ရခိုင်နိုင်အိမ်ရှေ့မင်း ( ၀ါ ) ရွှေတောင်မင်းအကြောင်း ဆက်ပြောချင်ပါတယ်။ နှစ်ပေါင်း ၁၃၀ ကျော်လောက် တည်တံ့ခဲ့တဲ့ ကုန်းဘောင်ရွှေနန်းဟာ မင်းကောင်းမင်းမြတ်တွေ ရှိပါလျက်ကယ်နှင့် အကြောင်း အမျိုးမျိုးနဲ့ အကြောင်းမလှ ဖြစ်ခဲ့ရတာတွေ၊ အကြောင်းအမျိုးမျိုးနဲ့ ဂုဏ်ယူစရာတွေ ဖြစ်ခဲ့တာတွေ ကိုစိတ်ဝင် စားစရာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာ့ဦးစွန်းတွေကို အလောင်းမင်းတရားကြီးနောက်ပိုင်း ကုန်းဘောင် ခောတ်မှာ ဂုဏ်ယူဖွယ်မြှင့်တင်ပေးနိုင်ခဲ့တဲ့ မင်း တွေဖြစ် တဲ့ ဆင်ဖြူရှင်၊ ဘိုးတော်ဘုရားနဲ့၊ မင်းတုန်းမင်းတို့ ဟာ လူသိများ ထင်ရှားခဲ့ပေမယ့် ဘိုးတော်ဘုရားရဲ့ သားတော်အိမ်ရှေ့စံဖြစ်တဲ့ ရွှေတောင်မင်းကြီးဟာ လူသိနည်းခဲ့ပါတယ်။ အိမ်ရှေ့စံမင်းများထဲမှာ စောစီးစွာ ကံတော်ကုန်ခဲ့တဲ့ မင်းသားကြီး ၂ ပါးဖြစ်တဲ့ ရွှေတောင်မင်းနဲ့ ကနောင် မင်းသားကြီးတွေဟာ တကယ်လို့ စောစီးစွာ မလွန်ခဲ့ရင် ကုန်းဘောင်နေမီးဟာလဲ ဒီထက်ပိုမို ထိန်ညီးနိုင် မယ်လို့ မျှော်လင့်စရာရှိခဲ့ပါတယ်။ အခုပြောတဲ့ မင်းသားကြီးတွေဟာ တကယ်ဘဲ ချွန်ခဲ့တဲ့မင်းသားတွေဖြစ် ပြီး မင်းတုန်းမင်းကြီးရဲ့သားတော် မက္ခရာမင်း သားကြီးဟာလဲ တော်တည့်ကောင်းမွန်တဲ့မင်းသားတပါး ဖြစ်ခဲ့ပါတယ်။ မက္ခရာမင်းသား ကတော့ ခမည်းတော်ကို ပုန်ကန်ဖို့ ကြံစည်ခဲ့ဘူးတာကြောင့် ထင်သလောက် အရေးပေးမခံ ခဲ့ရ ပါဘူး။
အခုပြောနေချင်တဲ့ ဘိုးတော် ဗဒုံမင်းလို့သိကြတဲ့ ဆင်ဖြူများရှင် လက်ထက်မှာ အမှုတော်ကို ကျေပြွန်စွာ ထမ်းရွက် နိုင်ခဲ့တဲ့ ဘိုးတော်မင်းဘုရားရဲ့ သားတော် အိမ်ရှေ့စံ ရွှေတောင်မင်းသားပါဘဲ။ နန်းသက် ရှည် လှပြီး ဘုန်းကြီးလှတဲ့ ဘိုးတော်ဘုရား ဟာ ရာဇသတ်၊ ဓမ္မသတ် တွေကို ပြန်လည်စီစစ်ထုတ်ပြန် နိုင်ခဲ့ပြီး များစွာသော ကျမ်းများစွာကိုလဲ မြန်မာဘာသာသို့ ပြန်ဆိုပေးနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလဲ အင်္ဂလိပ်နဲ့လွဲလို့ ကျန်တဲ့ နိုင်ငံတွေနဲ့ သင့်တင့်အောင်ဆက်ဆံ နိုင်ခဲ့ပြီး သာသနာပြုများကို ထောက်ပံ့ခြင်း၊ လူပညာရှိ၊ ရဟန်းပညာရှိများကိုလဲ ချီးမြောက်ခဲ့ပါတယ်။ သူ့လက်ထက်မှာ မြန်မာစာပေ အနုပညာရှင်တွေ များများ ထွက်ပေါ်နိုင်ခဲ့ပါတယ်။ နာမည်ကြီး ဦးပေါ်ဦးတို့၊ အယူတော်မင်္ဂလာ ဦးနိုးတို့လို ဘိုးတော်ဘုရားအနားမှာ ခစားနေတဲ့ ပညာရှင်တွေလဲ ထွန်းကားခဲ့ပါတယ်။ ပထမဆုံးမြန်မာငွေဒင်္ဂါးများကို သွန်းလောင်းစေခဲ့ပြီး ဆည်သစ်တည်ဆောက်ခြင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်း၊ သီးနှံထွက်နှုန်းနှင့် စီးပွား ရေးနှင့်ဆိုင်သော စစ်တမ်းများကောက်ယူခြင်း စတဲ့ ဘာသာ၊ သာဿနာနှင့် ခေတ်မှီတဲ့ အုပ်ချုပ်ရေး စီးပွားရေး စနစ်များကို စတင်ပေးခဲ့တဲ့အတွက် လူသိများထင်ရှားခဲ့သလို၊ ၁၁၄၅ မှာ ရခိုင်ကိုအောင်နိုင်ခဲ့တဲ့ အတွက် မဟာမုနိ ရုပ်ရှင်တော်မြတ်ကို ပင့်ဆောင်လာနိုင်ခဲ့ပါတယ်။ တကယ်တော့ အခုလို အောင်မြင်အောင် ဆောင် ရွက် နိုင်ခဲ့ဖို့ အတွက် ဘိုးတော်ဘုရားမှာ အားကိုးလောက်တဲ့ သားတော်တပါးရှိခဲ့တယ်ဆိုတာကိုတော့ လူသိနည်း ခဲ့ ပါတယ်။
အိမ်ရှေ့စံမင်းသားကြီးဟာ ခမည်းတော် အမိန့်နဲ့ ၁၁၄၅ မှာ ရခိုင်ကိုချီတက် လုပ်ကြံခဲ့ရာ ၂ လအတွင်း အောင် နိုင်ခဲ့ပြီး ရှေးယခင်ကတည်းက တသီးတခြားဖြစ်နေကာ အနော်ရထာ၊ ဘုရင့်နောင်နှင့် ဘိုးတော် အလောင်းမင်း တရားလက်ထက်တွင်ပါ မြန်မာပြည်တွင်း မပါဝင်ခဲ့တဲ့ ရခိုင်ကို ယနေ့မြန်မာနိုင်ငံတော်ထဲ ရောက် အောင်သွင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ အတွင်းမှာ ၂၃၀၀ လောက် ရခိုင်မှာ စံနေခဲ့တဲ့ မဟာမုနိရုပ်ပွားတော်ဟာ အိမ်ရှေ့မင်း ကောင်းမှုကြောင်း မန္တလေးကို ရောက်လာခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာ မြန်မာနိုင်ငံအောက်ပိုင်းဖြစ်တဲ့ ရေး၊ ဘိတ်၊ ထားဝယ်ဒေသတွေကို မကြာခဏ ထိပါးနေတဲ့ ယိုးဒယား တွေကို အောင်မြင်ခဲ့ပြီး အဲဒီအချိန်ကစလို့ ယိုးဒယားတွေဟာ မြန်မာနိုင်ငံအောက်ပိုင်း ကို လုံးဝ လက်လွှတ်ပေးခဲ့ရတာ အခုတိုင်ဖြစ်ပါတယ်။ ဒါကလဲ မင်းသားကြီးကျေးဇူးဘဲဖြစ်ပါတယ်။
မင်းသားကြီးဟာ အခုလို လက်ရုံးရည် ပြည့်ဝသူသာမကဘဲ မြ၀တီမင်းကြီးဦးစလို၊ ရာမရကန်ဦးတိုးလို တပည့် တွေကိုမွေးထုတ်ပေးနိုင်တဲ့အထိ နှလုံးရည်ပြည့်ဝစွာ စာပေးကျမ်းဂန် တတ်ကျွမ်းတဲ့ အနုပညာရှင်တဦးလဲ ဖြစ်ပါတယ်။ မြ၀တီမင်းကြီး ဦးစဟာ မင်းသားကြီးရဲ့ အိမ်တော်ကငယ်မွေးခြံပေါက်တယောက်ဖြစ်ပါတယ်။
ဒီလို အရည်အချင်းရှိတဲ့ မင်းသားကြီးဟာ ကုန်းဘောင်ဦးစွန်းတွေထဲက တခုမတည်ခဲ့တဲ့ ဘိုးတော် မင်းတရား ကြီးလက်ထက်တော်မှာတင့် ၁၁၇၀ ခုနှစ်မှာ စောစီးကွယ်လွန်ခဲ့ပါတယ်။
ဘိုးတော်ဘုရားမတိုင်ခင် နောက်မင်းတပါးကတော့ ငယ်ရွယ်စဉ်ကတည်းက နည်မည်နဲနဲ ဆိုးတဲ့ ဆင်ဖြူရှင် ခေါ် မြေဒူးမင်းဖြစ်ပါတယ်။ ဆင်ဖြူရှင်ဟာ ခမည်းတော် အလောင်းမင်းတရားရှိစဉ်အခါ ကပင်းထီးနန်းကို လိုချင် ခဲ့တဲ့ သူဖြစ်ခဲ့ပြီး နောင်တော်ကြီးလက်ထက်တော်မှာလဲ ထီးနန်းကို အမြဲ လုပ်ကြံရန်ဆန္ဒရှိနေသူလို့ သံသယ ၀င် ခံနေ ခဲ့ရတဲ့သူဖြစ်ပါတယ်။ နောင်တော်ကြီး ကိုယ်တိုင်သိခဲ့ပေမယ့် ခွင့်လွှတ်ခံခဲ့ရပြီး အလောင်းမင်းတရားကြီး ဆန္ဒအတိုင်း ညီတော်များ အစဉ်လိုက်ထီးနန်းဆက်ခံရေး မူအရ ထီးနန်းရရှိလာတာဖြစ်ပါတယ်။ သို့ပေမယ့် သူ့နောက်က အမြင့်မင်းကို ထီးနန်းမပေးဘဲ သားဖြစ်သူ စဥ့်ကူးမင်းကို ထီးနန်းလျာထားတဲ့အတွက် အမြင့်မင်းက ပုန်ကန်ခဲ့ပါတယ်။ သူ့အလွန်စဥ့်ကူးမင်းလက်ထက်မှာတော့ နောင်တော်ကြီးရဲ့သားဖြစ်သူ ဖောင်းကာ စားက နန်း လုရာက ကုန်းဘောင်ထီးနန်းဟာ သွေးကွက်တွေ စတင်စွန်းထင်ခဲ့ပါတယ်။ ဒီလို ကုန်းဘောင်ရွှေနန်းမှာ သွေးချောင်းစီးစေမယ့်အဖြစ်တွေကို ဆင်ဖြူရှင်လက်ထက်ကနေ စတင်ခဲ့ပေမယ့် တိုင်းပြည်အတွက် သူဘယ် လို ကာကွယ်ခဲ့တယ်ဆိုတာကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ ခမည်းတော်လက်ထက်ကတည်းက အလို မပြည့် ဖြစ်နေခဲ့ပေမယ့် နောင်တော်လက်ထက်မှာ အနိုင်စားခဲ့တဲ့ ယိုးဒယားသားတို့ရဲ့ ပုန်ကုန်ထကြွနေမှုကို အပြီးတိုင် ငြှိမ်းသတ်ပေးခဲ့တာ ဒီဘုရင်ဘဲဖြစ်ပါတယ်။ အခု မြင်တွေ့နေရတဲ့ အယုဒ္ဒယ ဟာ ဆင်ဖြူရှင်လက်ထက် နောက် ပိုင်း စစ်ပွဲမရှိတော့တဲ့ အယုဒ္ဒယ ဖြစ်ပါတယ်။ မြောက်ပိုင်းမှာ တရုတ်နဲ့စစ်ဖြစ်နေရတဲ့အတွက် တောင်ဘက်က ယိုးဒယားကို နလန်မထူအောင် လုပ်ပေးခဲ့တာဖြစ်တယ်လို့ သမိုင်းအများစုက ဆိုထားတာတွေ့ရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ယိုးဒယားထီးနန်းဟာ ဘန်ကောက်ကို သမိုင်းဝင်ပြောင်းရွှေ့လိုက်ရတာတော့ ဆင်ဖြူရှင်ရဲ့ လက်ရာ ဖြစ်တယ်လို့ဆိုရပါမယ်။
အင်္ဂလိပ်တွေ မြန်မာနိုင်ငံအ၀န်းလုံး ကိုသိမ်းပိုက်ပြီးခါစမှာ တရုတ်ဘုရင်က အင်္ဂလိပ်အစိုးရကို မြန်မာနိုင်ငံက နေ ပဏ္ဍာ ဆက်ဖို့တောင်းဆိုခဲ့ပါတယ်။ မြန်မာပြည်ဟာ တရုတ်တွေကို ၁၀ နှစ်တကြိမ် လက်ဆောင်ပဏ္ဍာ ဆက်သ နေရပါတယ်လို့ ပြောဆိုလာပါတယ်။ လူလည် အင်္ဂလိပ်က တောင်းတိုင်းမပေးဘဲ သေချာပြန်စီစစ်တော့ ဆင်ဖြူရှင်လက်ထက်မှာ တရုတ်နဲ့ မြန်မာ ချုပ်ဆိုထားတဲ့ စာချုပ် ကိုသိရပါတယ်။ တကယ်တမ်းမှာ သမိုင်း တလျောက် တရုတ်တွေဟာ မြန်မာပြည်ကို လုံးဝ သိမ်းယူခဲ့တယ်ဆိုတာ မရှိခဲ့ပါဘူး။ တရုတ်ပြေးမင်းလို့ အသိများတဲ့ ပုဂံအလွန် တရုတ်ပြေးမင်းဖြစ်တဲ့ နရပတိကို တိုက်ခိုက်ခဲ့တာ တကယ်တော့ တရုတ်မဟုတ် ပါဘူး၊ မွန်ဂိုတွေသာဖြစ်ပါတယ်။ အမှန်က ဆင်ဖြူရှင်လက်ထက်မှာ စစ်သူကြီးမဟာသီရသူ မှတရုတ်များကို ဦးဆောင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တရုတ်များ သုံးကြိမ်တိုင်တိုင် ထိုးစစ်ဆင်တိုက်ခိုက်ပြီး သုံးကြိမ်လုံး ရှံးနိမ့်ကာ ခေါင်း ဆောင်စစ်သူကြီး သုံးဦးလုံး ကိုယ့်ကိုကိုယ် သတ်သေ သွားကြတာသာဖြစ်ပါတယ်။ နောက်ဆုံး စစ်ဗိုလ်ချုပ်က တော့ တရုတ်နေပြည်တော် ပီကင်းမှ လာသူဖြစ်ပါတယ်။ ဒါကြောင့် တရုတ်တွေဟာ မြန်မာတို့နဲ့စစ်ပြေငြိမ်းဖို့ စတင်ကမ်းလှမ်းခဲ့ကာ ၁၀ နှစ်တခါ လက်ဆောင်လဲပြီး ချစ်ကြည်ကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
ဒီလိုအောင်နိုင်လာခဲ့တဲ့စစ်သူကြီး မဟာသီရသူ ဟာအင်းဝနေပြည်တော်အရောက်မှာတော့ ဆင်ဖြူရှင်ရဲ့ မျက် မာန်ရှမှုကို ခံရတယ်လို့ဆိုပါတယ်။
တရုတ်တွေနဲ့ စစ်ပြေငြိမ်းခဲ့လို့ တရုတ်ပေးတဲ့ လက်ဆောင်တွေကို တမနက်လုံးနေပူထဲမှာ ခေါင်းပေါ်ရွက်ပြီး နန်း ရင်ပြင်မှာ နေလှန်းခံခဲ့ရပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် အဲဒီအချိန်မှာမြန်မာတွေဟာ စစ် ၂ ဘက်ကြားညပ်နေခဲ့တာဖြစ်ပါတယ်။ တကယ်လို့ တရုတ် ကိုသာရှုံးခဲ့ရင် အဲဒီတုန်းက နန်းတက်လာခဲ့တဲ့ မန်ချုးတွေလက်အောက်မှာ တရုတ်ပြည်မကြီးနည်းတူ ၁၉၅၀ ကျော်လောက်ထိ ရောက်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် ဆင်ဖြူရှင်ကတော့ စစ် ၂ခုလုံးကို အောင်နိုင်ခဲ့ပါတယ်။ ဒီအပြင် မဏိပူရနဲ့ အာသံကိုလဲ ထကြွမှုတွေကို ကိုယ်တော်တိုင် သွားရောက် သုတ်သင်နိုင်ခဲ့ပါတယ်။
ကုန်းဘောင် သမိုင်းမှာ ပထမဆုံး ဦးစွန်းကို တင်မပေးခဲ့သူဖြစ်ခဲ့ပါတယ်။
မှီငြမ်း = ခောတ်ငါးခောတ်သမိုင်း(ကျောင်းသုံးစာအုပ်)၊ ယိုးဒယားမြန်မာဆက်ဆံရေး(အတွဲ၂-အခြေခံပညာအထက်တန်း)၊ ကုန်းဘောင်ရှာပုံတော်(ညိုမြ)၊ တောင်သမာန်ရွှေအင်းမှာလေညှင်းဆော်တော့(မြသန်းတင့်)၊ ဘိုးတော်ဘုရား၏မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း(အတွဲ ၁ )


Posted in 








ကောင်းပါတယ်။ဗဟုသုတရပါတယ်။အမြဲတမ်းအားပေးနေပါကိုဇော်ဇော်။
မွန်ရာဇ၀င်ဟောင်း၊ ရခိုင်ရာဇ၀င်ဟောင်းတွေမှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဟာ ရခိုင်ကို တိမ်းရှောင်သွားတဲ့ အင်းဝမင်းဆက် မင်းသွေး ဖြစ်ပြီး နောင်မှ သူ့ဆွေစဉ်တွေက မုဆိုးဖိုရွာဘက် ဇာတ်မြှုပ်နေထိုင်ပြီး ကုန်းဘောင်ခေတ်ကို တည်ထားခဲ့တယ် ဒါကြောင့် ရခိုင်ကို ချီတက်ပြီး ရခိုင်လူမျိုးတို့ အသည်းနှလုံးဖြစ်တဲ့ မဟာမြတ်မုနိကို သွားရောက်ချီတက် ယူငင် တာကို အသည်းနာတယ်လို့ ရခိုင်တချို့ ပြောတာကို ကြားဖူးပါတယ်။ မှန်မမှန် သိချင်ပါတယ် ခေတ်ပြိုင် ရခိုင်ရာဇ၀င်ဟောင်း တွေနဲ့ ဆက်စပ်ပြီး လေ့လာရင် သိနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်မက အဲလို လေ့လာနိုင်ဖို့ အလှမ်းဝေးတဲ့ နေရာ ရောက်နေပါတယ်။ ဒါကြောင့် ဒီကနေပဲ တောင်းဆိုလိုက်ပါတယ်နော်။ ဘာပဲ ဖြစ်ဖြစ်ပါ။ သူများနိုင်ငံ သွားတိုက်ပြီး ပြည်သူ့ အသည်းနှလုံး ဖြစ်တဲ့ အရာ (လူ၊ အထိမ်းအမှတ်ပစ္စည်း) ကို အပိုင်ယူသိမ်းတာဟာ အသိမ်းခံ လူထုကို စည်းရုံးရာ မရောက်၊ စော်ကားရာပဲရောက်တဲ့ အတွက် ကျွန်မကတော့ မနှစ်မြို့ပါ။ ကိုယ့်ဘုရင်က လုပ်လုပ် သူများဘုရင်က လုပ်လုပ် မကြိုက်ပါ။ သမိုင်းတွေက သင်ခန်းစာတွေ အများကြီး ရပါတယ်။ ဆက်လက် တင်ပြ နိုင်ပါစေ…
ဘယ်လိုအကြောင်းနဲ့ဘဲဖြစ်ဖြစ် ဒါတွေဟာ ကြိုးစားတိုင်းဖြစ်နိုင်တဲ့ သမိုင်းတခုတော့မဟုတ်ပါဘူးနော် အမ။ ကျေးဇူးတင်ပါတယ်
ကျေးဇူးတက်ပါတယ်ခင်ဗျာ၊ နောက်ထပ်လဲ ကြိုးစားရေးပါဦးမယ်။
သမိုင်းဆိုတာ ဖြစ်ပျက်ခဲ့တာကို မှတ်တမ်းတင်ပြီး နောက်မှာ တက်လာတဲ့သူတွေက လေ့လာစေဖို့ နဲ့ သင်ခန်းစာ ယူရမှာပါ။ ဘယ်သူ့ကိုမှသာစေနာစေ မရှိစေရဘူးဆိုပေမယ့် သမိုင်းရေးသူတို့ အာဘော် ကတော့ရှိနေဦးမှာဖြစ်ပါတယ်၊ ဘုရားကို ပင့်တာသာဖြစ်ပါတယ်၊ ယိုးဒယားရဲ့ မြဘုရားသမိုင်းဆို အတော်လေး ရှုပ်ထွေးနေပြီး ဘယ်သူပိုင်တယ်ဆိုတာ အခုထိအငြင်းပွားနေဆဲပါဘဲ။ ဘယ်လို ဖြစ်ဖြစ် အရှိကတော့အရှိအတိုင်းဖြစ်ပါတယ်။ ဆိုလိုတဲ့ ဦးစွန်းဆိုတာကတော့ အဆိုးထဲက အကောင်း ကိုဖော် ဆောင်ခဲ့တဲ့ သူရဲကောင်းစိတ်ဓါတ် ရှိသူတွေအတွက်ဖြစ်ပါတယ်။ အခုလို ဝေဖန်ပေးတာ လေးစား ကျေးဇူးတင်ပါတယ်ခင်ဗျား။