တော်လောက်ပါပြီ

မြန်မာမှုပြုတယ်

ရှေးကတည်းက ယိုးဒယားရာမ ကစပြီး ပတ်ပျိုးယိုးဒယားဆုံးလို့ မြန်မာမှုပြုလိုက်တဲ့ ယဉ်ကျေးမှုက ရှိခဲ့တယ်။ သူတပါးရဲ့တီထွင်ဖန်တီးမှုကိုကူးယူတယ်ဆိုတာ ရည်ရွယ်ချက်အမျိုးမျိုးလဲရှိတယ်။ ကောင်း ကျိုးဆိုးကျိုးအမျိုးမျိုးဒွေးရောယှက်တင်လို့။ မြန်မာမှုပြုတယ်ဆိုတာ ယဉ်ယဉ်ကျေးကျေးပြောတာ၊ အတုခိုးတယ် ဆိုလဲ နဲနဲ ကောင်းတယ်၊ တကယ်က ခိုးချတာ။ ရှေးတုန်းက လူ့သမိုင်းမှာ နည်းပညာ တွေ ကောင်းကောင်းမတိုးတက်သေးတော့ အတုယူတယ် အတုခိုးတယ်ဆိုတာ မိမိ ဒေသနဲ့ကိုက်ညီမယ့် အနေအထားကို ရောက်အောင် ပေါင်းစပ်ပြီး တင်ပြချင်လို့ လက်ဆင့်ကမ်းချင်လို့ အနုပညာ ပိုင်း မှာ အတတ်ပညာပိုင်းမှာ မြန်မာ့အယူအဆတွေနဲ့ပေါ်လွင်လာဖို့ တိုင်းတပါးက ယဉ်ကျေးမှု အနုပညာနဲ့ ဖန်တီးမှုတွေကို ဆင့်ကမ်းတင်ပြတယ်လို့မြင်တယ်။ သိပ္ပံမောင်ဝလို ခောတ်စမ်းစာပေ အရေး အသားတွေ၊ ရွေဥဒေါင်းရဲ့ ဦးစံရှားတွေဟာ လက်ဆင့်ကမ်းစေချင်ဖို့ မှီငြမ်းခဲ့တာလို့မြင်တယ်။ ဒါက မြန်မာမှုကို မြန်မာဆန်ဆန်ပြုတာ။

မကြည်အောင်နဲ့ချယ်ရီမြေ

စစ်ကြိုခေတ်မတိုင်ခင်ကတည်းက မြန်မာ့သီချင်းလောကမှာ မကြည်အောင်တို့လိုသီချင်းသည်တွေက အနောက်တိုင်းဂီတ အလိုက်တွေကို ဆိုကြတယ်။ တော်တော်လေးလဲ ပြင်းပြင်းထန်ထန် ထိုးနှက် ခံခဲ့ရတာရှိတယ်။ ဒါက ခေတ်နဲလိုက်လျောညီထွေဖြစ်လာအောင် လို့တီထွင်ကြတာ လမ်းသစ်ဖောက်ကြတာ။ နောက်တော့ တလုံးမကျန် အလိုက် ကူးချတဲ့ မောင်တို့ချယ်ရီမြေလို သီချင်းတွေ ပေါ်လာ တယ်။ ဒါကလဲ ဦးဝင်းဦး ရဲ့ တီထွင်ဖန်တီးမှုတွေထဲက မဖြစ်စလောက် မှီငြမ်းမှုတခုဘဲ၊ သူ့သက်တမ်းတလျောက် ကိုယ်တိုင်ဖန်တီးမှုတွေ အများအပြားလုပ်ခဲ့တယ်။ ဒီတော့ တချို့တလေ မှီငြမ်းတာက ပြောပလောက်အောင်မဖြစ်ခဲ့ဘူး။

ဇာတ်နောက်စိကြေ

ဒီဘက်ခောတ်ရောက်လာတော့ ဆယ်စုနှစ် ၂ ခုလောက်ကြာနေပြီ မြန်မာ့ဇာတ်သဘင်တွေမှာ စတိတ်ရှိုးတွေသွင်းပြကြတယ်။ ဇာတ်ကတာကြည့်ချင်လို့လာတာ စတိတ်ရှိုးကြည့်ချင်ရင် တခြားကြည့် ကြ မှာပေါ့။ ထွင်လဲထွင်ပ၊ ထွင်တာတောင် မိုးမင်းက ဗန်သလာအိုက်စ် ခောတ်စားတဲ့အချိန်မှာ အဖွဲ့လိုက် ဇာတ်စင်ပေါ်တက်ကပြီး Ice Ice Moe Min, Ice Ice Moe Min. ဆိုပြီး လုပ်ချလိုက်တာ။ နောက်ပိုင်းသူ့ ဆွေမျိုးဖြစ်တဲ့ ဟန်ဇာမိုးဝင်းကပါ ဒီဘက် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရောက်မှ ရှာကီရာ သီချင်းကို ဟန်ဇာလေးပါဘဲ ဟန်ဇာလေးပါဘဲ ဆိုပြီး လူပျက်တွေကို ဗန်းနဲ့တင်မခိုင်းပြီး ကပြ လိုက်တာ ဇာတ်ပျက်ရုံတင်မက ဆရာအီကြာကွေးစကားနဲ့ပြောရရင် ဇာတ်ခေါင်းကွဲ ဇာတ်နောက်စိကြေ ဖြစ်တော့မယ်။ ဒါက အတုခိုးရမယ့် အနေအထားမဟုတ်ဘူး။ မြန်မာ့ဇာတ်သဘင် ဆိုတာ မြန်မာ့ အက မြန်မာ့အဆို မြန်မာ ဆိုင်းဝိုင်းတွေကို အဓိက ထိန်းသိမ်းထားတဲ့ မြန်မာ့ အနုပညာ ယဉ်ကြေးမှုအစုအဝေးကြီးဘဲ၊ ဖိုးစိန်ကြီး ရှိနေတုန်းဆိုရင်တော့ သူလဲ ယှဉ်ပြိုင်ပြီး ဂျက်စဆင်ဘီဘာ သီချင်းနဲ့ ကလေမလားမပြောတတ်။

စတူရီယိုလားမိုနိုလား

စတူရီယိုခေတ်ရယ်လို့ မြန်မာ့ တေးသံရှင်သီချင်းလောကမှာ ဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ မိုနို စနစ်ကနေ စတူရီယိုခေတ်ရောက်မှ ပေါ်လာလို့ထင်တယ်။ နောက်ပိုင်းတောင် စတူရီယို အဆိုတော် ဆိုပြီး ကြေငြာတာတွေ့ခဲ့ဘူးတယ်။ အခုခောတ်ကတော့ ဒီဂျစ်တယ်ခေတ်ဆိုတော့ အခုအဆိုရှင်တွေကို ဒီဂျစ်တယ်အဆိုတော်လို့ ခေါ်မှသင့်တော်မယ်ထင်တယ်။ တက္ကသိုလ်ထွန်းနောင် တို့ ပလေးဘွိုင်းသန်းနိုင်တို့ခေတ်မှာ အတိုက်အခိုက်ပေါင်းများစွာကိုရင်ဆိုင်ပြီး နိုင်ငံခြားသံစဉ် တွေကို တင်သွင်းကြတယ်။ တေးသွားအလိုက်ယူပြီး မြန်မာစာသွတ်ကြတယ်။ ကောင်းခဲ့ပါတယ်။ ကြိုးစားခဲ့ ကြလို့လေ။ နောက်တော့ ကိုယ်ပိုင်သံစဉ်တွေကို အဆိုပိုများလာကြတယ်။ ဒါက ဘုရားပြီးရင် ငြမ်းဖျက်ရမယ့် အနေအထားဘဲကိုး။ သူတို့တွေရှေ့ဆောင်ခဲ့လို့ တေးသံရှင်တခေတ်ဆန်းခဲ့ပေမယ့် နောက်ပိုင်း လူတွေဘာဆက်လုပ်တယ်မသိဘူး ကော်ပီတူ ကော်ပီ လုပ်တာကိုလက်ယဉ်လာတယ်။ ဘာဖြစ်ဖြစ် နိုင်ငံခြားမှာ နာမည်ကြီးတဲ့သီချင်းဆို မြန်မာစာသွတ်လိုက်တာဘဲ။ လက်ခံတဲ့သူတွေက အဆန်းမဟုတ်ဘူး။ နားထောင်လို့ကောင်းတဲ့သံစဉ်မို့ ကမ္ဘာကျော်လာတဲ့သီချင်းကို မြန်မာလိုပြန်နားထောင်ရတော့ သဘောကျတာ။

အိုးလေးလှုပ်ပါဟေ့

ဒီဂျစ်တယ်ခေတ်မှာ clone လို့ခေါ်တဲ့ ပွားကူးတဲ့ နည်းပညာက ပစ္စည်းတွေတင်မက လူတွေရဲ့အသိပညာမူပိုင်ခွင့်ကိုပါ အပြင်းအထန်ထိုးနှက်လာတယ်။ အိုးလေးလှုပ်ပါဟေ့လို စိုင်းစိုင်းခမ်းလှိုင် တို့ သုံးပုဒ်တပုဒ်ပေါင်း တွေ၊ လေးဖြူတို့ မဇဥူရီ သီချင်းလို၊ အားလုံးအားလုံးကို ကူးချ လာလိုက်တာ နောက်ဆုံး ကမ္ဘာ့ဖလားက ၀ါကာဝါကာ သီချင်းပါတဲ့တခွေလုံးကို ပြန်ထုတ်တဲ့အထိ ရေချိန်က မြင့်တက်လာတယ်။ အရင်လို တီးလုံးသံစဉ်တွေကို ပြန်တီးစရာမလိုလောက်အောင်နည်းပညာမြင့်မားလာလိုက်တာ သီချင်းအသစ်ကို ဖန်တီးတာာမလုပ်ဘဲ မနေ့က အမေရိကမှာထွက်တဲ့သီချင်းကို အင်တာနက်ကနေဒေါင်းလုပ်ချပြီး ၂၄ နာရီမပြည့်ခင်မှာ မြန်မာစာသွင်းထားတဲ့ သီချင်းတပုဒ်က စက်ရုံကထွက်သလို ထွက်လာကြတယ်။ နောက်ဆုံးတော့ ကပ္ပလီတွေ သူတို့ခံစားချက်ထုတ်ဖော်တဲ့ hip hop သီချင်း အလိုက်တွေကို အသစ်ပြန်ဖန်တီးတဲ့ ကလေးတွေကမှ ကိုယ်ပိုင်သံစဉ်ကို များများလုပ်နိုင်ကြသေးတယ်။

ဒိုးလုံးနဲ့ထူးအိမ်သင်

သူတို့တွေက အတတ်နိုင်ဆုံး ကိုယ်ပိုင်သံစဉ်တွေထုတ်ကြတယ်။ ကိုယ်ပိုင်သံစဉ်တွေကို အများဆုံးရေးစပ်တာ မြန်မာသံစဉ်လို့ခေါ်တဲ့ အရပ်အခေါ် တောသီချင်းတွေဘဲရှိတယ်။ စတူရီယို တံဆိပ်ကပ် ထားတဲ့ အဆိုတော်တွေထဲမှာ ကိုယ်ပိုင်သံစဉ်ကို တစိုက်မတ်မတ် ဆိုကြသူတွေ အခိုင်အမာ ပရိတ်သတ်ရကြတာလဲမဆန်းဘူး။ တွံတေးသိန်းတန်၊ မြန်မာပြည်သိန်းတန် ၊ခင်မောင်တိုး၊ စိုင်းထီးဆိုင် တို့ သီချင်းတွေက တောရောမြို့ပါမကျန် ပါးစပ်ဖျားမှာ ရနေကြတယ်။ တကယ်က ဒီသံစဉ်တွေက အနောက်တိုင်း တူရိယာတွေကို သုံးပြီး ကိုယ်ပိုင် ခံစားချက် အနုပညာကို ထုတ်ပြရတာဘဲ။ ဖန်တီးကြတဲ့နေရာမှာ ပရိတ်သတ်ကို သူတို့ တကယ် အားထုတ်ပေးကြတာ စေတနာဘဲ။ အနောက်တိုင်းက နာမည်ကြီး သီချင်းတွေကို ကူးရေးပြီး ကြီးကြီးကျယ်ကျယ်ပြောတဲ့တေးရေးဆရာတွေကို အားနားပါရဲ့။ ရေးတာတော့ရေးပါ ကြွားကြ တာတော့မကောင်းဘူး။ စကားလုံးတွေကို ရှာရတာ အရမ်း ခက်ခဲတယ်။ ကျွန်တော်တို့အနေနဲ့ အမြဲတမ်း ဆန်းသစ်ဖို့ကြိုးစားတယ်လို့ ဒီဘက်ခေတ်နာမည်ကြီးတေးရေးဆရာတယောက်က မဏ္ဍပ် တိုင်တက်ပြလိုက်တာ ကြားဖူးတယ်။ သူ့ကြိုးစားမှုအတွက် လေးစားလိုက်တာကွယ်။

သခိုးကလူဟစ်

နောက်တော့ စားခွက်လုတယ်ပြောရမှာဘဲ။ သူများနိုင်ငံက သီချင်းလဲ ခိုးချသေးတယ်။ ဟိုလူကယူဆိုလို့ ဒီလူက ပြန်ပြီး အသစ်လုပ်လို့ ငါပိုင်တယ် သူပိုင်တယ်နဲ့ရှက်စရာကောင်းတယ်။ အိုးကမပူ စလောင်းက ပူ ဥပဒေတွေတောင်ထုတ်ပြ မူပိုင်ခွင့်က ဘယ်သူဘယ်ဝါနဲ့။ ဂလိုဘယ်ခေတ်မှာ အသံထွက်လာတဲ့ ဥာနဆိုင်ရာ မှုပိုင်ခွင့်တောင်အလွဲသုံးစားလုပ်လိုက်ကြသေးတယ်။ နောက်တော့ ခိုးကူး ခွေကို တရားခံရှာပြီး သူခိုးလက်က သ၀ှက်လုဖြစ်ကြတယ်။ စားသုံးသူကလဲ သိတယ်လေ။ အားထုတ်ထားတာ အာပလာ ဖြစ်နေပြီး ကွာလတီမကောင်းတဲ့ ဒီအခွေ ဆေးဆိုးပန်းရိုက်လုပ်ထုတ် ထားတဲ့ မူရင်းခွေကိုမ၀ယ်တော့ဘူး တထောင်ဖိုးသုံးခွေနဲ့ သေလွယ်ကာပျောက်လွယ်ကာ တခါကြည့်ပြီး ပြီးရော သိမ်းမထားတော့ဘူး။ တကယ်က တန်ဖိုးမထားကြတော့ဘူး။ တကယ်အားထုတ် သူတွေကိုတော့အားနာပါရဲ့ ပဲကြီးလှော်ကြားဆားညှပ်ရှာတယ်။

ကိုရီးယားအိုပါးစတိုင်နဲ့ မြန်မာမှု

နောက်တော့ကိုရီးယား ရုပ်ရှင် နဲ့ဂီတက အာရှကိုလွှမ်မိုးလာတယ်။ ကိုရီးယားကရုပ်ရှင်မှာ မြန်မာထက်နောက်ကျတယ်။ ဒါပေမယ့် အခုကျော်တက်သွားပြီ။ ကိုရီးယားက သရုပ်ဆောင်တွေလောက် တော့ မြန်မာသရုပ်ဆောင်တွေလုပ်နိုင်ပါတယ်လို့ ပြည်တွင်းထုတ်ဂျာနယ်တွေကနေ လက်သီးပုန်းပြကြတယ်။ သိပ်ကောင်းတဲ့ ကိုရီးယားကားတွေကို မြန်မာမှုပြုပြီး ပြန်ရိုက်တယ်ဆိုတာကရှိသေးတယ်။ မြန်မာစာတမ်းထိုးထားတဲ့ ကိုရီးယားကားတွေ လမ်းဘေးမှာ ၀ယ်လို့ရတယ်။ ဘယ့်နှယ့်မြန်မာမှုလုပ်နေသေးလဲ တော်တော်လေး တီထွင်ရမယ်ထင်တယ်။ အင်တာနက်ခေတ်၊ ဂြိုလ်တုစလောင်းကနေ ၂၄ နာရီ မပြတ်တမ်း တောရောမြို့ပါမကျန် ကြည့်နေတဲ့ခေတ်။ ရှေးကလို လက်ဆင့်ကမ်းပေးရလောက်အောင် နောက်မကျတော့ဘူး။ ကိုရီးယား သီချင်း လေးကောင်းရင်လဲ ခါတော်မှီခိုးချ၊ ဟိုက ကောင်မလေးဆိုတာကို ဒီက ကောင်လေးတွေက ပြန်ဆို ရှက်တက်ရင်ရှက်ဖို့ကောင်းတယ်။

ခိုးရင်လဲ မှီအောင်ခိုးပေါ့

ရုပ်ရှင်ရော ဂီတရော အကရော ဘာမှ အခိုးကမလွတ်ဘူး။ ခိုးတော့လဲ မှီအောင်မခိုးနိုင်။ သီချင်းခိုးတော့ မူရင်းအတိုင်းမတီးနိုင်မဆိုနိုင်။ ရုပ်ရှင်ဆိုပိုဆိုး ( Transporter movie နဲ့ ကယ်ရီ မြန်မာဇာတ်လမ်း ၊ The Good the bad and ugly နဲ့ မောင်ရင်ငတေမိုက်ကန်းသည် ) ဒါတွေကိုယှဉ်ကြည့်။ ကတာလဲ စိတ်ပျက်ဖို့ကောင်းအောင်ခိုးချတယ်။ မိုက်ကယ်ဂျက်ဆင်လဲမနေရ ရှက်ကီရာလဲ မနေရ ဂျနီဖာလိုပတ်လဲ မနေရ ရစ်ကီမာတင်ပါ ခိုးချ။ ဒါတောင် အိန္ဒယ အကတွေ ကို လိုက်ကချင်ကြသေးတယ်။

မလုပ်နိုင်တာလားမလုပ်တတ်တာလားမလုပ်ချင်တာလား

ကျွန်တော်သိသလောက်တော့ ဒီက သူတွေအားလုံး ကိုယ်တိုင်ဖန်တီးနိုင်တဲ့ အစွမ်းအစ အပြည့်အ၀ရှိတယ်ဆိုတာဘဲ ဒါပေမယ့် ဘာကြောင့် ဒီလို လုပ်တာတွေမစဉ်းစားတတ်ဘူး။ အစိုးရပေါ်လစီကြောင့် ဈေးကွက်ကြောင့် စားသုံးသူကြောင့်ဆိုပြီး ဆင်ခြေမပေးစေချင်ဘူး။ လုပ်လို့ရတဲ့ အပိုင်းတွေများကြီးရှိလျက်နဲ့ ရေသခိုအချောင်လိုက်ပြီး လုပ်နေတာတွေ တော်လောက်ပြီထင်တယ်။

မှတ်ချက် ။ ။ မနက်က လက်ဖက်ရည်ဆိုင်မှာ အဆိုတော်သအိုရဲ့ သီချင်းဗီစီဒီခွေကိုကြည့်ပြီး စိတ်ထဲမှာ အတော့်ကို ပြောချင်လာလို့ရေးလိုက်တာ။ ပြောချင်နောတာကြာပြီ ရှည်ရှည်ပြောရရင် စာမျက်နှာ ၅၀၀ ကျော်သွားနိုင်တယ်။

0 comments: