက ကထိန်ဘဲ။ မြန်မာက ကထိန်လို့အသံထွက်တယ်။ ထိုင်းက ကထုံ လို့အသံထွက်တယ်။ မြန်မာတွေလိုဘဲ ထိုင်းတွေကလဲသူတို့ဘာသာစကားတော်တော်များများမှာ ပါဠိဘာသာ ကိုယူသုံးထားတာကို တွေ့မိတယ်။ ဌာနေ – ဌာနီ ၊ အန္တရာယ် – အန္တရိုင်း စတာတွေကိုတွေ့တာကြောင့် ထိုင်းစကား ကိုသင်ချင်စိတ်ပေါ်လာတယ်။

ရှေးတုန်းက သိလာခဲ့တာတော့ မြန်မာ့ရိုးရာတာသင်္ကြန် ယဉ်ယဉ်ကျေးကျေး ရေပတ်တယ်။ သပြေခတ်နဲ့ ရေခွက်နဲ့တဲ့၊ ကျွန်တော်လူမှန်းသိကတည်းက သင်္ကြန်တွေက တော့ အကြမ်းနဲ့အရမ်းကြီးဘဲ။ ရေပူဘောင်းဒဏ်ကို အလူးအလဲခံစားခဲ့ရဘူးတယ်။ ကွန်ပရပ်ဆာပန့်နဲ့ပတ်လို့ ခါးမှာ အရေပြားပဲ့သွားဘူးတယ်။ မီးသတ်ပိုတ် တန်ခိုးကြောင့် ရင်ဘတ်အောင့်သွားဘူးတယ်။ အခုမှတော်တော်လေးပပျောက်သွားတာ။  ဦးဘဂျမ်းကာတွန်း တပုဒ်ကြောင့် သင်္ကြန်မှာ မြန်မာတွေ ရမ်းချင်တိုင်းရမ်းနေတာ ရာစုနှစ် ရဲ့လေးပုံ သုံးပုံလောက်ကျော်နေပြီဆိုတာ သတိ ထားမိတယ်။

သင်္ကြန်ယိမ်းကတာတွေကတော့ ကိုလိုနီခေတ်ရဲ့ လက်ချက်တွေထင်ပါတယ်။ မြန်မာသင်္ကြန်မှာမှ  ယိမ်းကရတယ်လို့ ရှေးခေတ် အဆက်ဆက်လုပ်လာတယ်လို့မကြားမိဘူး။ ရှိခဲ့ရင်လဲ အခုလို အ၀တ်အစားတွေလို့တော့မထင် ၊ ကိုလိုနီခေတ်ရဲ့ ဆိုးမွေးများ မြန်မာတွေ အခုထိခံခံနေရတယ်။ အလှုခံလဲ လော်စပီကာနဲ့ အော်ကြီးဟစ်ကျယ်၊ အာရုံဆွမ်းလောင်းတာတောင် ဓမ္မာရုံကနေ လင်းအားကြီး နားမခံသာအောင် ဓါတ်စက်ကြီးဖွင့်နေတာတွေ၊ အဲ- နောက်ဆုံးတော့ ၂ကျိတ်၈ဆူလှည့်တာတောင် သီချင်းဖွင့်တဲ့ ကားသီးသန့်ကြီးနဲ့ နောက်ကနေပါလာပြီး Techno တွေ အကြီးအကျယ်ဖွင့်လာတဲ့အထိဘဲ။ ဒါနဲ့ ပြန်ဆက်ရရင် နောက်တော့ သင်္ကြန်အကဆိုတာ ပါပေါ်လာတယ်။ အခု ရောင်စုံ ၀မ်းဆက်တွေနဲ့ ပန်းတွေပန်ပြီး ကနေတာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုစစ်စစ်လို့တော့မဟုတ်နိုင်ဘူး။ ပုဆိုးနဲ့ တိုက်ပုံက မြန်မာတွေသူများတွေဆီကနေကူးချထား တယ်လို့သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းကပြောတယ်။ တို့ဘိုးဘွားတွေက ပုဆိုးဝတ်တာ နှစ် ၁၀၀ ဆို ဘောင်းဘီဝတ်တာက နှစ် ၄၀၀ လောက်ရှိမယ်လို့ ဆရာကြီး ဒေါက်တာ သန်းထွန်းရေးတဲ့ ငါပြင်ချင်တဲ့ ငါ့အကြောင်းဆိုတဲ့ စာအုပ်ထဲမှာ တွေ့လိုက်တယ်။

အခုသင်္ကြန်တွေက တော်ယုံထက်ကို ပေါ်တင်ကျတဲ့ အ၀တ်အစားလောလလီတာတွေများလာတယ်လို့မြင်တယ်။ ကျွန်တော်တို့ခပ်ငယ်ငယ် လွန်ခဲ့တဲ့ ၁၀နှစ်လောက်နေဒီဘက်ကို ပိုပိုဆိုးလာတယ်။ သင်္ကြန်ဆိုတာ လုပ်ချင်ရာလုပ်ဝတ်ချင်ရာဝတ် ဖို့ ဖန်တီးထားတဲ့ပွဲ၊ နေ့ခင်းကြောင်တောင် နိုက်ကလပ်တွေကို ရေဖြန်းပေးပြီး သုံးလေးရက်ကျင်းပပေးတဲ့ပွဲ၊ ဖြစ်ချင်တိုင်းဖြစ်လို့ရတဲ့ ဆဲချင်တိုင်းဆဲ ကဲချင်တိုင်းကဲလို့ရတဲ့ပွဲလို့ ထင်ထင်လာကြတယ်ထင်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကစပြီး သင်္ကြန်လဲ ရန်ကုန်ဆိုသင်္ကြန် သင်္ကြန်ဆို ရန်ကုန် လုပ်လာတာကနေ ဘယ်ရွေ့သွားပြီမသိဘူး၊ ရာသီဥတုကပူ ကုန်ကျမှုတွေတက်နဲ့ လျော့ရိခေလျာ့ယဲ သင်္ကြန်ဖြစ်လာပြီး မကြာခင် သပြေခက်နဲ့ရေပတ်တဲ့ အဆင့်ကို ဂလိုဘယ်ခေတ်နဲ့အညီရောက်သွားပြီး ရေပတ်ချင်ရင် ဖေ့ဘွတ်ကနေပတ်တဲ့ အနေအထား ဖြစ်သွားနိုင်တယ်။  အရမ်းလဲခေတ်ဆန်ပစ်လို့မရသလို အရမ်းလဲ မြန်မာဆန်နေလို့တော့ မဖြစ်နိုင်ဘူး။ ဘယ်လိုအနေအထားမှာဘဲဖြစ်ဖြစ် အဲဒီခေတ်ရဲ့တောင်းဆိုမှုကို ရှောင်လွဲလို့မရနိုင်ဘူး။  ဒီလိုဘဲ မြန်မာဆန်ချင်တယ်ဆိုရင်တော့ နားနှစ်ဖက်ကိုဖောက်ပြီး နားထောင်းပန်၊ ကုန်းဘောင်ခေတ်အထိဝတ်နေသေးတဲ့ တောင်ရှည်ပုဆိုးဝတ်၊ ထိုးကွင်းထိုး၊ ဆံပင်ကို အရှည်ထားပြီး ခေါင်းပေါင်းကို ကိုလိုနီခေတ်ကမှပေါ်လာတဲ့မောင့်ကျက်သရည် ဆိုလား instant ခေါင်းပေါင်းမပေါင်းဘဲ ပုဝါရှည်နဲ့ ပေါင်းထုတ် ၊ :D အဲဒီအတိုင်း သင်္ကြန်မှာ လျောက်လည်ရင်တော့ ဖိုးသူတော်စကားယူသုံးရင်နားကားကုန်မှာ အသေအချာဘဲ :D

0 comments: