ရေမလိုက်ငါးမလိုက်
သောက်လေသောက်လေ ငတ်မပြေတာမနေ့ကမှစခဲ့တာမဟုတ်ဘူး
မိုးခါးရေတွေတောင် မိုးခေါင်ရေရှားလို့ အငွေ့ပျံတော့မယ်
သူလိုကိုယ်လိုကြားထဲက ပုဆိုးခြုံထဲ လက်သီးမပြချင်တော့။
နံငယ်ပိုင်းနဲ့ လန်ချားဆွဲ
သီးစုံကုလားဟင်းရောင်းတဲ့ ပုဏ္ဍားဘကွန်း
စီးပွားရေးမှာ ရေခဲရေသည်တောင် risk ရှိတယ်တဲ့
အောင်မြင်မှုအပေါင်းသရဖူဆောင်းဖို့
အပြုံးတုတွေဆင်မြန်းတတ်ရတယ်၊ ဟုတ်လဲဟုတ် မဟုတ်လဲဟုတ်
ဟုတ်ကဲ့နဲ့ ကျေးဇူးတင်ပါတယ် ဖောဖောသီသီသုံး
ထမင်းတလုပ်ကို ၅ထောင်တန်နဲ့မြောက်စား
ပိုက်ဆံထုတ်တွေ တသီကြီးရောက်သွားမယ်တဲ့။
သက်ကြီးစကားသက်ငယ် မကြားနိုင်ဘူး
လှိုင်းလွန်ကြိမ်နှုန်းတွေနဲ့ထုတ်လွှတ်တဲ့ ဒီခေတ်မှာ
ဖန်ခွက်တခွက်ကို အသံတိတ်ခွဲပြနိုင်ခဲ့။
အက်ဒီဆင်ရဲ့ရှာဖွေတွေ့ရှိမှုအတွက်
ကိုလံဘတ်ရဲ့ရှာဖွေတွေ့ရှိမှုအတွက်
အလတ်ဇန်းနားဖလန်းမင်းရဲ့ရှာဖွေတွေ့ရှိမှုအတွက်
ဘုရားသခင်မှာ မူပိုင်ခွင့်ရှိသလား။
IP knowledge အတွက် ရှေ့နေကောင်းကောင်း ငှားထားဖို့ဘဲလိုတဲ့ခေတ်
စာရွက်တွေပေါ်မှာ မင်တချက်စွန်းမသွားတာတောင် ဒေါ်လာသန်းချီပြီး အရှုံးအမြတ် ထွက်သွားမယ့်ခေတ်
Ddos တိုက်ခံရဖို့ ဘာမှ ကာကွယ်ထားနိုင်စွမ်းမရှိအောင် ဟာလာဟင်းလင်းနဲ့ခေတ်
anonymous power အသိခေါက်ခက်နဲ့ social network ပေါ်က လူတွင်ကျယ်လုပ်ချင်တဲ့ခေတ်
တစ်သျှူးစက္ကူ မရှိရင် လက်မသုတ်တတ်တဲ့ခေတ်
ဘိုထိုင်အိမ်သာမှာ ငုတ်တုတ်ထိုင်တဲ့ အတန်းအစားတွေ ကာရာအိုကေသွား digit တွေနဲ့ကစားတဲ့ခေတ်
ဘောလုံးပွဲ ညလုံးပေါက်ထိုင်ကြည့်ပြီး ထမင်းငတ်နေတဲ့ခေတ်
မစားရ၀ခမန်း လူ “လပ်” တန်းစား တံတွေးခွက်မှာ တကမ္ဘာလုံး မြောပါနေတဲ့ခေတ်
ကံစမ်းမဲမလိုတဲ့ လူတန်းစားတွေက ရွှေဆွဲပြားတွေ ဆပ်ပြာထဲ သနပ်ခါးထဲ ငါးပိရေကြိုထဲ ထည့်ထားကြတဲ့ခေတ်
ဘာခေတ်မှန်းမသိတဲ့ ခေတ်မှာ
ကမ္ဘာတခုထည်းမှာတင် တတိယမ္ဘာ၊ စတုတ္ထကမ္ဘာနဲ့ အတန်းအစားခွဲခြားနေတဲ့ခေတ်
ကမ္ဘာကို လုံးသလား ပြားသလား ခုထိအငြင်းပွားနေတဲ့ခေတ်
ကမ္ဘာက ရွာကြီးဖြစ်သွားတယ်လို့ ကြွေးကြော်လိုက်တာနဲ့ စာရိတ္တတွေ တောဆန်သွားတဲ့ခေတ်
ကမ္ဘာနဲ့ချီပြီးပြောဆိုလုပ်ကိုင်နေတဲ့ Globalization ကို အာမခံ ထားရှိမှု ခံမထားရတဲ့ခေတ်
လူဖြစ်လာပြီးမှ လူတယောက်မှန်းသေချာမသိရတဲ့ခေတ်
စဉ်းစားရင်း တခေတ် ခေတ် ဖြစ်လာခဲ့တယ်
တခစ်ခစ် ရယ်ချင်ခဲ့တယ်
တခွိခွိနဲ့ ရူးသွပ်သွားမယ်
နေ့လည်က ထမင်းပေါင်းစားခဲ့
ဖနိပ်ပြောင်ပြောင်လေးစီးပြီး ကိုယ့်စိတ်ကို ကိုယ်မှန်ကြည့်ဖို့ မကြိုးစားချင်ခဲ့
ကိုမိုးလှိုင်ညရဲ့ သိမ်ကြီးဈေးကတော့ ဖျားနာနေတယ်
မင်းယွန်းသစ်ရဲ့ မျက်မှန်က ခုတလောမအားရှာဘူး
ကိုမျက်လုံးနဲ့ ဘိုဝတို့တော့ ဓါတ်ပုံတွေရိုက်ဦးလိမ့်မယ်
ကျွန်တော်တော့ ကွမ်းဝယ်စားဖို့ အကြွေရှာဦးမယ်
အကြွေရှားတဲ့ ခေတ်ဖြစ်နေတယ်။

Comments