စဉ်းစားမရတဲ့သစ်ပင်

အဲဒီကောင်းကင်ထဲမှာဘဲ အရောင်တွေကွဲနေခဲ့တာ၊အဖြူကဖြူ အပြာကပြာနဲ့၊  အပြောင်းအလဲများတဲ့ ကောင်းကင်တခုဘဲ။

ဒါပေမယ့် နေ့နဲ့ညက တော့ ပုံသေသတ်မှတ်၊ အလွမ်းနဲ့ ဘဲ ဇာတ်သိမ်းတတ်တဲ့ကောင်ပါ။

ချက်ချ မထားတဲ့ တံခါးတချပ်အတွက် တွန်းဖွင့်မဖြစ်ခဲ့တဲ့ လက်တစုံမှာ မာယာတွေတော့ မပါဘူး၊ အဖြူရောင်တခုကြောင့် ငါ့ကာလာတွေ စွန်းထင်းခဲ့ရပြီ။

ကွေ့ကောက်တတ်တဲ့ သစ်တပင်အတွက် ထန်းတောတွေရဲ့ သမိုင်းကို မေ့ လျော့ထားပေးခဲ့တယ်၊ မင်းဟာ မြစ်တစင်း မဟုတ်ဘူး၊ မင်းဟာ နွယ်ပင်မဟုတ်ဘူး— ဒါနဲ့ဘဲ အစစအရာရာဟာ မင်း ပြောတဲ့စကားနဲ့ အရာထင်ခဲ့တာ။

လူပြောများတဲ့ သီချင်းတပုဒ်အတွက် မယ်လိုဒီကောင်း ကောင်း မလိုဘူး၊ မိုက်ကယ်အိန်ဂျလို ရေးတဲ့ ပန်းချီကားမဟုတ်တဲ့ မင်းရဲ့ ခန်းနားမှုအတွက် ငါ့မှာ ပေးစရာ မျက်နှာကျက် နေရာများများစားစား မချန်ထားခဲ့မိဘူး။

ဒါပေမယ့် ပြတိုက်ထဲမှာ အလှပြသိမ်းထား ဖို့အတွက် မူးစုပဲစု စုထားတဲ့မေတ္တာ တခုအတွက် သံယောဇဉ်နဲ့ ဘောင်ခတ် ငါ့ကိုယ်ငါချည်နှောင်တဲ့ ကြိုးနဲ့ ဘဲ တံပိုးခရာမှုတ် တယောက်ထဲ အထိမ်းအမှတ်လုပ်နေခဲ့တယ်။

ကဗျာ တပုဒ်တပုဒ်ရလိုက်တိုင်း ငါတခုတခု ခံစား ရတတ် တယ်၊ အမှတ်တရ ဖြစ်ဖြစ်၊ အမှတ်မရတာဘဲဖြစ်ဖြစ်၊ တကိုယ်တော်ဇွတ်မိုက်၊ ထင်သလို လိုက်ခဲ့တယ်၊ ငါ့ပင်လယ်နဲ့ငါ ၊ လွှင့်လိုက်တဲ့ ရွက်တွေ၊ တောင်စဉ်ရေမရ နောက်ကျနေတဲ့ မိုးရာသီ တမ်းချင်း တပုဒ်၊ သူသူငါငါ ပြောကြတဲ့ စကားလုံးတွေနဲ့ ခပ်နှိပ်၊ ငါ့ရဲ့ အိပ်မရတာ တွေအတွက် ညကိုဘဲ အပြစ်တင်သင့်တယ်။

ပုံမှန်လှုပ်ရှား မှုတွေထဲက butterfly effect အတွက် ငါ့အတောင်ပံတွေ အလုပ်ရှုပ်ခဲ့ရတယ်။ သီအိုရီ တွေရဲ့ခန်းနားမှုတွေက ပုံသေနည်းတွေနဲ့ ရိုက်ချိုး၊ ငါ့ကို အမျိုးမျိုးနှိပ်စက်တယ်။ ကိုယ်ကျင့်တရား ကောင်းမွန်မှု အတွက် ရက်ကွက်ထောက်ခံစာရှိတယ်၊ ရဲစခန်းထောက်ခံစာရှိတယ်၊ ယဉ်ကျေးမှုသင်တန်းတက်ဖူးတယ်။ ရုံးလုပ်နည်းအရတော့ ဒါတွေဟာ ပြည့်စုံလုံလောက်တဲ့  စာရိတ္တဘဲ။

နောက်ကျနေတဲ့ နေ့ရက်တွေထဲမှာ ပစ္စုပါန်စာသားကိုကျုးရင့်ကြည့်တော့ ဟန်ဆောင်မှုတွေဘဲ ထွက်ကျလာတယ်။ အပြုံးတုတွေ ကိုစားသုံးမှုကြောင့် အဆိပ်သင့်ခဲ့တဲ့ စိတ်ကူးတွေအတွက် မျှော်လင့်ချက် ဆိုတာ ရေးတေးတေး မှုန်ပြပြ၊ မင်းဖုံးပိတ်ထားတဲ့ခဏ ဆိုတာ . ..။

သံချေးတက်တဲ့ဘောင်နဲ့  အသက်ရှုတတ်တဲ့ ပန်းချီကားတခု အတွက် WD-40 သုံးလို့မရဘူး။  ၀ီစကီ တလုံးနဲ့ ရေသန့်ရေခဲ တထုတ်လိုတယ်။ စဉ်းစားမတတ်တဲ့သစ်ပင်အတွက် ငါ့မှာ ခုတ်လှဲခွင့်မရှိဘူး။

You can leave a response, or trackback from your own site.

2 Responses to “စဉ်းစားမရတဲ့သစ်ပင်”

  1. getsuyoobi says:

    ကိုဇော်ဇော်…ဒီညမှအသေအချာဖတ်ဖြစ်ပါတယ်“အပြုံးတုတွေ ကိုစားသုံးမှုကြောင့် အဆိပ်သင့်ခဲ့တဲ့ စိတ်ကူးတွေအတွက် မျှော်လင့်ချက် ဆိုတာ ရေးတေးတေး မှုန်ပြပြ” အရမ်းကောင်းထိမိတဲ.စာသားတွေပါ။
    “ကဗျာ တပုဒ်တပုဒ်ရလိုက်တိုင်း ငါတခုတခု ခံစား ရတတ် တယ်၊ အမှတ်တရ ဖြစ်ဖြစ်၊ အမှတ်မရတာဘဲဖြစ်ဖြစ်၊ တကိုယ်တော်ဇွတ်မိုက်၊ ထင်သလို လိုက်ခဲ့တယ်၊ ငါ့ပင်လယ်နဲ့ငါ ၊ လွှင့်လိုက်တဲ့ ရွက်တွေ၊ တောင်စဉ်ရေမရ နောက်ကျနေတဲ့ မိုးရာသီ တမ်းချင်း တပုဒ်၊ သူသူငါငါ ပြောကြတဲ့ စကားလုံးတွေနဲ့ ခပ်နှိပ်၊ ငါ့ရဲ့ အိပ်မရတာ တွေအတွက် ညကိုဘဲ အပြစ်တင်သင့်တယ်။”
    ဒီစာသားတွေ အတွက်ကျေးဇူးတင်ပါတယ်…….

  2. admin says:

    လာပြီး အားပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လဲ တကယ့်စိတ်ထဲမှာ ခံစားနေရတဲ့အတိုင်းချရေးထားတာပါ။

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice