ဒီနှစ်က စံချိန်တင် ခရီးစဉ်များခဲ့တဲ့ နှစ်လဲဖြစ်ပါတယ်။ နှစ်စကနေနှစ်ဆုံးအထိ ခရီးစဉ်တွေပြည့်နှက်နေပြီး အတွေ့အကြုံကောင်းတွေလဲ ရရှိခံစားခဲ့ပါတယ်။ ဒီနှစ်က ကျွန်တော့်ကို အကောင်းဆုံးတွေနဲ့အတူ အဆိုးတွေ လဲမျှဝေခဲ့ပါတယ်။ ဘယ်အရာဘဲဖြစ်ဖြစ် ကောင်းတာလေးတွေကိုဘဲ ရွေးမှတ်တတ်တဲ့ အကျင့်လေးရှိလို့ အားလုံးအဆင်ပြေအောင်နေထိုင်နိုင်ခဲ့ပါတယ်။ ရင့်ကျက်တယ်လို့မဆိုသာသေးသည့်တိုင် တည်ငြိမ်တဲ့ စိတ် ထား တခုကို ကျွန်တော် ဒီနှစ်မှာ ရှာဖွေ တွေ့ရှိနိုင်ခဲ့ပါပြီ။ မေတ္တာတရားက အားလုံးကိုအနိုင်ယူတယ်လို့ အကြွင်းမဲ့ ကျွန်တော်ယုံကြည်လို့မရသေးပေမယ့် မေတ္တာတရားက ကျွန်တော့် ရင်ထဲက အကျိတ်အခဲတွေကို သိ သိသာသာ ခြေမွပေးနိုင်ခဲ့ပါတယ်။ ကိုယ်နဲ့တွေ့တဲ့သူတွေကို အပြုံးနဲ့ဘဲ ဆီးကြိုချင်ပြီး ကိုယ့်အတွက် ဘာဘဲရရ ကိုယ့်ဘက်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တခုအဖြစ် အမြဲဆောင်ထားချင်ပါတယ်။

လောကဓံတရားဆိုတာ ပြည့်ဝတာနဲ့မပြည့်ဝတာ လုံလောက်တာနဲ့မလုံလောက်တာ ကောင်းတာနဲ့ဆိုးတာ စတဲ့ ကျောချင်းကပ်နေတဲ့ သဘာဝတရားတွေပါဘဲ။ လူဆိုတာတနေ့တော့ လုံလောက်ပါပြီ လို့ကျေနပ်နေ နိုင်တဲ့ နေ့တနေ့ဖြစ်လာမှာပါဘဲ။ အရာအားလုံးက ပြည့်စုံတယ် ဆိုတာ မရှိနိုင်ပါဘူး။ လူအားလုံးကို လူကလူကို လူလိုမြင်တဲ့ စာနာတတ်တဲ့ လူ့စရိုက်တခုကိုဘဲ ကျေနပ်ကျင့်သုံးချင်ပါတယ်။ ကိုယ်ဘယ်လိုဘဲ ကောင်းနေနေ ကိုယ်ဘယ်လိုဘဲဆိုးနေပါစေ သံသရာဆိုတာ တပတ်ပြန်လည်မှာပါဘဲ။ သို့ပေမယ့် အချိန်ကာလဆိုတဲ့ ဖြတ်သန်းမှုကိုသာ ခံနိုင်ရည်ရှိဖို့လိုမှာပါ။ ဒါကြောင့် ဒီနေ့တွေကိုဘဲ အကောင်းဆုံး ဆက်ဆံ တယ် ဒီနေ့တွေကိုဘဲ အကောင်းဆုံးမျှော်လင့်တယ်။ လက်ရှိအချိန်ကောင်းရင် နောင်သံသရာရော ပြီးခဲ့မယ့် အတိတ်ဆိုတာတွေကို လှပအောင် ပျိုးထောင်နိုင်မှာပါ။

စားဝတ်နေရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရတဲ့ မဖြစ်မနေကိစ္စတွေက လူတွေရဲ့ ရိုးသားမှုကို တိမ်မြုတ်စေပါတယ်။ အရာအားလုံးကို နားလည်မှုနဲ့ဘဲတည်ဆောက်ကြပါ။ ဒီသတ္တလောကမှာ လူတွေတိရစ္ဆာန်တွေ အားလုံးရောနှောနေတာပါဘဲ။ ဘာသာတရားဘဲဖြစ်ဖြစ် လူမှုပေါင်းသင်းဆက်ဆံရေးဘဲဖြစ်ဖြစ် နားလည်သိတတ်မှု understanding ကို ထဲထဲဝင်ဝင် နားလည်အောင် ကိုယ့်ဟာကိုယ်တည်ဆောက်ကြည့်ခြင်းဖြင့် အေးငြိမ်းချမ်းသာမှုကို ခဏလေးဘဲဖြစ်ဖြစ် ရအောင်ရှာဖွေတွေ့နိုင်မှာပါ။ အရင်က စိတ်ထဲမှာ ဖြစ်ဘူးတယ်။ သင်ကောင်းလျှင်ကျွနုပ် မဆိုးပါတဲ့။ နောက်တော့ သင်မကောင်းလျှင်သင့်ထက်ပိုဆိုးမည်ဆိုတဲ့ မာန တရားတွေ အာဃာတ တရားတွေဝင်လာပါတယ်။ မောဟကို ပြန်တွေ့ချိန်မှာတော့ သင်ကောင်းကောင်းမကောင်းကောင်း ကျွနုပ် ကောင်းချင်ပါတယ်ဆိုတဲ့ စိတ်ဘဲ ထားလိုက်မိပါတယ်။ အတတ်နိုင်ဆုံး အကောင်းဆုံး နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ဆက်ဆံမယ်။ ကိုယ့်ကို နားမလည်တဲ့သူတွေ့ရင် ကျွန်တော်ကိုယ်တိုင်က သူ့ကိုနားမလည်တာလဲဖြစ်နိုင်မှာပါ။ ဘာဘဲဖြစ်ဖြစ် ရာနှုန်းပြည့် အကောင်းဆုံးကို မရောက်ရှိနိုင်ရင်တောင် ဒီလော ကီပတ်ဝန်းကျင်မှာတော့ ရာနှုန်းနဲနဲလေးတော့ အကောင်းဆုံးဖြစ်နေနိုင်မယ်လို့မျှော်လင့်ပါတယ်။

လာမည်နှစ်တွေဟာ ကျွန်တော့်အတွက်လဲ ခက်ခဲတဲ့ နှစ်တွေဖြစ်လာမှာပါ။ ကျွန်တော့်မိသားစု ကျွန်တော့်နေထိုင်မှု ကျွန်တော့်ကို မှီခိုနေသူတွေအတွက် အခက်အခဲတွေကို ကျွန်တော်ကျော်ဖြတ်နေရဦးမှာပါဘဲ။ တစ် ရက်ခြင်း အကောင်းဆုံး ကျင့်ကြံခြင်းနဲ့ ကျွန်တော့် နှစ်သစ်တွေကို အဆုံးသတ်မှာ အကောင်းဆုံး ဖြတ်သန်းနိုင်မယ်လို့ တော့ယုံကြည်ပါတယ်။ ဒီအခက်အခဲတွေကဘဲ ကျွန်တော့်ကို တောက်ပြောင်စေမှာပါ။ ပျော်ရွှင် မှုကလဲ ဒီအခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်မြင်မှရလာတဲ့ ဆုလဒ်တခုပါ။ ဒီဆုလဒ်တွေနဲ့ ပြည့်နှက်နေတဲ့ ဘ၀လမ်းကြမ်းကို ကျွန်တော်တို့အားလုံး ဖြတ်သန်းဖို့ နှစ်သစ်ကို အလှပဆုံး အရိုးသားဆုံး ကြိုဆို ပါရစေ။

welcome 2011 :)
ကင်းကွာနေတာတော့ကြာပါပြီ။ မရေးဖြစ်တာကြာခဲ့ပြီ။ တကယ်ရေးချင်ပေမယ့် ရေးရမယ့် အချက်အလက်တွေက ခေါင်းထဲမှာ ရောရင်ထဲမှာရော အပြည့်။ ဒါပေမယ့် အခြေအနေဆိုတဲ့ အကြောင်း ကြောင်းတွေက ချရေးမယ့်လက်တွေကို တွန့်ဆုတ်စေခဲ့တယ်။ လူမှုရေးကိစ္စ၊ အဖွဲ့အစည်းကိစ္စ စတဲ့ ကိစ္စတွေက အင်တာနက်သုံးချိန်ရဲ့တော်တော်များများကို နေရာယူထားလိုက်တယ်။ သမိုင်း ၀င်မယ့် နေ့ရက်တွေကိုလဲ ဖြတ်သန်းခဲ့ရပြီးပြီ။ ဒါပေမယ့် အဲဒီသမိုင်းတွေက အကောင်းလားအဆိုးလား ဆိုတာ လက်ရှိအချိန်မှာက ပြောနိုင်ဖို့စောနေသေးတယ်ထင်တယ်။ မျှော်လင့်ချက် တခွဲသား နဲ့ ဖြတ်သန်းနေတဲ့ ရက်တွေလဲမနည်းတော့ဘူး။ နှစ်တွေ လတွေကြာညောင်းလာခဲ့တယ်။ စိတ်တွေလဲ အိုဟောင်းလာခဲ့တယ်။ မနေ့ကစိတ်ကူးတွေဟာ နောက်တနေ့မျက်နှာသစ်ချိန် အထိဆွဲဖြန့် ပြစလို့မရတော့အောင်သေးကွေးလေးလံနေခဲ့ပြီ။

ကဗျာစပ်တောင်စကားလုံးကောင်းကောင်းတလုံးထွက်မကျနိုင်တော့တဲ့ ဦးနှောက်ထဲက အမှိုက်တွေတင်းကြမ်းထိုးလို့ ကိုယ့်ကိုကိုယ်မှိုင်းတိုက်။ စရိုက်ဆိုးတွေဖယ်ထုတ်ရင်း ဖြုတ်ထုတ်သတ် လမ်းစဉ် ကိုအမှတ်ရမိတယ်။ သစ္စာရှိတယ်ဆိုတဲ့ နောက်ကျောကဓါးနဲ့ထိုးခံဖူးတော့ ကျေးဇူးရှိမှ ကျေးစွတ်တတ်တဲ့ လူတွေရဲ့အကျင့်ကို ကိုယ့်စိတ်နဲ့ဘဲကိုယ်ပြန်တိုင်းပြီး မရိုင်းရအောင်နေခဲ့တယ်။ ဘာဘဲ လုပ် လုပ်ကိုယ့် အကျိုးစီးပွား တခုထဲကို မကြည့်ခဲ့ရပေမယ့် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် စိတ်ဓါတ်ကျစေတဲ့ အချို့ကြောင့် နေ့စဉ်ပတ်ဝန်းကျင်ကလဲ ညစ်ညမ်းနေခဲ့ရပြန်တယ်။

ဘယ်လိုဘဲ ဖြစ်ဖြစ်လေ သံယောဇဉ်က တကြောင်းမထောက်တကြောင်းထောက်နဲ့ ၀န်ထုတ်ဝန်ပိုးတခုကို over wight ဖြစ်အောင်ထမ်းထားနေဆဲဘဲ။ သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါဆိုတာ ရေးပြမှ နားလည်တတ်မှာတဲ့လား။ သံသယစိတ်တွေ ၀န်တိုမနာလိုမှု အမိန်မနာခံတတ်မှုတွေနဲ့ကြီးပြင်းလာသူတွေအတွက် ခွေးကြီးမှ လက်ပေးသင်ရသလို အရိပ်ပြလဲအကောင်မထင် အဆိုးမြင်ဝါဒနဲ့ဆက်သွား အဲဒါကို မိတ်ဆွေတွေလို့ခေါ်ကြဦးမလား။

ရှဥ့်လဲလျောက်သာ ပျားလဲစွဲသာတဲ့ မြွေမသေတုတ်မကျိုး အမျိုးမျိုးရပ်တည်ခဲ့ပြီးပြီ ခုထိတော့ ကျွဲပါးဆောင်းတီးနေရတုန်းဘဲ။