တခါတရံ

တခါတရံကျရင် ဖြစ်တတ်တဲ့သဘောရှိတယ်လေ။ အမြဲတမ်းအတွက်တော့ မဟုတ်ဘူး။ ဒါပေမယ့် တခါတရံတွေ အမြဲဆက်လာတဲ့အခါ ဘယ်လိုပြောကြမလဲ။ တကယ်ပါ။  တခါတလေ ဆိုလဲ ဖြစ်နိုင်ပါ တယ်။ တခါတည်းနဲ့ လေထွက်သွားတာ။ တခါတရံ ကျတော့ စဉ်းစားမိတယ်။ ကိုယ့် အကြောင်း ကိုပြန်တူးဆွကြည့်တဲ့အခါ မှာ မြင်ယောင်လာတတ်တယ်။ ဘာအတွက် ဘယ်ကြောင့် ဆိုတဲ့ သံယောဇဉ် တွေကြားက ဆင်ခြေခပ်ပြင်းပြင်းနဲ့ မျှော်လင့်မှုတွေ ထားပြီး လုပ်ကိုင်နေတဲ့ ကိုယ့် အလုပ်တွေ၊ တခါတရံကျတော့လဲ တွေးတောကြည့်တယ်၊ ရှာဖွေတာတွေက တရက်နဲ့တရက် အလျှင်မှီအောင် ပြည့်ဝ ဖို့ကလွဲပြီး ဘာမှ ထူးထူးထွေထွေ ပြောင်းလဲမလာတော့ဘူးလားလို့။ စိတ်ချမ်းသာမှုဆိုတာ စိတ်ကို အေးချမ်းအောင် ထားနိုင်ရင် ဖြစ်မယ်ထင်ပါတယ်။ ပူလောင်မှုတွေနဲ့ လောင်မြိုက်နေတဲ့ ဒီသောက ဝေ နေတဲ့ အားအင်တွေကို နေ့စဉ်နေ့တိုင်း လောင်ကျွမ်းပစ်လိုက်တာ ခမ်းခြောက်ဖို့တော့ နီးလာပြီ။

သံသရာဆိုတာ တကျော့ပြီး တကျော့ လည်နေတဲ့ အသစ်အဟောင်း၊ ဟောင်းနဲ့အသစ် ပြန်ပြန်ဖြစ်နေဦးမှာဘဲ၊ ဥပက္ခာ ဆိုတဲ့ စကားလုံးကိုလေးလေးနက်နက်စဉ်းစားကြည့် ပြန်တော့ ကိုယ့် အားနည်း ချက် ကိုတွေ့ပြန်တယ်။ တာဝန်ဆိုတာ အသိစိတ်ထဲမှာ အဖန်တလဲလဲ ကြားယောင်နေတဲ့ သိက္ခာတဖက် နဲ့ကိုယ့်ကို ကိုယ်ဦးပြန်မော့ထားရတယ်။ ခေါင်းငုံ့ပြီးစဉ်းစားကြည့် ပြန်တော့ အရှက်ရစရာ ကိုယ့်ကိုကိုယ် လိမ်ညာမှုတွေကို အတိုင်းသားပြန်မြင်ရတယ်။ တစ်နေ့ရွှေ တနေ့ငွေ ဆိုတာ တောင့်တမှုနဲ့ဘဲ လိုက်ဖက်ညီတဲ့စကားဖြစ်လာတယ်။

ပြည့်စုံတယ်ဆိုတာ ဘာကို ပြောတာလဲ၊ ပညာ၊ ရာထူး၊ ဂုဏ်၊ ငွေကြေး ဥစ္စာ၊ ဘယ်တုန်းက ပြည့်စုံပြီး ပြည့်ဝပြီး သေသွားခဲ့တယ်ဆိုတာ မကြားမိဘူး၊ ဒီလိုဘဲ တဖြုတ်ဖြုတ်ကြွေသွားကြတာဘဲ။ ငါ့မှာလဲ ပြည့်ဝဖို့ ပြည့်စုံဖို့ ဘာကိုမျှော်လင့်ကြဦးမလဲ။ နောက်နေ့မနက်ဖန်မှာ ငါမျက်လုံး အစုံ ပွင့်တာနဲ့ ပြသနာတွေနဲ့ပြီးပြည့်စုံတဲ့ လောက က လှမ်းကြိုတာဘဲ ကြုံရမယ်။ ဒါတွေကို အေးငြိမ်းရာ ဘယ်မှာ ရှာ ကြမလဲ။

ကိုယ့်စိတ်ထဲမှာ ပြန်ရှာကြည့်တယ်။ တွေဝေမှုနဲ့ထမ်းပိုးထားတာတွေကို ခါချဖို့ကြိုးစားကြည့်တယ်၊ အမှန်ဆိုတာလဲ မရှိဘူး မှားတာဆိုတာလဲ မရှိတဲ့ ပညတ်တွေ ကိုရှောင်ရှားလိုက်နဲ့ လွတ်လပ်တယ်ဆိုတာ ကိုယ့် ရင်ထဲမှာ လွတ်လပ်မှ တန်ဖိုးရှိမယ်ထင်ပါတယ်။ စိတ်ကိုဖွင့်ပြီး ငါနိုးထကြည့်လိုက်တယ်။ မနက်ဖန်ဟာ ဒီအတိုင်းဘယ်တော့မှလဲမရှိဘူး။ ဒါပေမယ့် ဒီအတိုင်းစောင့်နေမယ့် အရာတွေတော့ရှိတယ်။ အတောင်ပံ တချက်ကို ခတ်မယ်လုပ်ကာမှ ခြေနှစ်ချောင်းကို ကြိုးတုတ်ထားတယ်။ ငါဟာ ပိုက်ကွန် ပေါ်မှာ ရှိသည့်တိုင် ပျံသန်းဖို့ဘယ်တော့မှ ကြိုးစားမိမယ်မသိသေးဘူး။

You can leave a response, or trackback from your own site.

One Response to “တခါတရံ”

  1. kom says:

    နဲနဲမြင့်တယ် လျော့ပါဦး။

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice