တို့လုပ်နိုင်တဲ့ လက်တကမ်းစီးပွားရေး

ကျွန်တော်မနှစ်က ဘလောက်ဒေးလုပ်ဖြစ်ရင် ပြောမယ်ဆိုပြီး ရေးထားတဲ့ စာတွေပါ။ အခုချိန်အထိတော့ သိပ်ပြီးနောက်မကျသေးဘူးထင်တာနဲ့ ဒီမှာဘဲတင်ပေးလိုက်တယ်။ အနည်းငယ်တော့ ပြန်ပြီး တည်းဖြတ် လိုက်ပါတယ်။ အပြင်က ဂျာနယ်တခုခုမှာဆို ပိုပြီး တည်းဖြတ်ခံရနိုင်သလို စာမျက်နှာအခက်အခဲလဲရှိတော့ ဒီမှာ ပြန်ဖော်ပြပေးလိုက်ပါတယ်။ မသိတဲ့သူတွေကိုသိစေချင်တဲ့သဘောပါ။ သိပြီးသားသူတွေအနေနဲ့လဲ ဝေဖန်အကြံပြုပေးစေချင်ပါတယ်။

Network ပေါ်က စီးပွားရေး အခွင့်အလမ်းများ

ဟိုဘက်ခေတ်ဒီဘက်ခေတ်

ကျွန်တော်တို့ အခုရောက်ရှိနေတဲ့ ရာကစုက ၂၁ ရာစုလို့ အာလုံးသိကြတဲ့အတိုင်းဘဲ ရာစုနှစ်က အသစ် နောက်ပြီး ထောင်စုနှစ်ကလဲ အသစ်။ တခုရှိတာက ကျွန်တော်တို့ အသက်အရွယ်က ၂၀ ရာစုအကုန် ၂၁ ရာစုအကူး ၊ ပြောရရင်  ဟိုဘက်ခေတ် ဒီဘက်ခေတ်ရဲ့အလွှဲအပြောင်းမှာ ရှင်သန်လာကြခဲ့တာ။ ဒီတော့ အပြောင်းအလွဲတွေရဲ့ ရိုက်ခတ်မှုတွေ ကို ကိုယ်တိုင် ခံစား လာခဲ့ကြတာ။ ဘယ်အရာက ကောင်းကျိုးနဲ့ ရှေ့ဆက်လာတယ်။ ဘယ်အရာကတော့ ဆိုးကျိုးနဲ့ဘဲ ရှင်သန်နေတယ် ဆိုတာတွေလဲ မြင်တွေ့ခဲ့ကြတယ်။ အခုလက်ရှိနေ့စဉ်နေထိုင်နေတဲ့ ဘ၀မှာ မပါမဖြစ်၊ ဆိုရရင် ကျွန်တော်တို့ နောက်ပိုင်းမျိုးဆက်တွေမှာ မရှိမဖြစ်လိုအပ်လာတဲ့အရာ တခုကတော့ နည်းပညာ အချက်အလက်ခေတ်၊ သတင်းနည်းပညာခေတ် စတဲ့ စကားလုံးဆန်းဆန်းတွေကို တွင်တွင်ကြီး သုံးစွဲလာတဲ့ အခု ခေတ်၊ တနည်းပြောရရင် အင်တာနက်ခေတ်ပါဘဲ။

ကျွန်တော်တို့ ပြီးခဲ့တဲ့ ၁၀ စုနှစ်များထဲက တော်တော်လေး ငယ်သေးတဲ့ ၁၀ ကျော်သက်ဘ၀မှာ ကျွန်တော်တို့တွေ အတွက် ဘယ်အရာကိုမဆို ရွေးချယ်စရာ အခွင့်အလမ်းတွေနည်းခဲ့သေးတယ်။ ဒါပေမယ့် သူ့အခါနဲ့သူကတော့ တိုးတက် နေတဲ့အချိန်ပါဘဲ။ ကျွန်တော်တို့ ကျောင်းက ပြန်လာရင် တီဗွီဂိမ်းကစားမလား၊ ဒါမှမဟုတ် စလောင်းကလာတဲ့ သီချင်းတွေ ရုပ်ရှင်တွေကြည့်မလား။ ဒီလောက်ဘဲ၊ ပညာရေးနဲ့ပတ်သတ်ရင်တောင် ကျွန်တော်တို့ သိထားတာတွေက အခုခေတ်လူငယ်တွေ သိနေတာလောက်မရှိသေးဘူး ထင်ချင်ထင်လို့ရလောက်တဲ့အချိန်ပေါ့။ အဲဒီတုန်းက ကွန်ပျုတာ သုံးရင် ၀င်းဒိုး ၉၅ ကိုအကောင်းဆုံးအနေနဲ့သုံးလာခဲ့လိုက်တာ ၀င်းဒိုး ၉၈ ပေါ်လာတဲ့အချိန်ကျမှဘဲ အင်တာနက်ဆိုတာ ကို သေသေချာချာ သိခွင့်ရခဲ့တာ ။ အရင်တုန်းက အင်တာနက်ဆိုတာ ယုံတမ်း စကားတခုလို သတင်းတွေ မဂ္ဂဇင်းတွေ မှာ ပါတဲ့ အချက်အလက်တွေကို လေ့လာရင်းနဲ့ပဲသိလာခဲ့တာ။ အဲဒီထက်မပိုဘူး။ ကျွန်တော် အင်တာနက်စသုံးတော့ ၂၀၀၀ လောက်ဘဲရှိဦးမယ်ထင်ပါတယ်။ အဲဒီတုန်းက search engine ထဲမှာလိပ်စာကို အကြိမ်ကြိမ်ရိုက်ထဲ့ခဲ့မိ ခဲ့တာ အခုအထိ မမေ့သေးဘူး။ အင်တာနက်ကို ဘယ်လိုသုံးမယ်ဆိုတာ ကျွန်တော်တို့ကို ဘယ်သူကမှမသင်ပြပေးနိုင်ခဲ့ သေးဘူး။ သိချင်တဲ့ စိတ်တခုထဲနဲ့ ချဉ်းကပ်ခဲ့တာ။ အခုတော့ ပြောင်းသွားပြီ၊  ကွန်ပျုတာနဲ့ ပတ်သက်တဲ့ သင်တန်းတွေ အားလုံး အင်တာနက် အသုံးပြုတဲ့ အကြောင်းကို သင်ပေးနေပြီ။ အဆင်သင့်စားသုံးချိန်ရောက်သွားတော့ စမ်းတ၀ါးဝါးအချိန်မကုန်တော့သလို သုံးရတာလဲလွယ်ကူနေတော့ လူတိုင်း အဆင်ပြေပြေနဲ့ သုံးနိုင်သွားပြီ။ လူကြီးလူငယ် မရွေး၊ နေရာဒေသမရွေး တကယ်သုံးချင်ရင် လေ့လာချင်ရင် လက်တကမ်းမှာရှိနေတာ အင်တာနက် နည်းပညာဘဲ။ သူ့ အကြောင်းကတော့ သိပြီိးကြပြီမို့အရှည်ပြောဖို့လိုမယ်မထင်ပါဘူး၊ ဒီဘက်ခေတ်မှာကတော့ဒီဂျစ်တယ်။ ကျွန်တော်တို့ ကျန်ခဲ့တဲ့ ဟိုဘက်ခေတ်ကတော့ အန်းနားလော့လို့ဘဲ ပြောချင်တယ်။ ဒီဂျစ်တယ်ဆိုတာကတော့ ဂဏန်းတွေနဲ့မှတ်တဲ့ နည်းပညာတခုဆိုတော့ စကားဆန်းဆန်းသုံးကြည့်ရင် သူ့အကြောင်းပြောရတာ ကိန်းဂဏန်းကြီးတယ်ပေါ့ဗျာ။

နည်းပညာမှာစီးမျောခြင်း

နည်းပညာ ဆိုတဲ့ အကြောင်းပြောရတာ အလွယ်ပြောတာပါ။ အခုတွင်တွင်ကျယ်ကျယ်သုံးလာတဲ့ MP3 တွေ MP4 တွေ၊ DVD စက်တွေ၊ ဂြိုဟ်တုစလောင်းတွေ။ နောက်တခုက အင်တာနက်ဆိုင်တွေ၊ နက်ဝေါ့ဂိမ်းဆိုင် တွေထဲက ကွန်ပျုတာတွေ၊ အဲဒါတွေအားလုံးက နည်းပညာလို့ခေါ်တဲ့ အရာကနေပေါက်ဖွားဆင်းသက်လာတာဖြစ်ပြီး အဲဒီနည်းပညာတွေ ကိုဆက်လက် ပြီိး ထောက်ပံ့ပေးနေမယ့် အရာတွေလဲဖြစ်တယ်။ နောက်တခု ဒီဂျစ်တယ်ပစ္စည်းတွေလို့ သုံးနှုန်းတဲ့ ဒီပစ္စည်းတွေကို လူတွေကတော်တော်လေးယဉ်ပါးလာတဲ့ အခြေအနေကိုရောက်လာပြီ။ ပြီးခဲ့တဲ့ ၅နှစ်တုန်းလောက်က အထိတောင် ကျွန်တော်တို့ လူငယ်တွေကြားထဲမှာ ဝေါ့မန်းလို့ခေါ်တဲ့ ကတ်ဆက်သေးသေးလေးတွေ၊ ဒစ်စမန်းလို့ခေါ်တဲ့ စီဒီ ဖွင့်စက်သေးသေးတွေ ပေါ်နေပေမယ့် ဘယ်သူကမှ တွင်တွင်ကျယ်ကျယ်ဝယ်မသုံးကြသေးသလို လမ်းသွားရင်း နားကြပ်ကလေး တပ်ထားပြီးနားဆင်နေရမှာ သိပ်ပြီး စိုးရွှံကြပါတယ်။ အခုတော့ အရင်ကပေါ်ခဲ့တဲ့ စက်တွေထက် သုံးရတာ နဲနဲလေးရှုပ်ထွေးပေမယ့် ပိုပြီးသေးငယ်၊ ပိုပြီးလဲ စွမ်းဆောင်ရည်မြင့်တဲ့ MP3/4 တွေကလူငယ်တွေရဲ့ နေ့စဉ် ဘ၀မှာ အတော်လေးနေရာ ယူလာတာကိုမြင်တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ အမြင်ကျယ်လာတဲ့သဘောလဲပါတယ်။ နေ့စဉ်မြင်တွေ့နေတဲ့ ကမ္ဘာပေါ်က သွားလာစားသုံးမှု လူနေမှုပုံစုံတွေ နိုင်ငံတကာယဉ်ကျေးမှုတွေက အလျင်အမြန် အရှိန် အဟုန်မြင့်စွာ ဖြတ်သန်းစီးဆင်းနေတာလဲပါတယ်။ အရေးအကြီးဆုံးအချက်က ဒီလိုနည်းပညာ တွေကိုလူတွေက အလွယ်တကူ အသုံးချလို့ရလာတဲ့အချက်ဘဲ။ တချိန်က ကျးလက်တောရွာတွေမှာ ရုပ်မြင်သံကြားစက်ကိုတောင် ဖွင့်မတတ်တဲ့ သူကအခုဆို ဂြိုလ်တုစလောင်းရဲ့ရီမုကို လက်ကမချတော့ဘဲ ဟိုလိုင်းပြောင်းချိန်လိုက် ဒီလိုင်းပြောင်းချိန်လိုက် လုပ်တတ်နေပြီ၊ အခုချိန်အထိ လူတိုင်းမှာ ကွန်ပျုတာကို ကိုယ်ပိုင်ဝယ် ယူအသုံးမပြုနိုင်သေးပါဘူး၊ ဒါပေမယ့် ဒါကဂီတာတီးသလိုဘဲ ဂစ်တာကိုအပိုင်ရှိမှမဟုတ်ပါဘူး၊ အမြဲထိတွေ့နေစေတာကစပါတယ်။ နက်ဝေါ့ဂိမ်း ဆိုင်တွေ အင်တာနက်ဆိုင်တွေ ပေါများလာတဲ့အကျိုးဆက်ကတော့ လူငယ်တော်တော်များများက ကွန်ပျုတာဝယ်မသုံးနိုင်လဲ နေ့စဉ်မှာ ဒီိပစ္စည်းတွေနဲ့ ထိတွေ့နေခွင့်ကိုအလွယ်တကူရလာတယ်။ ကျွန်တော်တို့ ငယ်ငယ် တုန်းကလို ကွန်ပျုတာကိုင်ကာနီး ဟဲ့သွားမကိုင်နဲ့ ပျက်ရင်နင့်အဖေဆူမယ်ဆိုတဲ့ အမေတွေ ဆူတဲ့ အနေအထားကနေ ကင်းလွတ်လာကြတယ်။ လွတ်လွတ်လပ်လပ်ကြီးဘဲ ဒီဂျစ်တယ်ပစ္စည်းတွေနဲ့ ထိတွေ့နေကြတယ်။ အင်တာနက်ကို တွင်တွင်ကျယ်ကျယ်သုံးလို့ရလာတဲ့ဒီအချိန်မှာအင်ဖော်မေးရှင်း တက္ကနိုလိုဂျီကိုပါ ကောင်းကောင်း အသုံးချ တတ်လာတယ်။ အဖက်ဖက်က နေသတင်းအချက်အလက်တွေကို ကိုယ်တိုင်ရှာဖွေ အသုံးပြုတတ်လာတယ်။ ကျွန်တော် ပြောချင်တဲ့ နည်းပညာမှာ စီးမျောတယ်ပေါ့။ စီးမျောမှာလား စီးမျှောချသွား မှာလား၊ ဒါပေမယ့် လူနည်းစုကသာ အကျိုးရှိရှိ အသုံး ချလို့ရတာကို သတိထားမိလာတယ်။ ဒါကြောင့် အင်တာနက်ခေတ်ကို ရောက်လာတဲ့ဒီနေ့ခေတ်မှာ အင်တာနက် ကိုတကယ် လက်တွေ့ဘယ်လိုမျိုးအသုံးပြုလို့ရတယ်ဆိုတာထက် မသုံးဖြစ်သေးရင်သုံးကြည့်မယ်။ သုံးနေတဲ့သူတွေက ဆက်ပြီးတိုးတက်စေမယ့်အကြောင်းအချက်ကို ကျွန်တော်တို့ရှာဖွေရမယ်။

Internet ပေါ်က ရပိုင်ခွင့်များ

အင်တာနက်ကိုသုံးတဲ့အခါမှာ ကျွန်တော်တို့တွေရည်ရွယ်ချက်မျိုးစုံနဲ့သုံးကြပါတယ်။ ကို့အကြောင်းနဲ့ကိုဖြစ်နေတဲ့ အတွက် သူ့ကိုသုံးရတာလွတ်လပ်မှုကိုအခြေခံတယ်။ အပြင်လောကလိုပါဘဲ။ တခုရှိတာ အင်တာနက်သုံးတဲ့အခါတိုင်း အဲဒီပေါ်က အကျိုးအမြတ်တခုကို ရလိုတဲ့ အကြောင်းအချက်နဲ့သုံးနေတာ။ ဒါကိုတော့ငြင်းလို့မရသလို ကျွန်တော်တို့ဘက်က ပြန်ပြီိး ပေးဆပ်လိုက်ရတဲ့ အပိုင်းတွေလဲရှိနေတယ်။ အလကားသုံးလို့ရတယ်ဆိုဦးတော့ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ပေးဆပ်လိုက်ပြီးမှ သုံးနေရတာ။ ဒီတော့ အင်တာနက်သုံးရင် ကိုကအဲဒီအပေါ်မှာ တခုခုကိုရပိုင်ခွင့်ရှိနေတယ်။ ရလဲရထိုက်သလို၊ ရလဲရသင့်တယ်။ နောက်ပြီး ရကိုရရမယ်လို့ ကျွန်တော် ယုံကြည်တယ်။ ပထမဆုံး အင်တာနက်သုံးလို့ ရမယ့်ဟာတွေက ၀က်ဆိုဒ်တွေကို အလကားကြည့်လို့ရတယ်။ Search engine တွေသုံးမယ်၊ အီးမေးတွေရမယ်၊ ချက်တင်ဝင်ကြတယ်၊ ဓါတ်ပုံတွေတင်ပြီးသိမ်းထားလို့ရတဲ့ နေရာတွေရှိတယ်၊ မှတ်တမ်းမှတ်ရာတွေကိုအင်တာနက်ပေါ်မှာ သိမ်းမယ်၊ သီချင်းတွေတင်မယ်၊ဒါမှမဟုတ်သီချင်းတွေ ကူးမယ်၊ သူငယ်ချင်းမိတ်ဆွေတွေကိုရှာတဲ့ဆိုဒ်တွေမှာမန်ဘာဝင်မယ်၊ ဗေဒင်ကြည့်မယ်၊ အီးကတ်တွေပို့မယ်၊ ဘလောက်လို့ခေါ်တဲ့  ကိုယ်ပိုင်စာမျက်နှာတွေတည်ဆောက်မယ်၊ ကိုယ်ပိုင်ဝက်ဆိုဒ်တွေရေးမယ်၊ အင်တာနက်ဖုံးပြောမယ်၊ စတဲ့အရာတွေကို ကျွန်တော်တို့ ကိုယ်ပိုင်ငွေ များများမသုံးစွဲရဘဲ သုံးလို့ရနေတယ်။ ဒီထက်မက စွမ်းဆောင်နိုင်တဲ့ ၀န်ဆောင်မှုတွေရှိနေသေးတယ်။ တကယ်လို့အဲဒါတွေသုံးချင်ရင်မဖြစ်စလောက်အခကြေးငွေနဲ့ ပေးပြီး သုံးလို့ရတယ်။ ဒါကိုလဲ အကုန်မခံချင်ရင်ရသေးတယ်။ နောက်တခုက အင်တာနက်သုံးရင်းနဲ့ ၀င်ငွေလေးရှာကြည့်ချင်တယ်။ အဲဒါလဲဖြစ်နိုင်တယ်။ အဲလိုလုပ်ဖို့အရင်းအနှီးများများစားစားမလိုဘူး။ အပေါ်မှာပြောခဲ့ တဲ့ ၀န်ဆောင်မှုတွေကနေက အားလုံးလိုလိုက အလကားရနေတာ ၊ အဲဒါကျွန်တော်တို့ရပိုင်ခွင့်ဘဲ၊ အဲဒီရပိုင်ခွင့်တွေကနေတဆင့် ကျွန်တော်တို့ဘယ်လို ၀င်ငွေရှာနိုင်မလဲ။

ဘာကြောင့် ကျွန်တော်တို့ရပိုင်ခွင့်လဲလို့ပြောရရင် ကျွန်တော်တို့ဟာ သန်းခြောက်ထောင်ကျော်ရှိနေတဲ့ ကမ္ဘာ့ လူဦးရေ ထဲက ခြောက်ပုံတပုံလို့ခေါ်တဲ့ သန်းတထောင်ကျော်သော အင်တာနက်အသုံးပြုသူတွေထဲမှာ ပါဝင်နေတာဖြစ်ပြီး၊ အခုပေးတဲ့ ၀န်ဆောင်မှုတွေက အင်တာနက်သုံးစွဲသူတွေအတွက် ရည်ရွယ်ပေးထားတဲ့ ဈေးကွက်ထဲက ၀န်ဆောင်မှုတွေ ဖြစ်သလို အဲဒီဝန်ဆောင်မှုတွေကဘဲ အင်တာနက်အသုံးပြုသူတွေကို ဆွဲဆောင်ထားတဲ့အတွက် အပြန်အလှန်ရှိနေတယ်။ ဒါကြောင့် ဒါကိုသုံးရင် ဒါတွေရမယ်ဆိုတာ ပုံသေနည်းတမျှ ဖြစ်တည်နေတယ်။

အင်တာနက်ကို ကိုယ်ကသုံးနေချိန်မှာကိုယ်တိုင်က စားသုံးသူဖြစ်မှန်းမသိဖြစ်နေတယ်။ စားသုံးသူ ကထုတ်လုပ်သူတယောက် ဖြစ်လာနိုင်သလို ထုတ်လုပ်သူကိုယ်တိုင်က စားသုံးသူဖြစ်မှန်းမသိပြန်ဖြစ်တယ်။ စီးပွားရေး သံသရာလည်သလိုပါဘဲ၊ အင်တာနက်လိပ်စာတွေမှာ ရေးထားတာ အတော်များများမှာ တွေ့နိုင်ပါတယ်။ ဥပမာ

www.google.com ဆိုတဲ့လိပ်စာမျိုးပေါ့ အဲဒါကို

ခွဲခြမ်းပြီးလေ့လာကြည့်တဲ့အခါ

www ? world wide web ကမ္ဘာအနှံ့ကျယ်ပြန့်တဲ့ကွန်ယက်

ကျွန်တော်ကဘာသာပြန်ဆရာမဟုတ်တော့စကားလုံးလှလှတွေမပေးတတ်ဘူး၊ တည့်တည့်ပြန်မှာ

နောက်တခုက

Google  အဲဒါကို နည်းပညာအခေါ်အဝေါ်တခုအရ host name ပိုင်ရှင်အမည်ပေါ့

ဒီတော့ ကမ္ဘာအနှံ့ကျယ်ပြန့်တဲ့ ကွန်ယက်ထဲက google ဆိုတဲ့သူက

နောက်ဆုံးမှာရေးထားတာ com

Com  ဆိုတာ commercial တနည်းအားဖြင့် business ပေါ့၊ ပြောရရင် စီးပွားရေးလုပ်တာ။

အားလုံးကို ဘာသာပြန်ကြည့်ရင် google က ကမ္ဘာအနှံ့ကျယ်ပြန့်တဲ့ ကွန်ယက်ထဲမှာစီးပွားရေးလုပ်တယ်လို့ ခေါ်တယ်။

ဒါကသူပေးထားတဲ့အမည်နော်။ ဒါပေမယ့် သူ့ရဲ့ဝန်ဆောင်မှုတွေ အားလုံးလိုလိုဟာ သုံးစွဲသူသန်းပေါင်းများစွာကို အခမဲ့ ပေးထားတယ်။ ဒါဆိုဘယ်လိုနည်းနဲ့သူစီးပွားရေးလုပ်နေသလဲ ကျွန်တော်တို့ စဉ်းစားခဲ့မိသင့်တယ်။

အခမဲ့ဆိုတိုင်းအလကားမဟုတ်ပါ

စောစောကပြောသလို google ကအခမဲ့ပေးနေတယ်။ သူပေးနေတဲ့ဝန်ဆောင်မှုတွေထဲကတခုဖြစ်တဲ့ Gmail အကြောင်း ကို ကျွန်တော်တို့ လေ့လာကြည့်မယ်။ အဲဒီ service ကို google ကအခမဲ့ကျွန်တော်တို့ကိုပေးထားတာ။ ကျွန်တော်တို့ gmail ကိုသုံးတဲ့အခါ gtalk ပါတခါထဲသုံးလို့ရနေတဲ့အတွက် မြန်မာအများစုက Gmail ကို သည်းခြေ ကြိုက်ကိုသုံး ကြတယ်။ ကျွန်တော်လုပ်တဲ့ အလုပ်တခုကိုပြောရရင် ကျွန်တော်တို့အင်တာနက်ကိုနေ့စဉ်ဘဲသုံးသုံးမသုံးဘဲနေနေ ပထမဆုံးအလုပ်က ကျွန်တော် အီးမေးအရင်စစ်တယ်။ ဒီတော့ ကျွန်တော်က ဂျီမေးသုံးနေတော့ ဂျီမေးကိုသွားဖွင့်ရတယ်။ နောက်ပြီးတဲ့အခါ အဲဒီထဲမှာလာတဲ့စာတွေကိုကျွန်တော်ဖတ်တယ်။ ပြန်စာပို့ဖို့လိုတဲ့စာတွေကိုပြန်တယ်။ လုပ်ငန်း ကိစ္စတွေ အတွက်ပါဆက်သွယ်ဖို့ gmail ကိုပေးထားတော့ နေ့စဉ်နဲကအမျှ ကျွန်တော်က Gmail ကိုမသွားမဖြစ်သွားသွား ဖွင့်နေရတယ်။ အချိန်တွေကြာလာတာနဲ့အမျှ အဲဒီမေးလိပ်စာက ကျွန်တော့် ဘ၀မှာ အရေးပါတဲ့နေရာတခုကို ရောက်သွားတဲ့အခါ ကျွန်တော်က ဒီဂျီမေးကိုမသုံးရမနေနိုင်တဲ့အနေအထားဖြစ်လာတယ်။ ဒါကရိုးရှင်းပါတယ်။ အခမဲ့ပေးထားတဲ့ ၀န်ဆောင်မှုတခုက ကျွန်တော့်အပေါ်ဘယ်လိုအကျိုးသြဇာသက်ရောက်လာတယ်ဆိုတာကိုပြောတာပါ။ ကျွန်တော်က ဂျီမေးသုံးတဲ့အခါ ၊ သုံးနေတဲ့သူတွေကောင်းကောင်းသိကြမှာပါ။ အ၀င်စာတွေထားတဲ့ Inbox ဘေးဘက်မှာ ကျွန်တော်တို့ဟာ ဂျီမေးရဲ့ကြော်ငြာအချို့ကိုတွေ့ရလေ့ရှိပါတယ်။ ဒါတွေကိုလဲနေ့စဉ်တွေ့မြင်နေရတာပါ။ ကျွန်တော့် လို လူပေါင်းသန်းပေါင်းများစွာ သုံးစွဲနေတဲ့ ဂျီမေးကိုနေ့စဉ်ဖွင့်ဖတ်သုံးစွဲနေတဲ့အဲဒီသန်းပေါင်းများစွာသော သုံးစွဲသူတွေက အဲဒီကြော်ငြာတွေကိုတွေ့နေရပါတယ်။ ပါးပါးလေးလှပ်ကြည့်ရင် Gmail က ကျွန်တော်တို့ကိုအသုံးပြုခမတောင်းခံပေမယ့် ကြော်ငြာရှင်တွေကိုတော့ ကြော်ငြာခတောင်းပါတယ်။ ကြော်ငြာရှင်တွေကလဲပေးပါတယ်။ ဘာလို့လဲဆိုတော့လူသန်းပေါင်းများစွာက သူ့ကြော်ငြာကို ကြည့်နေကြတယ်ဆိုတာ ကြော်ငြာရှင်က သံသယ ဖြစ်စရာမလိုအောင် သေခြာနေလို့ပါ။ ဂျီမေးဟာ အင်တာနက်သုံးစွဲသူတွေကြားမှာအခုဆို ပထမနေရာကနေပြီး အများသုံး အခမဲ့ mail ၀န်ဆောင်မှုအဖြစ်ရပ်တည်နေပါတယ်။

ကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအရာက Google ကကျွန်တော်တို့အဆင်ပြေစွာသုံးနိုင်ဖို့ Mail service တခုပေးတယ်။ ကျွန်တော်တို့က သူ့ဆီမှာနေ့စဉ်မသုံးမဖြစ်သုံးနေအောင်သူကဆွဲဆောင်ထားတယ်။  ကျွန်တော်တို့က ငွေမပေးရပေမယ့် အချိန်တွေပေးရတယ်။ နောက်တချက် ကျွန်တော်တို့ရဲ့အရေးပါလှတဲ့အချက်အလက်တွေက သူ့ server ထဲရောက်နေတယ်။ အဲဒီအချက်တွေကြောင့်ကျွန်တော်တို့က google ရဲ့သြဇာတခုကို သက်ရောက်ခံနေရတယ်။ ဒါပေမယ့် လူ့သဘာဝအရ အခမဲ့ဖြစ်နေတဲ့ service ကိုလက်လွတ်မခံဘဲသုံးတယ်။ သူကလဲကျွန်တော်တို့ကို အခုချိန် ထိတော့ အကောင်းဆုံးဝန်ဆောင်မှုပေးနေတယ်။ သူကကျွန်တော်တို့ကိုဝန်ဆောင်မှုတွေရောင်းချတယ်။ ကျွန်တော်တို့က သူ့ဝန်ဆောင်မှုကို အသုံးပြုသူအဖြစ် မန်ဘာအဖြစ်ပေါ့လေ။ ပုံမှန်ဖောက်သည်ပီသစွာစားသုံးတယ်။ ဒါကို google ကတဖက် ကနေ ရေရှည်ရပ်တည်ဖို့နဲ့အကျိုးစီးပွားအတွက် ၀င်ငွေပြန်ရှာတယ်။ အဲဒီမှာတဖက်ကိုတဖက် ထိခိုက်အောင် ဖြစ်စေတဲ့အကြောင်းမပါရှိဘူး။ ကျွန်တော်တို့ကရွေးချယ်စရာရှိတယ်။ ဆိုရရင် google မသုံးဘဲ yahoo ပြောင်းသုံးချင်ရင် ရတယ်။ google မှာတော့အဲဒီလိုမရှိဘူး၊ ကျွန်တော်တို့မသုံးရင်သူ စီးပွားပျက်နိုင်တယ်။ ဒါကြောင့်ဒီထက်ကောင်းတဲ့ ၀န် ဆောင်မှုတွေရဖို့မျှော်လင့်လို့ရသလို google ကသူ့ပုံမှန်ဖောက်သည်တွေစိတ်ပျက်စေမယ့် အကြောင်းတွေ ဘယ်တော့မှ လုပ်မယ်မထင်ဘူး။ ဘာဘဲဖြစ်ဖြစ် အလကားရလို့သုံးနေတယ်ဆိုပေမယ့် ကျွန်တော်တို့ကြားထဲမှာ စီးပွားရေး အဆက်အဆံတွေရှိနေတယ်ဆိုတာ ကျွန်တော်တို့မေ့ထားလို့မရဘူး။

ဒါကြောင့် အခမယ့်ရနေတယ်ဆိုသော်လည်း ကျွန်တော်တို့ကိုချစ်လွန်းလို့ပေးထာတာမဟုတ်ဘူး၊ စီးပွားရေးလုပ်နေတာ ဖြစ်တယ်။ business ဆန်ဆန်ပြောရင် ကျွန်တော်တို့ကစားသုံးသူ။ သူကထုတ်လုပ်သူ။ အခမယ့်ဆိုတိုင်း အလကားမဟုတ် ဘူးဆိုတာအဲဒါပြောတာ။ သူပေးတဲ့ service တွေကဖြစ်ဖြစ် တခြားသော နေရာကဖြစ်ဖြစ် ကျွန်တော်တို့ ကိုယ်တိုင်ကရော ထုတ်လုပ်သူဖြစ်မလာနိုင်တော့ဘူးလား။

ဖန်တီးမှုများအားစားသုံးခြင်း

အခုနှစ်တွေအတွင်းမှာ ကမ္ဘာနဲ့အ၀ှမ်း ခေတ်စားလာတဲ့အကြောင်းတခုက ဘလောက်လို့ခေါ်တဲ့ ကိုယ်ပိုင် စာမျက်နှာတွေ ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတယ်။ အရင်က free web လို့ခေါ်တဲ့ အခမယ့်ပေးတဲ့ ကိုယ်ပိုင် web pages တွေ ပေးတဲ့ဝန်ဆောင်မှုတွေပေးခဲ့ပေမယ့် အားရလောက်အောင်အောင်မြင်မှုမရှိ ခဲ့ဘဲ ဘလောက်လို့ ပေါ်ပေါက်လာတဲ့ အခါမှာ ဘာကြောင့်ဘယ်လို ပေါက်သွားတယ်ဆိုတာ အံ့မခန်းပါဘဲ။ တကယ်တော့ free web တွေတုန်းက အင်တာနက်ဆိုတာ ကို စသုံးကြတာ နိုင်ငံတကာအတိုင်းတာနဲ့တောင် အသုံးမများသေးတာတကြောင်း၊ web တွေကို free ပေးပေမယ့် user interface လို့ခေါ်တဲ့ အသုံးပြုသူတွေလုပ်ကိုင်ဖန်တီးဖို့ပေးထားတဲ့နေရာတွေက ခက်ခဲ ရှုပ်ထွေးနေတာတကြောင်း ကြောင့်လဲပါမယ်ထင်ပါတယ်။ နောက်ပြီးနည်းပညာကလဲ အခုလို အရှိန်အဟုန်ကောင်းကောင်း ဖွင့်ဖြိုးမှုမရှိသေးတာ တွေ စတဲ့ အကြောင်းအချက်အလက်တွေကြောင့် တဖြည်းဖြည်းသုံးစွဲသူတွေ အရှိန်ရလာတဲ့ အခုချိန်မှာ ဘလောက်တွေက ဖွံ့ ဖြိုးအားကောင်းလာတာလဲဖြစ်ပါလိမ့်မယ်။

ဘလောက်ဆိုတာက အမျိုးမျိုးအပြားပြား အဓိပါယ်ဖွင့်လို့ရပေမယ့် တခုရှိနေတာ သူကဖန်တီးမှုတခုဖြစ်နေတယ်ဆိုတဲ့ အချက်ကအရေးပါလှ ပါတယ်။

ဘယ်လိုဖန်တီးကြလဲဆိုရင် ဘလောက်တွေက အင်ဖော်မေရှင်းတွေကိုပေးနိုင်ယုံသက်သက်မကဘဲ ရသပိုင်းကိုလဲပေး စွမ်း နိုင်ကြသလို သုတပိုင်းကိုလဲ ထောက်ပံ့ပေးပြန်တယ်။ ဒါကြောင့် ဖိုရမ်တွေကိုသာမက နောက်ပိုင်းမှာ အင်တာနက် အသုံးပြုသူတွေက ကိုယ်တိုင်ဘလောက်တွေကိုမရေးသားနိုင်ကြသည့်တိုင် ဖတ်ရှု့သူတွေဖြစ်လာတယ်။ နောက်တမျိုးက ဘလောက်ကိုဖန်တီးထားသူတွေကိုတိုင်ကလဲ အခြားသောတဖက်မှာ ကိုယ်တိုင်က ဖတ်ရှုသူတယောက်ဖြစ်နေပြန်တယ်။ ဒါကြောင့် ဘလောက်တွေက ဖန်တီးမှုစွမ်းအားပိုမြင့်လာတယ်။ သဘောက ဖတ်သူနဲ့ရေးသူ ပရိတ်သက်နဲ့စာရေးသူက နီးနီးကပ်ကပ်ဆက်ဆံတယ်။ နွေးထွေးမှုရှိတယ်။ ဒါကဘလောက်တွေအောင်မြင်လာတဲ့သော့ချက်တခုဘဲ။ အဲဒီအတွက် ကြောင့် ဘလောက်ရေးတဲ့သူတွေဟာ ကိုယ်ပိုင်ပရိတ်သတ်ကို ရရှိလာခဲ့တယ်။ အရေးအသားကောင်းတဲ့ ဘလောက်ရေး သားသူတယောက်မှာ ဖန်တီးမှုကောင်းကောင်းရှိနေတယ်ဆိုတာ ကျွန်တော်တို့လက်တွေ့မှာမြင်နိုင်တယ်။ ဖန်တီးတဲ့ စကားလုံးရဲ့အနက်က ကျယ်ပြန့််တယ်။ ဘာဘဲဖြစ်ဖြစ် အကြောင်းအရာအချက်အလက်တွေကို ဖြန့်ဝေမှုမှာ ဘလောက်က ရှေ့တန်းရောက်လာပြန်တယ်။ လွယ်ကူလျှင်မြန်တဲ့ အင်တာနက်ရဲ့ သဘာဝကို အပြည့်အ၀ ပြသနိုင်စွမ်းက ဘလောက်တွေမှာ ပိုမိုထင်ရှားလာတယ်။ အီးမေးကိုကောင်းကောင်းသုံးတတ်သူ တဦးကဘလောက်တခုကို အလွယ်တကူ ဖန်တီးယူနိုင်ပေမယ့် စားသုံးသူဖြစ်နေတဲ့ ဘလောက်ဖတ်ပရိတ်သတ်ကို ရေရှည်ဆွဲဆောင်နိုင်စွမ်းကတော့ ရှိချင်မှရှိနေမယ်။ ဘယ်လိုအကြောင်းနဲဖြစ်ဖြစ် ဖန်တီးမှုအားကောင်းတယ် နောက်တမျိုး အရေးအသား တင်ပြပုံ၊ အချက် အလက်ပြည့်စုံစွာပေးစွမ်းနိုင်မှု၊ အပြင်အဆင်စတဲ့ အရာတွေကို ကောင်းကောင်းတင်ဆက်နိုင်တဲ့ သူတွေက အင်တာနက် လောကမှာ နာမည်ကြီး blogger တွေဖြစ်လာတယ်။ သူ့ပရိတ်သက်က အင်တာနက်ထဲမှာရော အပြင်လောကမှာပါ ရှိ နေတတ်တယ်။ အပြင်မှာ နာမည်ရှိပြီးတဲ့သူ ဘလောက်ရေးရင်ပိုပြီး အကျိုးရှိနိုင်တယ်။ ဘယ်လိုလဲဆိုတော့ ရုပ်ရှင်မင်းသမီး တယောက်က သူမကိုယ်တိုင်ရေးတဲ့ ဘလောက်တခုကိုဖန်တီးတဲ့အခါ သူ့အပြင်ကပရိတ်သတ်တွေအပြင် အင်တာနက်ထဲကပရိတ်သတ်တွေကိုပါ ဆွဲဆောင်ထားနိုင်တယ်။ မင်းသမီးရဲ့ ဟော့ဖြစ်နေတဲ့ အကြောင်းအရာတွေကို ကာယကံရှင်ကိုယ်တိုင်တင်ပြပေးနိုင်တယ်။ ပရိတ်သတ်နဲ့ တိုက်ရိုက်ထိတွေ့နေမယ်။ ဒီတော့ ဒါဟာသရုပ်ဆောင်နေတာ မဟုတ်တော့ဘူး၊ မင်းသမီးရဲ့ တိုက်ရိုက်ဖွင့်ဟတဲ့ ရေးသားချက်ဖြစ်နေပြီ၊ အဲဒီမှာ ဒီမင်းသမီကို ခရေဇီဖြစ်နေတဲ့ ပရိတ်သတ်တွေ ကနေ့စဉ်ဘဲ မင်းသမီးရဲ့ဘလောက်ကို လာပြီး ဘာတွေအသစ်ရေးတင်ထားမလဲကြည့်နေကြမယ်။ ဘလောက် တခုရဲ့အသက်က content လို့ခေါ်တဲ့အချက်အလက်ဘဲ ၊ အမြဲတမ်းလန်းဆန်း သစ်လွင်နေရမယ်။ စိတ်ဝင်စားစရာဖြစ်နေရမယ်။ ဒါကမင်းသမီးတယောက်ကိုဥပမာပေးတာ။ အခြားသော တခုခုကို ဖန်တီးမှုရှိနေတဲ့သူ တယောက်ရဲ့ ဘလောက်ဟာလဲ ထိုနည်းတူဘဲ နေ့စဉ်ဝင်ထွက်သူတွေနဲ့စည်ကားနေမယ်။ ဖြစ်နေတာက ဒီလို ဘလောက်တွေ ကနိုင်ငံတကာမှာအများအပြားရှိနေတယ်။ ဘလောက်ရေးသူတွေအခြင်းခြင်းကဘဲ အပြန်အလှန်ဝင် ထွက်နေတာတောင် တော်တော်များများ လူကြည့်များတယ်လို့ပြောလို့ရတဲ့အခြေအနေရှိနေတယ်။

ဒါကြောင့်ဖန်တီးမှုတိုင်းအတွက်စားသုံးသူရှိနေတယ်ဆိုတာ ကျွန်တော်တို့လက်တွေ့မှာသိလာခဲ့ပြီ။ ဒီတော့ ဒါတွေကို အရောင်းအ၀ယ်ဖြစ်အောင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ၊ ပြောရရင် ကျွန်တော်တို့အင်တာနက်ပေါ်မှာ ကိုယ့်စိတ် ကြိုက်ဘလောက်ကလေးတခုရေးသားရင်းဘယ်လို ၀င်ငွေရှာကြည့်မလဲ။ စိတ်ဝင်စားစရာကောင်းမယ်လို့ထင်ပါတယ်။

အပြင်ဘက်ကိုထွက်ကြည့်ပါ

နိုင်ငံတကာ မှာဖြစ်ပျက်ပြောင်းလဲ နေတဲ့အချက်အလက်တွေကို အင်တာနက်ထဲမှာ ကြည့်လို့ရတယ်လို့ကြွေးကြော်ကြပါ တယ်။ ကမ္ဘာကရွာကြီးလို့လဲ ပြောကြပါတယ်။ ဒါကြောင့်အိမ်တွင်းမှာ ဘဲငြီးငွေ့နေမယ့်အစား အင်တာနက် ပြတင်းကနေ အပြင်ဘက်ကို လှမ်းမျှော်တဲ့အခါ မြင်ကွင်းတွေကောင်းကောင်းမြင်နိုင်ပါတယ်။ အင်တာနက်မှာအခွင့်အလမ်းတွေရှိ နေပါတယ်။ နိုင်ငံတကာက ဘလောက်တွေကို ကြည့်မယ်ဆို အောင်မြင်တဲ့ဘလောက်တွေ အပြင်ဘလောက်တွေ တော် တော်များများမှာ ကြော်ငြာ link တွေထည့်လာကြတာတွေ့နိုင်ပါတယ်။ ဘလောက်တွေမှာရှိတဲ့ side bar ထဲက နေရာ အတော်များများဟာ ကြော်ငြာရှင်တွေရဲ့ link တွေနဲ့နေရာယူလာကြတာတွေ့နိုင်ပါတယ်။ နောက်ပြီးတဲ့အခါ အချို့သော ဘလောက်တွေဟာ ဈေးရောင်းတာတွေ၊ လေလံပစ်တဲ့ လုပ်ငန်းတွေ၊ အခြားသောဝန်ဆောင်မှုတွေကို လုပ်ကိုင်လာကြတာ လဲတွေ့နိုင်ပါတယ်။ ဒါတွေဟာအားလုံးရရှိနိုင်တဲ့ အခွင့်အလမ်းဖြစ်ပါတယ်။ အင်တာနက်ပေါ်က ဘလောက် service တော် တော်များများဟာ အခမယ့်ဖြစ်ပါတယ်။ အဲဒီထဲမှာ နာမည်ကြီးတဲ့ service တွေပါရှိပါတယ်။ ဒါကြောင့် အခုလို အခ မဲ့ရရှိထားတဲ့ service ပေါ်မှာ အကျိုးစီးပွားအတွက် တရားဝင်ရှာဖွေလုပ်ကိုင်နိုင်စွမ်းက ကျွန်တော်တို့ နားမှာရှိနေပါ တယ်။ အချို့သော ဘလောက်ဂါများဆို ဘလောက်ရေးသားမှုတခုတည်း ရဲ့ရလာတဲ့ဝင်ငွေနဲ့တင် ရပ်တည်နေနိုင်စွမ်း ရှိ တယ်ဆိုတာတွေ ကိုကြားသိတွေ့မြင်နေရပါတယ်။ အိမ်နီးချင်း နိုင်ငံတွေက ဘလောက်ဂါတွေနဲ့ ကျွန်တော်တို့ အာဆီယံ ဒေသက ဘလောက်ဂါတွေ ထဲမှာ အောင်မြင်တဲ့ ဘလောက်ဂါတွေကို အများအပြားတွေ့မြင်နိုင်ပါတယ်။ အရေးအသား ကြောင့်အောင်မြင်တဲ့သူ၊ တင်ပြပုံကောင်းလို့အောင်မြင်လာသူ၊ ဓါတ်ပုံတွေကြောင့်အောင်မြင်လာသူစတဲ့ သူတွေရှိသလို  ဘလောက်ရေးသားခြင်းကို တစိုက်မတ်မတ်နဲ့ လုပ်ရင်း professional ဖြစ်လာသူတွေကိုလဲ မြင်တွေ့လာပါတယ်။ တကယ်တော့ ကျွန်တော်တို့လဲ ဒီလိုဖြစ်လာအောင်လုပ်နိုင်စွမ်းရှိကြပါတယ်။

စင်္ကာပူက  ၊ မလေးရှား ၊ အင်ဒိုနီးရှား၊ ဂျပန်ကနာမည်ကြီး ဘလောက်ဂါ တွေဟာ ဘလောက်ကို professional ရေးသားကြသူ တွေဖြစ်ပါတယ်။ ဒါကဘလောက်ရေးရင်းစီးပွားဖြစ်နေတာကို ချပြပြောဆိုတာပါ။

မလေးရှားဝန်ကြီးချုပ်ဟောင်းမဟာသီယာမိုဟာမက်၊ စင်္ကာပူနိုင်ငံခြာရေးဝန်ကြီးဟောင်း ၊ အမေရိကန်သမ္မတ အိုဘာမား၊ စတဲ့သူတွေဟာလဲ ဘလောက်ရေးသားကြပါတယ်။ ဒါကြောင့်ဘလောက်ဟာ နယ်ပယ်အသီးသီးမှာ အတည်တကျနေရာ ၀င်ယူလာသော အင်တာနက်ခေတ်ရဲ့ တတိယ မျိုးဆက်ဖြစ်ပါတယ်။

Personal ဆန်တဲ့ ဘလောက်တွေကဘဲ ရှေ့ဆောင်နေပေမယ့် အစုအပေါင်းနဲ့ရေးသားကြတဲ့ ဘလောက်တွေကလဲ အောင်မြင်လာကြပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ နောက်ကွယ်ဖောက်သည်တွေဖြစ်တဲ့ အင်တာနက်စားသုံး သူတွေကို ထိုးဖောက်ဝင်ရောက်ဖို့ရာ စားကျက်အဖြစ် ဘလောက်တွေဟာ ပထမဦးစားပေး အနေအထားတရပ်ကိုရောက် ရှိလာပါတယ်။

အောင်မြင်တဲ့ ဘလောက်တွေတိုင်းမှာ ပုံမှန်ဝင်ရောက်သူ အတည်တကျရှိနေပါတယ်။ အဲဒါဟာ စီးပွားရေး ကုမဏီ တွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်ဖြစ်လာပါတယ်။

ပြောင်းလဲလာတဲ့ ကြောငြာဈေးကွက်

အရင်ကတော့ လမ်းဆုံမှာ ထောင်ထားတဲ့ ကြော်ငြာ ဘုတ်ကြီးတွေဟာ အခုတော့ အင်တာနက်ထဲက web page တွေနဲ့ ဘလောက်တွေပေါ်ကို ရောက်လာပါတယ်။ ဘာလို့လဲဆိုတော့ အင်တာနက်ကစားသုံးသူတွေကို ကြော်ငြာဖို့ နည်းလမ်းက ဒီဘလောက်နဲ့ web တွေကိုအားပြုလာရလို့ဖြစ်ပါတယ်။ တချိန်တုန်းက သရဖူဆောင်းခဲ့တဲ့ website တွေက သူ့ရဲ့ ကြော်ငြာဈေးကွက်ဝေစုကို ဘလောက်တွေကို မျှပေးနေရပါပြီ။ ပုံမှန်လူဝင်များတဲ့ site တွေထဲက ဖောက် သည်တွေဟာ သူတို့အချိန်တချို့ကို ဘလောက်တွေဖတ်ရင်း ဖြုန်းတီးနေကြပါတယ်။ အဲဒီအတွက်လဲ စီးပွားရေး လုပ်ငန်း ကြီးတွေက ဘလောက်တွေပေါ်မှာ ပါ ကြော်ငြာတွေထည့်သွင်းဖို့ စီစဉ်လာကြသလို တချိန်ထဲမှာဘဲ သူတို့ ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေရဲ့ website တွေထဲမှာ  blog စာမျက်နှာတွေ ထည့်သွင်းရေးဆွဲပြီး ပြန်လည်ဖြည့်တင်းနေကြပါတယ်။

ဘလောက်ရဲ့အသက်ဖြစ်တဲ့ contact တွေမှာ သူတို့ကုန်ပစ္စည်းရဲ့နောက်ဆုံးအချက် အလက်တွေကို ဖော်ပြနေကြသလို စားသုံးသူတွေရဲ့ အသံကို မြန်မြန်ဆန်ဆန် ပြန်ကြားနေရတဲ့အတွက် ထုတ်လုပ်တဲ့ ပစ္စည်းရဲ့ အပြစ်အနာအဆာတွေကို အချိန်တိုတိုနဲ့ သိလာရတော့ အမြန်ဆန်ဆုံး ပြန်လည်ပြင်ဆင်လာနိုင်သလို၊ ဖော်သည်တွေရဲ့ လိုအပ်ချက်ဟာ ဘယ်လို လဲဆိုတဲ့ အကြောင်းအရာတွေကို လေ့လာသုံးသပ်လို့ရလာခဲ့တယ်။ အင်တာနက်ပေါ်ကနေ စားသုံးသူတွေရဲ့ လိုအင်ကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်အလမ်းတွေရလာခဲ့တယ်။ ဒီလိုဘလောက်တွေကို နာမည်ကြီး ကုမ္ပဏီတွေ ဖြစ်တဲ့ sony, nokia, LG တို့မှာ တွေ့နိုင်ပါတယ်။

အဲဒီမှာတခုရှိတာက ဘလောက်တွေမှာ ကြော်ငြာထည့်တဲ့နှုန်းက web တွေလောက်ဈေးမကြီးပါဘူး၊နောက်တခုက web တွေကို ၀င်တဲ့ လူပမာဏက ဘလောက်တွေကိုဝင်တဲ့ ပမာဏထက် များနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဘလောက် တွေက ပါစင်နယ် များပါတယ်။ ၀န်ဆောင်မှုကလဲမရှိသလောက်ရှားပါတယ်။ ဒါကြောင့် ဘလောက်တွေမှာ ကြော်ငြာထည့်တဲ့အခါ ဘယ်ပစ္စည်းကို ကြော်ငြာဖို့သင့်တယ်ဆိုတာ ချဉ်းကပ်ရလွယ်တယ်။ ဥပမာ – ဓါတ်ပုံတွေကို အရိုက် ကောင်းတဲ့ ဘလောက်ဂါဆီမှာ နေ့စဉ်ဝင်ရောက်ကြည့်ရှုနေသူတွေမှာ အဲဒီလို ဓါတ်ပုံ ၀ါသနာအိုးတွေပါနိုင်တယ်။ ဒီတော့ ကင်မရာ ထုတ်လုပ်သူတွေက အဲဒီလိုဘလောက်တွေမှာ ကြော်ငြာထည့်ဖို့စပွန်ဆာ ပေးဖို့စဉ်းစားကြနိုင်ပါတယ်။ အ၀တ်အစား အလှအပကို ဦးစားပေးတင်ပြပေးတတ်တဲ့ ဘလောက်တွေမှာဆို ဖက်ရှင်နဲ့ သက်ဆိုင်တဲ့ ထုတ်ကုန်တွေကို ကြော်ငြာထည့်သွင်းနိုင်ပါတယ်။ အဲဒီလိုထည့်သွင်းတဲ့ ကြော်ငြာနှုန်း ထားတွေဟာ တနေရာနဲ့တနေရာ မတူကြပါဘူး၊ ဒါပေမယ့် ပုံမှန်လူအသွားအလာရှိနေတဲ့ ဘလောက်တခုက အောင်မြင်တဲ့ ဘလောက်တခုဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ကြော်ငြာတွေကို မျှော်လင့်လို့ရသလို၊ ရရှိလာတဲ့ ကြော်ငြာခတွေနဲ့ မိမိရဲ့လိုအပ်တဲ့ အရာတွေကိုတဖက်တလမ်း ဖြည့်တင်းနိုင်ဖို့ ဖြစ်လာသလို professional ဘလောက်ဂါဖြစ်လာအောင်ကြိုးစား ရင်း မိမိရဲ့ တကိုယ်ရေရပ်တည်မှုကို တည်ငြိမ်အောင် လုပ်ဆောင်လာနိုင်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကို ကျွန်တော်အစောပိုင်းကပြောခဲ့ပြီးပါပြီ။

ကုန်ပစ္စည်းထုတ်လုပ်သူတွေ က လုပ်ငန်းကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ဘလောက်တခုကို ကိုယ်တိုင်ဖန်တီးပြီး မိမိ ထုတ်ကုန်ကို စားသုံးသူနဲ့နီးစပ်အောင် ဆောင်ရွက်လာနိုင်ပါတယ်။ ဒါကြောင့် အသေးစားနဲ့ ကိုယ်တိုင်ထုတ် လုပ်သူတွေ က ဘလောက်တွေပေါ်ကနေ ဈေးကွက်ကို ရှာဖွေလာပါတယ်။ ထုတ်ကုန်ရဲ့ အသုံးဝင်ပုံနဲ့ အကျိုးသက်ရောက်မှုတွေ၊ ဈေး နှုန်း တွေ၊ ဆက်လက်ထုတ်လုပ်မယ့် အကြောင်းအချက်အလတ်တွေကို တင်ပြနိုင်ပါတယ်။ အဲဒီအတွက် ကနဦးကုန်ကျစား ရိတ်ရှိတဲ့ web တွေအစား တင့်လဲတင့်တယ်၊ အကုန် အကျလဲမရှိသလောက်နည်းတဲ့ ဘလောက်တွေကို ဖန်တီးလာကြပါတယ်။

သမရိုးကျရှိရင်းစွဲ ကြော်ငြာတွေကြားထဲမှာ တနေရာစာ ၀င်လာတဲ့ အင်တာနက်ပေါ်က ကြော်ငြာနည်းလမ်းက တမျိုးတဖုံ ပြောင်းလဲသွားပါတယ်။ တကယ့်လက်တွေ့မှာ ဘာတွေ ဆက်လုပ်လို့ရတယ်ဆိုတာကို ကျွန်တော်တို့လေ့လာကြည့်ပါမယ်။

ဝန်ဆောင်မှုကိုထုတ်လုပ်ပါ

တကယ်ဆို ကျွန်တော်တို့က ကုန်ပစ္စည်းကို ထုတ်လုပ်သူတွေမဟုတ်ကြဘူး၊ ကုန်ပစ္စည်းတခုကို ထုတ်လုပ်တဲ့အခါ ထိုက် သင့်တဲ့ အရင်းအနှီးတွေ ကျွန်တော်တို့လိုအပ်တယ်။ ဒါက ပုံသေနည်းဘဲ။ ကျွန်တော်ပြောချင်တာ ကျွန်တော်တို့ အခုထုတ်လုပ် မယ့်အရာက နူးညံ့တယ်။ သဘောက ထိတွေ့ကိုင်တွယ်မှ ထုတ်ကုန်မဟုတ်ဘူး။ ကျွန်တော်က ကျွန်တော့် ဘလောက်မှာ ကျွန်တော်ပြန်ရောင်းချင်တဲ့ ပစ္စည်းတခုကိုတင်ပြီးရောင်းမယ်။ ဒါမှမဟုတ် သူများက ရောင်းချင်တဲ့ ပစ္စည်း တခုကိုကျွန်တော်ကတင်ပေးထားမယ်။ အရောင်းအ၀ယ်ဖြစ်ဖို့အလားအလာ ကျွန်တော့်မှာရှိနေတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့ ဘလောက်ကို ဖတ်နေတဲ့ ပုံမှန်ဖတ်ရှုသူတွေက ကျွန်တော့်ဖောက်သည်တွေဘဲ။ ဒီတော့ ကျွန်တော့် ဖောက်သည်တွေကို ကျွန်တော်က ဒါလေးများလိုအပ်မလား ၀န်ဆောင်ပေးတာ။ လိုတဲ့သူက ဒီအရာကို စိတ်ဝင်စားရင် ၀ယ်လိမ့်မယ်။ အဲဒီအခါမှာ ကျွန်တော်က အကျိုးအမြတ်တခုကို ရရှိမယ်။ တကယ့်ကိုလွယ်ကူရိုးရှင်းတဲ့ အရာပါ။ နောက်တခု ကအ၀တ်အ၀တ်အစားဒီဇိုင်နာ တယောက်ပေါ့၊ သူက သူထွင်ထားတဲ့ အ၀တ်အစား ဒီဇိုင်းတွေအကြောင်း၊ ပြီးတဲ့ အခါ အ၀တ်အစား တွေကို ဘယ်လို ဖက်ရှင်ကျကျ ၀တ်မယ်ဆိုတဲ့ အတွေးအခေါ်တွေ ကိုဘလောက်ရေးတင်နိုင် တယ်။ အဲဒီမှာ သူ့ဘလောက်ဖတ်ပုရိတ်သတ်နဲ့ ဆင့်ပွားလာတဲ့ သူတွေ၊ ဖောက်သည်အသစ်တွေကို ရှာဖွေနိုင်တယ်။ ကုန်ကျစားရိတ်က website ရေးတဲ့သူတွေကို ငွေအများကြီးပေးပြီး လုပ်ခိုင်းစရာမလိုဘဲ ကျယ်ကျယ်ပြန့်ပြန့် လုပ် လာနိုင် တယ်။ ဒါကလဲ ၀န်ဆောင်ပေးခြင်းတခုဘဲ၊ ဘာလို့လဲဆိုတော့ ကိုရေးနေတဲ့ ပုံစံကို မှန်နေအောင်နေမယ်။ အဲဒီအခါ ကိုယ် ကပြည်ပကျောင်းတွေရဲ့ အကြောင်းတွေ အမြဲလိုလို ရေးပေးနေတတ်တယ်။ ဒါမှမဟုတ် ဒီဂျစ်တယ် အသုံးအဆောင် အသစ်အဆန်းတွေ အကြောင်းလေ့လာပြီး ရေးနေတတ်တယ်။ သူ့ရဲ့ဈေးနှုန်းတွေ ၀ယ်လို့ရတဲ့အရာတွေ အကြောင်းရေးတယ်။ ဂိမ်းဆိုလဲ ဘယ်ဂိမ်းကို ဘယ်လိုကစားတယ်။ ဘာတွေအသစ်ထွက်တယ်။ နောက်တခု ဆော့ဝဲ အသစ်တွေအကြောင်း စသဖြင့်ပေါ့။ ကိုယ်က တခုခုကိုတစိုက်မတ်မတ် ရေးနေတာက ကျွန်တော်တို့ရဲ့ ပုံမှန် ဖောက်သည်ကို ၀န်ဆောင်မှုပေးနေတာဘဲ။ ဒီတော့ ဘယ်လိုအကြောင်းမျိုးသိချင်ရင် ဘယ်ဘလောက်မှာ သွားဖတ်မယ် ဆိုတာ မျိုးတွေဖြစ်လာတယ်။ သဘောက အပြင်မှာ ဘယ်ပစ္စည်းဆို ဘယ်နေရာမှာ ရှိတယ် ၀ယ်လိုရတယ်ဆိုတဲ့ ပုံစံပါဘဲ။ ဒီတော့ ကျွန်တော်တို့ ရဲ့ ပုံမှန်ထုတ်ကုန်က ကျွန်တော်တို့ရဲ့ အချက်အလက် တင်ပြပုံပါဘဲ။ ဒါကြောင့် ကုန်ပစ္စည်းကို ထုတ်လုပ်မှ ထုတ်ကုန်ဆိုတာ ဖြစ်လာတာမဟုတ်ပါဘူး။ ၀န်ဆောင်မှုကို ထုတ်လုပ်တာလဲ ထုတ်ကုန်တမျိုးပါဘဲ။ ဒါပေမယ့် ရောင်းတန်းဝင်တဲ့ ထုတ်ကုန်ကဘဲ တကယ့်ကို အရောင်းအ၀ယ်ဖြစ်မှာပါ။ ကျွန်တော်တို့ ရေးတဲ့ အချက်အလက်ကောင်း လေလေ တင်ပြပုံတင်ဆက်ပုံ ကောင်းလေလေ ကျွန်တော်တို့ ဖောက်သည်တွေများလာလေလေဘဲ။ ဒါမှလဲ ရောင်း တမ်း ၀င်တဲ့ သဘော ဖြစ်လာမှာပါ။

ဝန်ဆောင်မှုရဲ့ အ၀န်းအ၀ိုင်းက ကျယ်ပြန့်လွန်းတဲ့အတွက် ဘယ်လိုဝန်ဆောင်မှုမျိုးနဲ့ ဘယ်လိုဆက်လုပ်မယ် ဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်ပြောနေတဲ့ အချက်တွေက လူတိုင်းလုပ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ထုတ်လုပ်သူရှိနေသမျှ စားသုံးသူရှိနေပါတယ်။ စားသုံးသူရှိလို့လဲ ထုတ်လုပ်သူရှိနေမှာပါ။ ဈေးကွက်ထဲမှာ ကိုယ့်ရဲ့ ဝေစုကို အမိအရထိန်းထားဖို့ဆိုရင်တော့ ကျွန်တော်တို့အရည်အသွေးဆိုတဲ့ အပိုင်းကို ပြောရမှာဖြစ်ပါတယ်။ အရည်အသွေး ကအဓိက ကျပါတယ်။ အရေအတွက်များလာလေလေ ဒါမှမဟုတ် စားသုံးသူတွေအတွက် ရွေးချယ်စရာ အခွင့်အလမ်း များလာလေလေ ကျွန်တော်တို့ရဲ့ ရှိနေတဲ့ အရည်အသွေးကို ကျမသွားအောင်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။  ၀န်ဆောင်မှုကို ထုတ်လုပ်တဲ့ နေရာမှာ အရည်အသွေးက ဖောက်သည်တွေရဲ့ ယုံကြည်မှုကို တိုးတက်စေမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ၀န်ဆောင်မှုဆိုတာ ကိုင်တွယ်လို့ထိတွေ့လို့ရတာမဟုတ်ဘူး။ စားသုံးသူရဲ့ ကျေနပ်နှစ်သိမ့်မှု ပေါ် မှာ တည်ရှိနေတာ၊ ဒါကြောင့် ဒီအရည်အသွေးကို ဘယ်လို ထိန်းညှိပြီိး ထိန်းသိမ်းမှာ လဲ။

အရည်အသွေးဖြင့်ထိန်းသိမ်းခြင်း (သို့) ဖောက်သည်ကိုလက်လွတ်မခံနဲ

အပြင်လောက အရောင်းအ၀ယ်တွေမှာ အရည်အသွေးမြင့်တဲ့ ကုန်ပစ္စည်း ကိုလူတိုင်းက နှစ်သက်ကြပါတယ်။ အဲဒီိ ပစ္စည်း တွေကလဲ ဈေးကြီးလေ့ရှိပါတယ်။ နောက်တခု အဲဒီိကုန်ပစ္စည်း ကိုသုံးစွဲရင် သုံးတဲ့ သူကိုယ်တိုင်က ဒီကုန်ပစ္စည်းရဲ့ အမှတ် တံဆိပ်ကို သုံးနေရတာကို ဂုဏ်ယူကျေနပ်နေတဲ့အထိ အရည်အသွေးကောင်းတဲ့ ကုန်ပစ္စည်းတွေက ဖောက်သည်တွေအပေါ် သြဇာညောင်းတဲ့အထိဖြစ် လာတတ်ပါတယ်။ ဥပမာ- Rolex နာရီတို့ BMW ကားတို့ စတဲ့ ကမ္ဘာပေါ်မှာ ကြော်ကြားတဲ့ ကုန်ပစ္စည်းတွေက အရည်အသွေးကိုအဓိက ထားတာကိုတွေ့နိုင်ပါတယ်။ ဒီလိုပါဘဲ ကျွန်တော်တို့ရဲ့ရေးသားတဲ့ အချက်အလက်တွေကို ကျွန်တော်တို့က လက်လွတ်စပါယ်မရေးဘဲ တိကျမှန်ကန်ဖို့၊ အရည်အသွေးကောင်းဖြစ်နေစေဖို့ လေးလေးနက်နက် လေးဂရုပြုရေးသားကြရမှာ ဖြစ်ပါတယ်။ အခုပြောတဲ့အကြောင်းအရာ မှာ ကျင့်ဝတ်ပိုင်းတွေလဲ အနည်း ငယ်ပါ နေမှာပါ။ ဘလောက်ရေးတဲ့ သူတွေအနေနဲ့ အခြေခံအကျဆုံး တာဝန်ရှိတဲ့ အပိုင်းက ကိုယ်ရေးတဲ့ စာကို ကိုယ်တိုင် တာဝန်ခံပြီး ရှိနေသင့်တဲ့အချက်ဖြစ်ပါတယ်။ ဒါကလဲ ကျွန်တော်တို့ရေးနေတဲ့ အကြောင်းအရာတွေရဲ့ အရည် အသွေးကို စပြီး ထိန်းသိမ်းတဲ့ ပထမဆုံးနဲ့ အခြေခံ အကျဆုံးသော အရာတခုဖြစ်နေပါတယ်။

ယုံကြည်မှုက အရေအသွေးရဲ့ အဓိကသော့ချက်ဘဲ၊ ဒါကြောင့် ကျွန်တော်တို့ရေးတဲ့ အချက်အလက်တွေအပေါ်မှာ ရိုးသား မှုလဲရှိဖို့လိုတယ်။ ကိုယ့် ဘလောက်မှာ လူများများဝင်ဖို့ အခြားသော သူတဦးတယောက်ရဲ့ ရေးသားချက်တွေ တီထွင်မှုတွေ စတဲ့အကြောင်းအရာတွေကို ကူးယူဖော်ပြတဲ့အခါ ဘယ်သူ့ထံကနေ ရည်ညွှန်းပါတယ်၊ ကူးယူပါတယ် စတဲ့ အချက်အလက်လေးတွေ ထည့်သွင်းပေးရမယ်။ မဟုတ်ရင် အခြားသော မူလ တီထွင်သူကို မလေးမစားလုပ်ရာ ကြသလို ကို့ရဲ့ ဘလောက်၊ ကိုယ့်ရဲ့ ထုတ်လုပ်မှု အရည်အသွေးကို ယုံကြည်မှုလျော့နည်းစေတယ်။ စားသုံးသူရဲ့ မယုံမကြည်ဖြစ် ခြင်းက ထုတ်ကုန်ရဲ့ အရည်အသွေးလျော့ကျဖို့တင်မဟုတ်ဘူး အဲဒီအရာကို ဖျက်စီးပစ်ရာလဲရောက်တယ်။ အဲဒီအတွက် ကျွန်တော်တို့ရဲ့ ရေးသားချက်တွေ တင်ပြတာတွေ အကြောင်းအရာတွေက ရှိရင်းစွဲ ပုရိတ်သတ်ကို ပုံမှန်စွဲဆောင်ထား နိုင် ရမယ် ၊ အဲဒါ တင်မဟုတ်ဘူး တိုးပွားလာဖို့လဲဆောင်ရွက်ရမယ်။

စားသုံးသူ မငြီးငွေ့စေဖို့ ကို့ရဲ့ထုတ်ကုန်အနေအထားကို အမြဲဆန်းသစ်နေဖို့လိုတယ်။ အခုလက်ရှိအနေအထားမှာ ပုရိတ်သတ်က အချဉ်ကိုအားပေးနေပေမယ့် အချိုကိုတောင့်တလာတတ်တာရှိနေမယ်။ ကိုကဒါတွေကိုသိထားဖို့လိုသလို ဘယ်လို လေးတွေ ထုတ်ပြမယ်ဆိုတာ အစီအစဉ်တကျဖြစ်ဖို့လိုတယ်။ ဆိုလိုတာ ကို့ဘလောက်နဲ့ ကို့ပုရိတ်သတ် ကို ကွဲကွာမနေစေဘဲ အမြဲထိတွေ့နေစေဖို့လိုတယ်။ ဒါမှလဲ ကိုဘာတွေ ဆက်ပြီးလုပ်သင့်တယ်ဆိုတာတွေမြင်လာမယ်။

ကိုယ့်အားနည်းချက်ကို ထောက်ပြဝေဖန်လာတဲ့အခါ မှာကိုက ဘာကိုဘယ်လိုပြင်ဆင်ရမယ်ဆိုတဲ့ နည်းလမ်းတွေ သိလာမယ်။ ဘယ်လိုပြင်မယ်ဆိုတာတွေ ကိုလေ့လာနိုင်မယ်။ ဒီတော့ ကျွန်တော်တို့ထုတ်ကုန်က အမြဲလတ်ဆက်နေတဲ့ အရာနဲ့ အလားသဏ္ဍန်တူသွားမယ်။ အသစ်ဖြစ်လာတဲ့ ဖောက်သည်တွေမှာ အဲလို လိုအပ်ချက်တွေပါလာလေ့ရှိတယ်။ ဒါကို လဲလေးလေးနက်နက် လုပ်ပေးရမယ်။

ဆိုလိုရင်းက ကို့ရဲ့ ထုတ်ကုန်အရည်အသွေးကို အစဉ်အမြဲ အရည်အသွေးကောင်းအောင် အနီးကပ် ထိန်းသိမ်းနေဖို့ လိုအပ်သလို ကို့ဆီရောက်နေတဲ့ ဖောက်သည်တွေအပြင် အသစ်ရောက်လာတဲ့ ဖောက်သည်တွေကို လက်လွတ်မခံဘဲ ဆွဲဆောင်ထားနိုင်ရမယ်။

ကျွန်တော်တို့ရဲ့ နေ့စဉ်ရှင်သန်နေထိုင်နေတဲ့ အကြောင်းအရာတွေက ကျွန်တော်တို့ထုတ်ကုန်တွေဖြစ်နေတဲ့ အတွက် ဖောက်သည်တွေကလဲ ကို့လိုခံစားချက်မျိုးရှိနေတယ်။ ကိုယ်ချင်းစာစိတ်နဲ့ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းက စေတနာထား တဲ့ အတွက် အရည်အသွေးကောင်းတွေကလဲ ဒီအထဲမှာ ပါဝင်နေတယ်ဆိုတာသိရင် ကို့ကိုယ်ကို ယုံကြည်နေမယ်။ ကျွန်တော်တို့အကောင်းဆုံး ပေးဆပ်နေခြင်းက အရိုးသားဆုံး ဖွင့်ဟနေခြင်းဘဲ။

အခွင့်အလမ်းကို အမိအရဆုတ်ကိုင်ပါ

ကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာတွေက ကျွန်တော့် အတွေ့အကြုံ ကိုအဓိက ချဉ်းကပ်ရင်း လက်ရှိဖြစ်ပေါ် တိုးတက် ပြောင်းလဲနေတဲ့ အရာတွေကို ချိန်ညှိပြောထားတာပါ။ လိုအပ်ချက်တွေရှိနေတယ်ဆို တာ ကျွန်တော်သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပေးဆပ်နိုင်သလောက် ကျွန်တော်ပေး တဲ့သဘောပါ။ ဒါတွေက အခွင့်အလမ်းတွေရဲ့ လမ်းစသာဖြစ်ပါတယ်။ ကျွန်တော်တို့ လမ်းတခုကိုဖောက်နေတာဖြစ်တယ်။ ဒီအတွက် လမ်းဆုံးကို ကျွန်တော်တို့မျှော်ကြည့်လို့ရပေမယ့် လမ်းမဖြစ်သေးတဲ့လမ်း ကိုကျွန်တော်တို့လျောက်နေတာပါ။ အဲဒီအတွက် အားလုံးမှာ လုပ်ကိုင်နိုင်ကြတဲ့ စွမ်းရည်တွေ အပြည့်အ၀ရှိနေတယ်လို့ ကျွန်တော် အပြည့်အ၀ ယုံကြည်ပါတယ်။

အင်တာနက် ပေါ်မှာ များပြားလှတဲ့ အခွင့်အရေးတွေကြားထဲက တခုသောအရာကို အစဆွဲထုတ်ထားတာ ဖြစ်တယ်ဆို တာ သိစေချင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ လူငယ်တွေတင်မဟုတ်ဘူး အသက်အရွယ်မရွေး ဒီအ၀န်းအ၀ိုင်းမှာ ထိုက်သင့်တဲ့ အခွင့်အလမ်း တွေရနိုင်တယ်ဆိုတာလဲ ကျွန်တော်တို့အားလုံးကိုသဘောပေါက်နားလည်စေချင်တယ်။

အင်တာနက်ဆိုတဲ့စကားလုံးနောက်ကွယ်မှာ ကျယ်ပြန့် နက်နဲလှတဲ့ အကြောင်းအရာတွေရှိနေပါတယ်။ ဒီလိုဘဲ တပြေးညီ ရပိုင်ခွင့်တွေနဲ့ ပြည့်နှက်နေတဲ့ အခွင့်အရေးတွေက ကျွန်တော်တို့ အနီးနားမှာရှိနေပါတယ်။ ဒါကို ဘာကြောင့် ကျွန်တော် တို့လက်လွတ်ခံရမှာလဲ။

အင်တာနက်ထဲမှာ သူဌေးသူကြွယ် ပညာတတ်ပညာမဲ့ လူတန်းစား ခွဲခြားမှုမရှိဘူး။ အားလုံးကိုတပြေးညီလုပ်ပိုင်ခွင့် ပေးထားတယ်။ ကျွန်တော်တို့စိတ်ကူးစိတ်သန်းတွေကို ဖော်ထုတ်ပြသရာ၊ ကျွန်တော်တို့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟ၀န်ခံရာ၊ ကျွန်တော်တို့ အကျိုးစီးပွားအတွက် ရေကြည်ရာမြတ်နုရာ ရှာဖွေနိုင်တဲ့ ကမ္ဘာသစ်တခု ၊ ကျွန်တော်တို့ရဲ့ ဒုတိယမြောက်ရှင်သန်ရာအဖြစ် ဒီအင်တာနက်ထဲမှာ နေထိုင်ပျော်ရွှင်လို့ရတယ်။

ကျွန်တော်တို့ ဘလောက်တွေရေးသားတယ်။ အခြားသောအင်တာနက် အသုံးပြုသူတွေက သူတို့ နှစ်သက်ရာတွေသုံးမယ်။ ဘာတွေကို ဘယ်လိုဘဲ သုံးသုံး အားလုံးမှာ အခွင့်အရေးတွေ အခွင့်အလမ်းတွေရှိနေတယ်။ ကျွန်တော်တို့အဲဒီအရာတွေကို ရှာဖွေရမယ်။ ဘယ်လို တကိုယ်ရေအကျိုးရှိအောင်သုံးမယ်ဆိုတာတွေ၊ ဒီလိုတကိုယ်ရေ အကျိုးကျေးဇူးကနေ နိုင်ငံအကျိုးရှိလာအောင် ကျွန်တော်တို့ဘယ်လို လုပ်မယ်ဆိုတာတွေကို ကိုယ်တိုင်ရှာဖွေဖို့ ကျွန်တော်တို့အားထုတ်ရမယ်။

အခုဆို ကျွန်တော်တို့တတ်သိနားလည်တဲ့အပိုင်းကနေ ဒီကညီအကိုမောင်နှမတွေကို မှဝေ ပေးနေပါတယ်။ အခွင့်အရေးက ကျွန်တော်တို့ လက်တကမ်းမှာရှိနေပါတယ်။ အချိန်နောက်မကျသေးပါဘူး။ ဒီတော့ အခုအချိန်မှာ အင်တာနက်မသုံးတတ်သေးရင် ကျွန်တော်တို့က သုံးကြပါလို့တိုက်တွန်းပါတယ်။ သုံးနေတဲ့သူများကလဲ ဒီထက်အကျိုး ရှိမယ့် အရာတွေကိုဆက်လက်ရှာဖွေ ဖော်ထုတ်ကြပါ။ဖြစ်လာမယ့် အခွင့်အရေးတွေကို အမိအရအကောင် အထည်ဖော်ကြပါလို့တိုက်တွန်းလိုပါတယ်။    ကျေးဇူးတင်ပါတယ်

You can leave a response, or trackback from your own site.

2 Responses to “တို့လုပ်နိုင်တဲ့ လက်တကမ်းစီးပွားရေး”

  1. kyawkyaw says:

    အလွန်ကောင်းမွန်တဲ့ ဆောင်းပါးတစ်ပုဒ်ပါ

  2. getsuyoobi says:

    တန်ဖိုး၇ှိပါတယ်……အောင်မြင်ပါစေ….ကိုဇော်ဇော်

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice