ဘောပွဲဆိုဘောပဲ

ဘောလုံးပွဲကို ကျွန်တော်မြန်မာလူမျိုးတယောက်ပီပီတော်တော်လေးဝါသနာပါ ရှိပါတယ်။ အရင်တုန်းကလောက် ဘောလုံးပွဲတွေမကြည့်ဖြစ်ပေမယ့် မကြာမကြာ (အထူးသဖြင့်) ပြည်တွင်း အမှတ်ပေး ပွဲတွေနဲ့ နိုင်ငံကိုယ်စားပြုပွဲတွေကို ကွင်းထဲအရောက်လိုက်ကြည့်တတ်ပါတယ်။ ဘောလုံးပညာရပ်နဲ့ အများကြီး ဝေးကွာတဲ့အတွက် ပွဲကြည့်သူသက်သက်အဖြစ် ပရိတ်သတ်တဦးပီပီ အားပေးပါတယ်။ ဒါကြောင့် ဘာကြောင့် နိုင်တယ် ရှုံးတယ်ဆိုတာအထူးသဖြင့် မဝေဖန်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲတွေကပေးတဲ့ ရသကို ပွဲကြည့်သူတွေက တော်တော်လေးသဘောပေါက်နားလည်တတ် နေကြပါပြီ။

တကယ်က ဘောလုံးအဆင့်အတန်းမြင့်မားဖို့ဆိုတာ အဖက်ဖက်က ဖြည့်စွမ်းနိုင်ရမှာပါ။ နည်းပြတွေဘယ်လောက် ကောင်းတာဘဲငှားထားငှားထား ကွင်းထဲမှာ လက်တွေ့တကယ်ကန်ကြမယ့် အားကစား သမားတွေကလဲ စိတ်ဓါတ်ခွန်အား လူရဲ့နိုင်လိုစိတ်ပြင်းထန်မှု၊ ဘောလုံးကန်တဲ့ အသိပညာ အတတ်ပညာတွေရဲ့ပြည့်ဝစွာနားလည်အသုံးချနိုင်မှုတွေကလဲ အဓိကကျတဲ့အပိုင်းမှာပါဝင် ပါတယ်။ ဘောလုံးအဆင့်အတန်းမြင့်ပါတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ စီးပွားရေးအရပါဝင်လာတဲ့ ပြိုင်ပွဲတွေရှိလာပါတယ်။ ဒီတော့ ဘောလုံးကစားတယ်ဆိုတာ အားကစားနည်းသက်သက်မဟုတ်ဘဲ အသက်မွေးဝမ်းကျောင်းပညာရပ်တခုလိုဖြစ်လာခဲ့သလို ဖျော်ဖြေရေးဆိုတဲ့ ကဏ္ဍကိုပါ ထပ်လောင်းလာတဲ့အတွက် ကြီးမားတဲ့ ဈေးကွက်တခုဖြစ်လာတယ်ဆိုတာလဲ အားလုံးသိကြပါတယ်။ ဒီဈေး ကွက်မှာ မောင်းနှင်အားကတော့ စားသုံးသူတဖြစ်လဲ ပရိတ်သတ်ဘဲဖြစ်ပါတယ်။ စားသုံးသူမရှိတဲ့ဈေးကွက်ဟာ မကြီးထွားနိုင်သလို ပရိတ်သတ်မရှိတဲ့ပွဲဟာလဲ ပွဲမမည်ပါဘူး။ ဒီတော့ ၀န်ဆောင်မှု ဆိုတဲ့ အပိုင်းဟာ အင်မတန်အရေးကြီးတယ်ဆိုတာ သိထားသင့်ပါတယ်။

ကျွန်တော်တို့ရှည်ရှည်ဝေးဝေးမပြောတော့ဘဲ အတိုချုံးပြောရရင် ကျွန်တော်တို့ဘောလုံးပွဲသွားကြည့်တယ်ဆိုတာ တော်ယုံကြည့်ချင်တဲ့စိတ်တခုတည်းနဲ့မပြီးပါဘူး။ ကျွန်တော်တို့နိုင်ငံအတိုင်း အတာနဲ့ဘဲတိုင်းတာပြောရရင် ပထမဦးဆုံး ကျွန်တော်တို့တွေကြည့်ချင်တဲ့ ဘောလုံးပွဲရှိရာဘောလုံးကွင်းကိုသွားရပါမယ်။ ဒီလိုသွားနိုင်စေဖို့ ကျွန်တော်တို့ရဲ့အချိန်တွေကို ရင်းနှီးရတာပါ။ နောက်တချက်က ဘောလုံးပွဲလက်မှတ်ပါ။ ၁၀ခါသွားကြည့်ရင် ၉ ခါမှာ ကျွန်တော်တို့ဟာ မှောင်ခိုလို့ခေါ်တဲ့ဈေးကွက်က လက်မှတ်တွေကိုဘဲဝယ်ယူ ရလေ့ရှိပါတယ်။ တကယ်ဆို အင်္ဂလန်ပရီးမီးယား လိဒ်လို ပွဲတိုင်းပြည့်နေတဲ့ အနေအထားမျိုးမဟုတ်တဲ့အတွက် ဒီကိစ္စဟာ တခါတရံမှာ ပွဲကြည့်သူတွေကို အနှောက်အယှက်ဖြစ်စေပါတယ်။ ရှင်းရှင်းပြောရရင် မတတ်နိုင်တာတတ်နိုင်တာထက် အမြဲတမ်းဒီလို ဖြစ်နေတယ်ဆိုတဲ့အခြေအနေက မကောင်းဘူးလို့ပြောချင်တာဖြစ်ပါတယ်။

နောက်တချက်ကတော့ ပွဲအတွင်းလာကြည့်တဲ့သူတွေအတွက် ရောင်းချပေးတဲ့အစား အသောက်နဲ့ရေဖြစ်ပါတယ်။ ကျွန်တော်တို့ အပြင်မှာ ၄၀၀ ကျပ် ဒါမှမဟုတ် ၃၀၀ ကျပ်နဲ့ဝယ်ယူရရှိနိုင်တဲ့ သောက်ရေသန့်တဘူးဟာ ပွဲအတွင်းမှာ ၅၀၀ ကျပ်ပေးသောက်ရပါတယ်။ တကယ်ဆို ကုမ္ပဏီကနေ ဖြန့်ဝေတဲ့ဈေးက ဒီထက်အဆမတန်နည်းပါတယ်။ ဖြစ်သင့်တာက Alpine လိုရေသန့် ထုတ် လုပ်သူတွေ ထောက်ပံ့ပေးနေတဲ့ ဒီလိုပွဲတွေမှာ မတန်တဆ ဈေးပေးသောက်ရတဲ့ သောက်ရေသန့်ဟာ စားသုံးသူတွေအပေါ် သီးသန့်အမြတ်ထုတ်တယ်လို့ခံစားရပါတယ်။

အစားအသောက်ရောင်းချသူတွေအနေနဲ့လဲ အသင့်စား ဆီချက်ခေါက်ဆွဲထုတ် ၂ ထုတ်စာကို ၅၀၀ နဲ့ရောင်းပါတယ်။ ကွမ်းယာ၊ ဆေးလိပ်နဲ့ အခြားစားသောက်ကုန်ပစ္စည်းအတော်များများဟာ ဒီ ပရ၀ဏ်အတွင်းမှာဈေးနှုန်း ၂ ဆလောက်နဲ့ရောင်းချနေတာ ဘာအတွက်ကြောင့်လဲ အသေအချာမသိပေမယ့် လာရောက်အားပေးတဲ့ပရိတ်သတ်တွေအတွက် မှန်ကန်တဲ့ဈေးနှုန်းနဲ့ သန့်ရှင်းတဲ့ အနေအထားမှာဘဲဖြစ်သင့်ပါတယ်။ ဈေးရောင်းချခွင့်အတွက် ဘယ်လိုစီစဉ်ဆောင်ရွက်ထားတယ်ဆိုတာ မေးခွန်းထုတ်သင့်ပါတယ်။ အမှန်က အ၀င်ဝမှာ မီးခြစ်သိမ်းတဲ့ လုံခြုံရေးတွေရှိလျက်နဲ့ ကွင်း အတွင်းမှာဆေးလိပ်ရောင်းချသူတွေရှိနေတာကြောင့် အများပြည်သူတွေရှိတဲ့နေရာမှာ ဆေးလိပ်သောက်သုံးနေကြတာကိုတွေ့နိုင်မှာဖြစ်တဲ့အတွက် နိုင်ငံတကာပြိုင်ပွဲတွေမှာဆို နိုင်ငံအတွက် သိက္ခာ ကျဆင်းစေမှာဖြစ်ပါတယ်။ အစားအသောက်ထုတ်ပိုးမှုနဲ့ ရေသန့်ကို ပလတ်စတစ်အိတ်တွေနဲ့ထည့်ပေးမှု့ကြောင့် ကွင်းအတွင်းအမှိုက်ပြသနာပိုမိုကြီးထွားသလို သန့်ရှင်းမှုအပိုင်းမှာလဲ အားနည်း သွားစေတယ်ဆိုတာ သတိပြုသင့်ပါတယ်။

သုဝဏ္ဍလူငယ်လေ့ကျင့်ရေးကွင်းဟာ တချိန်က နိုင်ငံတကာအဆင့်မှီကွင်းဖြစ်လို့ သေသပ်ကျနစွာတည်ဆောက်ထားတာဖြစ်သလို လက်ရှိမှာလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံတ ကာနဲ့အမျိုးသားပွဲတွေ ကို ကျင်းပရာကွင်းလဲဖြစ်ပါတယ်။ အမြဲမပြတ်ဆိုသလို ပွဲတွေကျင်းပနေသလို နိုင်ငံတကာ ဘောလုံးအသင်းတွေလဲလာရောက်လေ့ရှိတာကြောင့် ကွင်းအတွင်းနဲ့ အပြင်သန့်ရှင်းသပ်ရပ်ဖို့နဲ့ အများသုံး အိမ်သာတွေ သန့်ရှင်းသပ်ရပ်ဖို့ဆိုတာလဲ အဓိကလုပ်ဆောင်သင့်ပါတယ်။ အိမ်သာဆိုတာ အိမ်တအိမ်ရဲ့လူနေမှု အဆင့်အတန်း ကိုဖော်ပြပေးတယ်ဆိုတာ ဒီနေ့ခေတ် လူသားအားလုံးသိပါတယ်။ ဒါကြောင့်အိမ်သာတွေကိုလဲ ပရိတ်သတ်တွေအဆင်ပြေချောမွေ့စေဖို့ပြန်လည်ပြင်ဆင်သင့်ပါတယ်။

ကျွန်တော်တို့မှာ ဘောလုံးပွဲတခါသွားကြည့်ရင် တဦးကို ၅ ထောင်ထက်မနည်းကုန်ကျခံ အချိန် ၄ နာရီလောက်ပေးကြည့်ရပေမယ့် ပွဲပြီးအဖြေရလဒ်တွေက တဖြည်းဖြည်းဆိုးရွားလာသလို ကွင်းတွင်း ၀န်ဆောင်မှုတွေကလဲ ပိုမိုညံ့လာတဲ့အတွက် အိမ်ပြန်ရင် ဘောလုံးပွဲကပေးတဲ့ ရသကတော့ လုံးလည်ချာလည်လိုက်နေတာကြောင့် ဘောပွဲဆိုမှ တကယ့်ဘောပဲလို့ပြောရမလိုဖြစ်သွားရပါကြောင်း။။

မှတ်ချက်။ ။ AFC Challenge cup 2012 အတွက် မြန်မာ-ဖိလစ်ပိုင်ပြိုင်ပွဲအပြီးရေးသည်။

0 comments: