နာမည်များနဲ့ကုန်းဘောင်

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဖြစ်တဲ့ တတိယ မြန်မာနိုင်ငံတော် နောက်ဆုံး မင်းဆက်ဖြစ်တဲ့ ကုန်းဘောင်မင်းဆက် ၁၁ ဆက် နဲ့ပတ်သတ်ပြီး တချို့မသိတဲ့ အချက်တွေကို တခါတလေကျ ရင်ပြန်ရှာမိတတ်တယ်။ အဲဒီထဲက ဘုရင်မင်းတွေရဲ့ ဘွဲနာမည်နဲ့ ငယ်နာမည်တွေလဲ ပါတတ် ပါတယ်။ ကျွန်တော့်မှာတော့ ကုန်းဘောင် ၁၁ ဆက်ရဲ့ ဘွဲ့နာမည် တွေအပြည့်အစုံမရှိပေမယ့် အခုသိထားတဲ့ အချက်အလက်တချို့ကို ပြောပြချင်ပါတယ်။

ကုန်းဘောင် ၁၁ ဆက်ရဲ့ စာရင်းကတော့

၁။ အလောင်းမင်းတရား

၂။ နောင်တော်ကြီး

၃။ ဆင်ဖြူရှင်

၎။ စဥ့်ကူးမင်း

၅။ ဖောင်းကားစား

၆။ ဘိုးတော်ဘုရား

၇။ ဘကြီးတော် ဘုရား

၈။ သာယာဝတီမင်း

၉။ ပုဂံမင်း

၁၀။ မင်းတုန်းမင်း

၁၁။ သီပေါမင်း

တို့ဖြစ်ကြပါတယ်။  ကုန်းဘောင်ဆက်တွေမှာ ဒေသကို အစွဲပြုပြီး ခေါ်တဲ့ နာမည်တွေက များတာ ကို တွေ့မှာဖြစ် ပါတယ်။ အဲဒီနာမည်တွေက အများသိကြတဲ့ နာမည်တွေဖြစ်ပြီး နာမည်တွေမှာ သီပေါမင်း၊ မြေဒူးမင်း ( ဆင်ဖြူရှင် )၊  မင်းတုန်းမင်း၊ ပုဂံမင်း ၊ ဖောင်းကားစားနဲ့ သာယာဝတီမင်း ၊ စဥ့်ကူး မင်းတို့ ဟာ အပိုင်စားရရာ ဒေသ တွေကို အစွဲပြုပြီး ခေါ်ဆိုတဲ့ အမည်တွေဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ကုန်းဘောင် ဆက်တွေရဲ့နာမည်တွေ ကို မှတ်သားရ လွယ်ကူတာတွေ့ရပါတယ်။ အလောင်းမင်းတရား၊ ဆင်ဖြူရှင် (မြေဒူးမင်း) တို့ကြပြန်တော့ သူတို့တွေ လက်ထက်မှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားမှုတွေကို တပ်ဆင်ခေါ်ဝေါ်ထားတာ တွေ့ရပါတယ်။( ဆင်ဖြူ ရလို့ ဆင်ဖြူရှင် ဖြစ်လာပေမယ့် ဆင်ဖြူအများအပြား ပိုင်ဆိုင်တာကတော့ ဘိုးတော်ဘုရားဖြစ်ပါတယ်။ ဘိုးတော် ဘုရား လက်ထက်က နောက်ဆုံး ရရှိတဲ့ ဆင်ဖြူတော် ရဲ့အစွယ်ကို ရန်ကုန် တိရိစ္ဆာန်ဥယျာဉ် ရဲ့အတွင်းက သဘာဝသမိုင်း ပြတိုက်မှာ တွေ့ရှိနိုင်ပြီး အဲဒီအကြောင်းကို ဆက်လက်တင် ပြပါ့မယ် )  နောင်တော်ကြီး မင်းကတော့ အလောင်းမင်းတရားကြီးရဲ့သားတော် အကြီးဆုံးမို့ ခေါ်ဆိုတာကိုတွေ့ရပြီး နောက်ပိုင်း ဘုရင် တွေရဲ့ အဘိုးတော်စပ်တဲ့ ဘိုးတော်ဘုရား (ဗဒုံမင်း) ၊ ဘကြီးတော်စပ်တဲ့ ဘကြီးတော် ဘုရား(စစ်ကိုင်းမင်း ) လို့ ဆိုပြီး ဆွေမျိုးနာမည် တွေ တပ်ထားတာ တွေ့ရှိရပြန်ပါတယ်။

ငယ်နာမည်တွေနဲ့အခြား ရောထွေးနေတတ်တဲ့နာမည်တွေကိုပြောပြချင်ပါတယ်။

၁။ အလောင်းမင်းတရား  ( အောင်ဇေယျ )

၂။ နောင်တော်ကြီး ( မောင်လောက် )

၃။ ဆင်ဖြူရှင် (မောင်ရွ ၊ မြေဒူးမင်း )

၎။ စဥ့်ကူးမင်း ( မောင်ရဲလှ )

၅။ ဖောင်းကာစား ( မောင်မောင် )

၆။ ဘိုးတော်ဘုရား ( မောင်ဝိုင်း ၊ ဗဒုံမင်း၊ ဆင်ဖြူများရှင် )

၇။  ဘကြီးတော် ( စစ်ကိုင်းမင်း ၊ မောင်စိန်၊ ဖန်နန်းရှင် )

၈။  သာယာဝတီမင်း ( မောင်ခင် ၊ ကုန်းဘောင်မင်း ၊ ရွှေဘိုမင်း )

၉။  ပုဂံမင်း ( မောင်မောင် )

၁၀၊ မင်းတုန်းမင်း ( မောင်လွင် )

၁၁။ သီပေါမင်း ( မောင်ရေစက် )

ဒီလို နာမည်ကွဲတွေ အများအပြားရှိနေသေးတဲ့အတွက် တခါတရံမှာ သမိုင်းကိုလေ့လာတဲ့ အခါတွေမှာ တော်တော် လေး ခေါင်းစားမိတာရှိပါတယ်။ ဘာလို့လဲဆိုတော့ ၀ါသနာအရ လေ့လာတာဖြစ်တဲ့ အတွက် မင်းတွေရဲ့နာမည် တွေ ကိုသမိုင်းဆရာတွေက ရေးတဲ့အခါမှာ တချို့တလေကျတော့ ကိုယ်မကျက်မိတဲ့ အမည် ဖြစ်နေတာ ဖြစ်ရင် နဲနဲ လေးအလုပ်ရှုပ်ပါတယ်။

ဖောင်းကာ စားမောင်မောင်ဟာ နန်းသက်ကို ရက်ပိုင်းစိုးစံလိုက်ရပေမယ့် ကုန်းဘောင် ၁၁ ဆက်ထဲမှာ ဘုရင်မျိုး နွယ်ဖြစ်တဲ့အတွက် ပါဝင်ခဲ့ပေမယ့် ကုန်းဘောင် သမိုင်းမှာ မတွင်လိုက်တဲ့ မင်းသားတပါးရှိခဲ့ပါတယ်။ သူကတော့ ဘိုးတော်ဘုရားရဲ့သားတော် အိမ်ရှေ့မင်းသားကြီး ( ရခိုင်နိုင်မင်းလို့ အမည်ရပါတယ်) ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ တော် ၃ ကြိမ်တည်ထောင်ရာမှာ တစိတ်တပိုင်း ကျန်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သူက ရအောင်စွမ်းဆောင်ခဲ့ပြီး လက် ရုံးရည်နှလုံးရည် ပြည့်ဝတဲ့မင်းသားတပါးဖြစ်ပါတယ်။ မန္တလေး မဟာမုနိ ဆင်းတုတော်ကြီးကို ရခိုင်ကနေ ပင့်ဆောင် လာခဲ့တဲ့ မင်းသားကြီးဖြစ်ပြီး ကုန်းဘောင် ဆက်ရဲ့ နန်းသက်အရှည်ဆုံး ဘိုးတော်မင်းတရားကြီး ရဲ့ နန်းသက်အတွင်းမှာဘဲ ကံတော်ကုန်ခဲ့ရပါတယ်။ နာမည်တွေအကြောင်း ပြီးတဲ့အခါ ပထမဆုံးအနေနဲ့ မင်းသား ကြီးနဲ့တကွ ကုန်းဘောင်ဦးစွန်းကို တင်မခဲ့သူတွေ အကြောင်း ထပ်လောင်းလေ့လာပြီးပြောချင်ပါတယ်။

ကုန်းဘောင် မင်းဆက် တေးထပ်

ဦးအောင်ဇေယျ အမှုးမြောက်

ထူးတယောက်တင်မူ

ဦးလောက် ပ ဘုရင်တဆူ

ဆင်ဖြူရှင် စခန်း

စဥ့်ကူးမင်း ကောင်းစားမီ

ဖောင်းကားညီလုတဲ့ရွှေနန်း

ဦးဝိုင်းပ၊ ပထမ ခေါင်ပျော်

မြနောင်တော်ရေဖျန်း

အမရဆောင်ပေါ် ဗွေကြငှန်းမှာလ

ရွှေစာတမ်းဖွဲ့ပြန်၊

ကုန်းဘောင်ပျော် နေလိုဝင်း

ရွှေဘိုမင်းသား မြတ်ပုဂံ

ချမ်းအေးဖို့ ပန်းမွှေးပန်

မန္တလေးစံ တောင်လက်ရုံးရယ်နှင့်

မင်းတုန်းမင်း၊ သီပေါအရှင်

ထီးနှင့်ပလ္လင်

ဆယ့်တဆက် အုပ်စိုးတင်

မုဆိုးဘုရင် စခန်းမို့လေး။

ကျမ်းကိုး – ညိုမြ ( ကုန်းဘောင်ရှာပုံတော် )၊ စွယ်စံကျမ်းများ၊ မြသန်းတင့် (သမိုင်းထဲကမန္တလေးမန္တလေးထဲကသမိုင်း)

မှတ်ချက် ၊ အိမ်ကရေးလာတဲ့ ပိုစ်ကိုတင်တာ တနာရီကျော်ကြာအောင်တင်ရတယ်၊ ဒါကြောင့် တင်ချင်တဲ့စိတ်ကုန်တာ

You can leave a response, or trackback from your own site.

3 Responses to “နာမည်များနဲ့ကုန်းဘောင်”

  1. myowinzaw says:

    ”သူကတော့ ဘိုးတော်ဘုရားရဲ့သားတော် အိမ်ရှေ့မင်းသားကြီး ( ရခိုင်နိုင်မင်းလို့ အမည်ရပါတယ်) ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ တော် ၃ ကြိမ်တည်ထောင်ရာမှာ တစိတ်တပိုင်း ကျန်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သူက ရအောင်စွမ်းဆောင်ခဲ့ပြီး လက် ရုံးရည်နှလုံးရည် ပြည့်ဝတဲ့မင်းသားတပါးဖြစ်ပါတယ်။ မန္တလေး မဟာမုနိ ဆင်းတုတော်ကြီးကို ရခိုင်ကနေ ပင့်ဆောင် လာခဲ့တဲ့ မင်းသားကြီးဖြစ်ပြီး”
    ရခိုင်တွေဘက်ကကြည့်ရင် ကျူးကျော်သိမ်းပိုက်သူလိုမြင်ကြတယ်.. မှတ်သား မိတာ တစ်ခုက ရခိုင်မှာနန်းဆက်ပြတ်လို့ ဖိတ်ခေါ်လို့ သွားသိမ်းတာလို့ ပြောတယ် အသေအချာကတော့ မသိပါ.. နောက်တစ်ခု အင်္ဂလိပ် မြန်မာပြည် ကိုရောက်လာခြင်းများရဲ့အစ နယ်စပ်ပဋိပက်ခတွေရဲ့အစဘဲလို့ မြင်မိတယ်

  2. လသာည says:

    ပညာရေးကလား။ ပထမဆုံး ရောက်ဖူးတာပါ.သမိုင်းအကြောင်းဗဟုသုတ တော်တော်ရသွားလို့ ကျေးဇူးတင်ပါတယ်။

  3. ကြိုးစားထားမှုကိုအသိအမှတ်ပြုပါတယ်။ကျေးဇူးပါခင်ဗျ။
    ဗဟုသုတအများကြီးရပါတယ်

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice