အခုတလော

အခုတလော ကိုယ့်ဘလောက်ရှိတယ်ဆိုတာတောင်မေ့ချင်ချင်ဖြစ်နေတယ်။ ရေးချင်တာတွေကများ။ အားတဲ့အချိန်ကော်နက်ရှင်မကောင်း၊ ကော်နက်ရှင်ကောင်းတော့မအား။ စိတ်လဲခဏခဏတိုတတ် နေတယ်။ ဘာကိုအလိုမကျလဲကိုယ့်ကိုယ် ကိုမစဉ်းစားတတ်ဘူးဖြစ်နေတယ်။ အလုပ်တွေက ထိရောက်မှုမရှိ၊ ဖိစီးတာတွေများနေတယ်လို့ယူဆတယ်။ တကယ်က ဘလောက်ကိုရော ကိုယ့်အလုပ်တွေ ကိုပါ အခုရှိရင်းစွဲထက် ပိုပြီး professional ဆန်ဆန် တင်ပြချင်တယ် လုပ်ကိုင်ချင်တယ်။

အခုတလော လူတွေနဲ့ထိတွေ့ဆက်ဆံရတဲ့လူမှုဝန်းကျင်မှာ အဆိုးရွားဆုံးအန္တရာယ်က မနာလိုတတ်တဲ့ အကျင့်ဆိုးဘဲဆိုတာ သိသိလာတယ်။ မြန်မာဆန်တဲ့သူတွေနဲ့တွေ့တာများလို့ထင်တယ်။

အခုတလော စီးပွားရေးနဲ့ပတ်သတ်တဲ့ အတွေးတွေ အများကြီးထွက်တယ်။ ဒါပေမယ့် တခုမှလက်တွေ့မဆန်ဘူး။ အဖြေတခုရလဒ်ထွက်အောင် တွက်ချက်ကြည့်တယ်။ နောက်ဆုံးမှာ အရင်းအနှီးဆိုတဲ့ အတားအဆီးကြီးကြီးမားမားတခုပေါ်လာတယ်။ ကိုယ့်မှာလဲ များများစားစားရင်းနှီးစရာမရှိဘူး။ ရှိရင်းစွဲ မှန်ကန်မှုနဲ့ ရိုးသားမှုလေးမဆုံးရှုံးအောင် ကျားကန်ပေးနေရတယ်။ ဒီအရင်းပျောက်သွားရင်တော့ ကျွန်တော်လဲမွဲမယ်။

အခုတလော ငါမပါရင်လဲပြီးပါတယ်ဆိုတာကို ပိုပြီးလက်တွေ့ကျကျကျင့်သုံးကြည့်တယ်။ ပါရမီ ၁၀ ပါးအကုန်မရပေမယ့် ဒီဥပေက္ခာပါရမီတော့ ကျင့်သားရဖို့ကြိုးစားကြည့်ဦးမယ်။ လက်လွတ်စပယ် လုပ်တတ်တဲ့သူတွေက တာဝန်နဲ့လုပ်ပိုင်ခွင့်ကို တလွဲသုံးစားချင်ကြတာကိုတွေ့မိတယ်။ ပြီးတော့လဲပြီးသွားပေမယ့် နောက်တချိန်မှာ အပြောမခံချင်တာနဲ့ အားလုံးနဲ့ဝေးဝေးနေကြည့်တယ်။

အခုတလော ခေါင်းထဲမှာ အသင်းအဖွဲ့လဲမရှိဘူး၊ လူမှုရေးလဲမသိဘူး၊ ချစ်ခြင်းမုန်းချင်းမရှိဘူး။ ရင်ထဲမှာ အသစ်တွေထည့်နိုင်ဖို့အတွက် ခေါင်းထဲက အမှိုက်တွေကို ဖယ်ထုတ်ပစ်နေမိတယ်။ အားနာ တတ်တဲ့ အလေ့အထကို ခုထိတော့ အကင်းသေအောင်မသတ်နိုင်သေးဘူး။ အားနာတာက ကင်ဆာနဲ့တူတယ်။ တဖြည်းဖြည်းပွားလာရင် ကိုယ့်ကိုယ် ထိခိုက်လာနိုင်တယ်။

အခုတလော ဓါတ်ပုံတွင် Online မတင်တာကြာပြီ အခုတော့ တင်ကြည့်ဦးမယ်။ အခုတလောကြည့်ဖြစ်တဲ့ မြန်မာနဲ့ အိန္ဒယ ဘောလုံးပွဲကပုံ။ မြန်မာအသင်း လူငယ်တွေတိုးတက်လာတယ်လို့တော့ ဆိုချင်တယ်။ ရလဒ်အကောင်းဆုံးမဖြစ်ခဲ့ပေမယ့် ကျေနပ်စရာတခုတော့ရခဲ့ပါတယ်။ ဒါပေမယ့် အုပ်ချုပ်သူတွေဘက်က လိုနေတာတွေမြင်တယ်။

0 comments: