ရေ
ရေအကြောင်း ပြောရမယ်ဆိုရင် ရေနဲ့ပတ်သက်တဲ့စကားပုံတွေအများကြီးရှိတယ်။ ထမင်းအသက်၇ ရက်၊ ရေအသက် တမနက် ဆိုတာမျိုးကနေ၊ ရေမရှိတဲ့အရပ်မှာ ချေးပါသလို ဆိုတာမျိုးအထိဘဲ။ လူတယောက် ရဲ့ ကိုယ်ခန္တာ ဖွဲ့စည်း ပုံမှာ ရေဓါတ်က ၇၀ ရာခိုင်နှုန်းရှိတယ်၊ ကမ္ဘာကြီးတခုလုံးကို ကြည့်လိုက်ရင် ၃ ပုံ ၂ ပုံက ရေ တွေရှိနေတယ်။ အဲဒီလောက်ရေတွေ များနေတာတောင် ဒီမှာကတော့ အာဖရိက ကအတိုင်းဘဲ၊ တခါတလေ ကျတော့ ကိုယ့်ကိုယ်ကို ဆဟာရ သဲကန္တာရထဲရောက်နေသလို ခံစားမိတယ်။
ရေပေါတဲ့အရပ်က လာတယ်လို့တော့မပြောချင်ပေမယ့်၊ ရန်ကုန်သားပီပီ ချိုးဖြူရေလေး အရန်သင့် သုံးလာတာက အလေ့အကျင့်ဖြစ်နေတော့ ချိုးဖြူရေ မရတဲ့သူတွေ အ၀ီစိ ရေသုံးရင် ဟိုဟာဖြစ်သလေး ဒီဟာ ဖြစ်သလေး အသားမဲတယ် ဘာဖြစ်တယ်နဲ့ ချေးထူပြတတ်ခဲ့တယ်။ ကိုရွှေချိုးဖြူရေကတော့ အခုအချိုးမပြေဖြစ်လာတာ ကြာခဲ့ပေမယ့် ငယ်ပေါင်းကြီးဖော်ပီပီ သည်းငြီးခံပြီး နေနေ လိုက်တာ အခုတော့ တော်တော်လေး စိတ်ကုန် စပြု နေပါပြီ။ အ၀ီစိရေကမှ လိုချင်ချက်ခြင်း မော်တာသာ ကောက်မောင်းလိုက် ဝေါ ကနဲ ဝေါကနဲ။
မီးလာတာမမှန်တဲ့အခါမှာ ရေကပါနောက်ဆက်တွဲ လိုက်မမှန်တော့ဘူးလေ။ ရန်ကုန်မြို့ရဲ့ မြန်မာတွေ များတဲ့ အထင်ကရ အရပ်ဖြစ်တဲ့ ကျောက်မြောင်း ကိုရောက်တော့မှ အရင်ကတည်းက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ( မီးမလာ ရေပျက် ရပ်ကွက် အဖြစ် ) အကြောင်း ကိုအခုမှနဖူးတွေ့ ဒူးတွေ့ ဖြစ်တော့တာဘဲ။
ရန်ကုန်မြို့တော်ကြီးရဲ့ ၂၁ ရာစုစတိုင်ဖြစ်တဲ့ အချိန်ပိုင်းမီးပေးနေမှုတွေကို ဟတ်ကာတွေများ လက်ကလိလိုက် တာလားမသိဘူး၊ မီးလာတာက မမှန်ဘူး၊ တခါတလေ ၂၄ နာရီကျော်ကျော်လောက်ကြာအောင် လိုင်း အောက် တတ်တယ်။ ကျောက်မြောင်းမှာတော့တကယ်ပါဘဲ။ မီးလာမယ့်နေ့မှာမီးမလာ၊ မီးပျက်တဲ့နေမှာ တော့ လုံးဝ မမြင်ရ ဖြစ်။ ကောင်းလေစွ ကောင်းလေစွ စိတ်ပျက်ဖို့ပေါ့လေ။
ကျောက်မြောင်းကို စမပြောင်းခင်မှာဘဲ ဒီရေကိစ္စကို သိထားတာ၊ ထင်ထားသလောက်တော့ဆိုးမယ် မထင် ဘူးပေါ့။ ရောက်တဲ့နေ့မှာဘဲ မီးပျက်နေတာနဲ့ မီးစက်နဲ့ရေမောင်းတင်လိုက်တာ ၆ ထောင်ထွက်သွားတယ်။ ဒီလို မှမတင်ရင် အိပ်ရေးပျက်ခံပြီး ရေမောင်းတင်ရတော့မှာမို့ ပိုက်ပိုက်ဘဲ အကုန်ခံလိုက်တာပေါ့။ နောက်တော့ အဆင် ပြေသွားမယ်ပေါ့လေ။ အဲ – ကိုရွှေမီးကတော့ ထင်တဲ့အတိုင်း မလာဘူး၊ ပြောင်းလာတော့ပိုဆိုးရော။ ဒါနဲ့ အခြား အလုပ်တွေမလုပ်နိုင်ဘဲ ရေမော်တာကို သေချာကောင်းအောင် ပြင်ဆင်၊ ( ကုန်လိုက်တာလဲ သောက်သောက်လဲ) ဟိုပိုက်ခေါင်းက ကောင်းတော့ ဒီပိုက်ဘက်ကပျက်၊ ဒီဘက်ကကောင်းတော့ ဟိုနားကရေယို၊ အဲဒါဘဲ ၃ ရက်လောက် အချိန်ကုန်အောင်လုပ်လိုက်ရတယ်၊ အားလုံးလဲကောင်းရော မီးညဘက်လာမယ့် နေ့ကို စောင့်ပြီး ရေနဲ့ငါနဲ့ တွေ့ကြ ပြီဆိုပြီး စောင့်လိုက်တာ။ တညလုံး အိပ်ရေးပျက်အောင်စောင့်တာတောင် ရေက မနက် ၅ နာရီ မီးပျက်ခါနီးမှ ၁၅ မိနစ်လောက်ဘဲရလိုက်တယ်။ ( ဒီလိုဘဲ ညဘက်မှရေရတယ်လို့ အများကပြောကြတယ်လေ)။
နောက်ရက်လဲကျရော မီးကမလာ၊ လာတာကတခုဘဲရှိတယ်။ လမ်းရေရရှိရေး ကိုယ့်အားကိုယ်ကိုး အလှူခံပေါ့။ တကယ်ဘဲ ကိုယ်တယောက်ထဲရေမရတာမဟုတ်ဘူး။ ကျန်တဲ့သူတွေကလဲမရဘူး။ မြန်မာတွေများ ဘာသာရေး ကိုင်းရှိုင်းပုံများ နေ့စဉ်ဘ၀လုပ်ဆောင်ချက်မှာတောင် ဘုရားစကားမေ့မထားဘူး၊ ကိုယ့်အားကိုယ်ကိုး တယ်လေ။ ဘုရားကဟောထားတာဘဲ ၊ အတ္တာဟိအတန္တောနာထော တဲ့၊ ကိုယ့်အား မှကိုယ်မကိုးရင် ဘယ်လိုဖြစ်မလဲ၊ ရေမီး အစုံ ကိုယ့်အားကိုယ်ကိုးတာဘဲ ၊ ဒါပေမယ့် စီးပွားရေးက မကောင်းတော့ ယိုင်ရွဲ့နေတာပါဘဲ၊ တင်းထားစမ်း တင်းထားစမ်း၊ ကိုယ့် စိတ်ကိုယ်အားတင်းပေးရတာပေါ့။
ကျောက်မြောင်းမှာတော့ အအောင်မြင်နိုင်ဆုံးသော စီးပွားရေးကိုရွေး ချယ်မယ်ဆို ရေပိုက်ပြင်တဲ့သူ၊ ရေမော်တာ ပြင်တဲ့ သူနဲ့ မီးစက်ငှားသူ သာလုပ်လို့အကြံပေးချင်ပါတယ်။ မီးစက်အသေးနဲ့တင်ရင် တနာရီ ၄ ထောင်၊ မီးစက် ကြီးရင် ၆ ထောင်၊ အထပ်မြင့်တဲ့သူတွေက အကြီးနဲ့မှ ဖြစ်ပါတယ်။ မီးစက် အကြီးကို ဘယ်နင်းမှမ၀ယ် နိုင်တော့ အောင့်အီးနေရတာပေါ့။ မီးစက်အသေးလေး နဲ့ဆို နောက်မော်တာအသေးလေးတခု ထပ်ထိုင်၊ သူများတွေလို မီးပျက်တဲ့အချိန်မှာ ကိုယ်တယောက်ထဲ အေးဆေးရေတင်၊ စိတ်ကူးကြည့်တာပေါ့။
ဒီလိုနဲ့ လွန်ခဲ့တဲ့ ၂ ရက်ကတင်ထားတဲ့မရှိမယ့်ရှိမယ့်ရေကလေးကို ချွေတာသုံးပြီး၊ လာတဲ့ဧည့်သည်တွေကို ရေမသုံးရအောင် ပြောဆိုလိုက်ရတာ တော်တော်လေး အကုသိုလ် များပါတယ်။ ရေတောင်မသထာတဲ့ သူဖြစ် ရော။ ( မယုံရင်တိုလီလေးကိုမေးကြည့် )။ နောက်ဆုံး လှောင်ထားတဲ့ရေများလဲကုန်ရော၊ အပေါ့သွားပြီး တာတောင် ဘယ်လိုရေဆေးရမလဲ ဆိုပြီး စဉ်းစားရတဲ့ အဖြစ် ကိုရောက်လာတော့တယ်။ ( ကျောက်မြောင်း သူတွေ ဘယ်လိုဖြစ်မလဲ စဉ်းစားမိလား
) ဒီလိုဒီလို ဖြစ်လိုက်တာ မဖြစ်ချေဘူးဆိုပြီး သောက်ရေအတွက် ၀ယ်ထားတဲ့ သောက်ရေသန့် လီတာ ၂၀ ၀င်ဘူးကြီး ၂ ဘူးရှိတာနဲ့၊ အဲဒါတွေကို ရေချိုး၊ အိမ်သာမှာ သုံးဖို့ မဖြစ် မနေ ကြံလိုက်ရတော့တာပေါ့။ ရေတဘူး ကို ၅၀၀ ၊ ၂ ဘူးဆိုတော့ ၁၀၀၀ ထွက်ရော၊ ဒါကြောင့်ပြောတာပေါ့ ရေ ရေ၊ အရပ်ထဲမှာပြောနေတဲ့ ပိုက်ဆံကို ရေလို့ ခေါ်တဲ့ရေ၊ အဲဒီရေမရှိရင်လဲ ကုန်ချင်တာတွေအတွက် မဖြစ်ဘူး၊ အခု ပြေတဲ့ ချိုးဖို့ ရေ သောက်ဖို့ရေ မရှိရင်လဲမဖြစ်ပြန်ဘူး၊ ဒါကြောင့် ရေ ရေ ၊ ရေသာမရှိရင် ကိုယ့် ဘ၀ တော့ ခန်းချောက်မွဲပြာကျတော့မှာဘဲလို့တွေးရင်း၊ ရေတင်ဖို့စောင့်လိုက်ဦးမယ်၊
ဝါး —- လှား — လှား — ( သမ်းတာနော် – အိပ်ချင်လို့ )


Posted in 








ဒီပိုစ်ဖတ်ပြီးရေငတ်လာလိုက်တာ..ပလတ် ပလတ်…
ရေမရှိရင် ကျွန်တော့်အိမ်လာ ချိုးဗျို့။ ဖတ်ရင်းနဲ့ အနံနဲနဲ ရလာတယ်။
အမှန်ပါဘဲ
နင်တော့နာတော့မယ်။ ငါတို့ဆီလဲ မလာဘဲ မိန်းမနားကပ်နေတဲ့ ကောင်လေး