မိုးတဖျောက်ဖျောက်နဲ့ တရုတ်တန်းမှာ ရှိတဲ့ဈေးဆိုင်တန်းတွေက စားပွဲတွေ ကျို့တို့ကျဲတဲ၊ စားတဲ့သူတွေက နည်းနည်းနဲ့ အရင်က ရွှေထီးဆောင်းခဲ့တဲ့ စည်ကားမှုတွေက အချိန်နဲ့အမျှလွင့်ပျယ်ကုန်ပျောက် ကုန်ပြီ။ ရောက်တိုင်းအများဆုံးထိုင်ဖြစ်တဲ့ လမ်းထိတ်က အကင်ဆိုင်နားက ထောင့်ကျကျ စားပွဲမှာရွှေးထိုင်လိုက်တယ်။ မြင်ဘူးနေကျ သူတွေတော်တော်များများက မရှိတော့သလိုဖြစ်ပေမယ့် ဒီဆိုင်က တရုတ်ကြီးကတော့ အရင်အတိုင်းလောကွတ် ကောင်းနေဆဲဘဲ။ ထိုင်နေရင်း လမ်းမီးမှိတ်သွားတယ်။ မှုန်ဝါးဝါး အလင်းရောင်အောက်က စားပွဲပေါ်ကို မှာထားတဲ့စားစရာတွေ မရောက်လာခင်မှာဘဲ အကင်တို့စားတဲ့ ချဉ်စပ် တပန်းကန် အရင်ရောက်လာတယ်၊ ၁၀ စက္ကန့်လောက်ကြာတော့ တဖြည်းဖြည်း ပြန်လင်းလာတဲ့ လမ်းမီးတိုင်ပေါ်က ၀ါကျင့်ကျင့် နီယွန်မီးကိုကြည့်ရင်း လွန်ခဲ့တဲ့ ၁၀ နှစ်နည်းပါးကအကြောင်းတွေကိုပြန်စဉ်းစားမိတယ်။ အဲဒီအ ချိန်တုန်းကလဲ သူငယ်ချင်းတွေနဲ့ဒီလိုနေ့မျိုးမှာ ဒီနေရာမှာဘဲ ပျော်ပျော်ပါးပါး စားသောက်ခဲ့ဘူးတယ်။ ဒီမီးတိုင်ပေါ်က မီးကလဲ ၁၀ မိနစ်တခေါက်လောက် မှိတ်သွားလိုက် ပြန်လာလိုက်နဲ့ အမှတ်တမဲ့ဘဲ။ ဒါပေ မယ့် ဒီအကြောင်းက အခုတော့အတိတ် တခုကို ပြန်ပြောင်းသတိရစရာ ဖြစ်လာပြန်တာဘဲ။
ဘီယာတခွက်မကုန်ခင်မှာ ကလေးလေးတယောက် အနားမှာလာရပ်တယ်၊ ” ထမင်းဖိုးလေးသနားပါ အကိုကြီးရယ်” တဲ့၊ ဘောင်းဘီနောက်ဖက်ထဲက ကျွမ်းထိုးမှောက် ခုံဖြစ်နေတဲ့ ခပ်ပါးပါး ကိုယ်ပိုင်ငွေ တွေ ကို ထုတ်ကြည့်ရင်း လိုက်ရှာကြည့်တော့ အကြွေတစက်မှ မရှိဘူး။ ရပ်နေတဲ့ကောင်မလေးကပြောတယ်၊ ” တရာတော့ပေးပါအကိုကြီးရယ်၊ ငါးရာတန်ပေးလိုက်၊ သမီး ၄၀၀ ပြန်အမ်းပေးမယ်” တဲ့။ ခက်တာဘဲ ကလေး မရယ်။ မင်းလို ပြန်အမ်းစရာ လေးရာတောင် တခါတလေ ငါ့မှာမရှိတတ်ဘူး။ ငါအခုမှစားမှာလေ တော်ကြာနေပြန်လှည့်ခဲ့ ပြီးတော့ပေးမယ်လို့ အလှူခံကို အကြွေးပြန်ထားလိုက်မိတယ်။ ကောင်မလေးလဲ ချာ ကနဲ ပြန်ထွက်သွားတယ်။ သောက်နေတဲ့ ဘီယာတခွက်ကတော့ကုန်သွားပြီ၊ ဒါပေမယ့် ဆက်သောက်ဖို့အစီအစဉ်ကမရှိဘူး၊ စားစရာတွေရောက်လာတာနဲ့ ထိုင်စားနေမိလိုက်တယ်။ မိုးစက်စက် ရွာနေတဲ့ ကြားမှာ အသက် ၇၀ လောက်အဖိုးကြီးယောက် ဘေးနားရောက်လာပြန်တယ်လေ၊ သနားကြပါ သနားကြပါ ဆိုတဲ့ အသံကိုတောင် အနိမ့်အမြင့် ညီအောင်မရွတ်နိုင်တော့ဘဲ လေးလံ ထုံထိုင်းနေပုံရတဲ့ သူ့ခြေလှမ်း တွေ အပေါ်မှာ ဖင်မှီးပြတ်နေတဲ့ ရာဘာဖိနပ်တရံကို အနောက်နေသားရေကွင်းနဲ့ ပြန်ချီထားတာတွေ့လိုက်တယ်။ နောက်မှာရပ်နေတဲ့ ဆိုင်က စားပွဲထိုးကို အကြွေ ၂၀၀ လောက်ရှိရင် ခဏပေးဖို့ လှမ်းတောင်းပြီး အဖိုးအို ကိုဒါနပြုလိုက်မိတယ်။
စားသောက်စရာလေးတွေ ကုန်အောင်မစားနိုင်ခင်မှာဘဲ အသက် ၇၀-၈၀ လောက်ရှိတဲ့ အမယ်အိုကြီးတယောက် ရောက်လာပြန်တယ်။ ကြည်လင်တဲ့ သူ့အပြုံးတွေက ဇရာနဲ့ လောကဒဏ်( လောကဓံ ) ရဲ့ချယ် မှုန်းမှုကြောင့် ပိုပြီး သဘာဝကျ သလိုဘဲ၊ ” လူလေးက တလုတ်(တရုတ်) တူတွေနဲ့စားတတ်တယ်ပေါ့၊ အဖွားငယ်ငယ်တုန်းကတော့ အဲဒီလိုမစားတတ်ဘူးကွယ် ” သူ့ဟာသူပြောရင်း ပြုံးနေသည့် အမယ်အိုရဲ့ လက်တဖက်မှာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ပလပ်စတစ်ခြင်းတောင်းတလုံးကို အဖာရာ တရာလောက်နဲ့တွေ့ရပြီး အဲဒီထဲမှာတော့ ပေရေနေတဲ့ အ၀တ်အစားတွေကို မိုးစိုထားတာတွေ့လိုက်တယ်။ ” အဖွားလဲ မိုးတွေစိုနေတာ ဖျားဦးမယ်” ကိုယ့်နှုတ်က ထွက်ကျလာတဲ့ စကားတခွန်းနဲ့အတူ လက်ထဲက ငါးရာတန်တရွက်က အဖွားလက်ထဲကို ပေးပြီးနေသားဖြစ်နေတယ်။ ပိုက်ဆံကို တယုတယလက်ခံရင်း ဆုတွေတသီ ကြီး ပေးသွားတဲ့အမယ်အို ကြီး လမ်းထဲက ထွက်သွားတဲ့အထိ အနောက်က လှမ်းကြည့်ရင်း သစ္စာလေးပါးအကြောင်းတွေ ခေါင်းထဲဆူဝေတက်လာခဲ့တယ်။
ရေတခွက်လောက်သောက် လိုက်ရင်တော့ စားထားတဲ့ အီနေတာတွေ နင်နေတာတွေ အဆင်ပြေသွားမယ်ဆိုတဲ့ ထင်ကြေးနဲ့ ရေသန့်တဘူးကို မှာပြီး ဖောက်သောက်ဖို့လုပ်နေတုန်း စားပွဲပေါ်ကို စာအိပ်တအိပ် ရောက်လာတယ်။ လာတင်သွားတဲ့ သူကိုကြည့်လိုက်တော့ အသက် ၁၄-၅ နှစ်လောက်ရှိမယ်ထင်ရတဲ့ ကိုရင်လေးတပါး၊ ကိုယ်တော်က စာအိပ်တင်ပြီး လမ်းထဲဆက်ဝင်သွားတယ်။ ၀င်သွားရင်းလဲ နီးစပ်ရာ စားပွဲ တွေပေါ်ကို ပါလာတဲ့ စာအိပ်တွေလိုက်ချသွားတာတွေ့ရတယ်။ စာအိပ်ကိုဖတ်ကြည့်လိုက်တော့ ဘုန်းတော်ကြီးကျောင်းတကျောင်းရဲ့နာမည်ကို လိပ်မှုထားတဲ့ ပစ္စည်းလေးပါး အလှူခံဖြစ်နေတယ်။ ဒီလိုည အချိန် မတော်မှာ ကျောင်းပေါ်က ဆင်ပြီး ဒီလိုနေရာမှာ အလှူခံနေရတယ်ဆိုတဲ့ အတွေးက မိရိုးဖလာ ဗုဒ္ဒဘာသာတယောက်ဖြစ်တဲ့ ကိုယ့်ခေါင်းထဲ ကိုယ်ပြန်စဉ်းစားရင်း စေတနာ သုံးတန်မညီဖြစ်နေတာနဲ့ ဒီအတိုင်းဘဲ အဲဒီစာအိပ်ကို ထားထားလိုက်တယ်။
ပြန်တော့မလို့ ငွေရှင်းနေတုန်း ပုဇွန်ကြော်သုံးခုကို ဗန်းထဲမှာထည့်ထားတဲ့ အကြော်ရောင်းတဲ့ အဖိုးအိုရောက်လာတယ်။ ” ယူပါသားရယ်၊ သုံးခုထဲရှိတော့တာမို့ပါ ” ။ အဲဒီအဖိုးအိုကို တရုတ်တန်းမှာ အမြဲသောက် လေ့ရှိတဲ့ သူတွေတိုင်းသိတယ်၊ ပုဇွန်ကြော် ရောင်းစားလာတာ နှစ်ပေါင်း မနဲတော့ဘူး၊ အဖိုးကို လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်အချိန်လောက်ထဲက ဒီအတိုင်း ဈေးရောင်းနေတာ မြင်ဘူးတယ်။ ပုဇွန်ကြော်ကလဲ မစားချင်၊ အကြွေကလဲမရှိနဲ့ ဆက်ပြီး မပြောတော့ဘဲ ထွက်လာခဲ့တယ်။ ကိုယ်ဝယ်မစားလဲ အကြော်သုံးခုဟာ ကုန်သွားမှာဖြစ်တယ်ဆိုတာ စိတ်ထဲကသိနေတယ်။ အဖိုးအို နေ့စဉ်ရောင်းနေတဲ့ ပုဇွန်ကြော်ဟာ လုံးဝစားလို့မကောင်းပေမယ့် အချိန်တန်ရင် တပွေ့တပိုက်သယ်လာတဲ့ အကြော်သယ် အဖိုးအိုရဲ့ အကြော်ဗန်းကတော့ ပြောင်သွားအောင်ရောင်းရတာပါဘဲ၊ မပေးလိုက်မလှူလိုက်ရလို့ စိတ်ထဲမှာ ဘာမှ ဖြစ် မနေ တာတကယ်ဘဲ၊ ယုံကြည်ထားတယ်လေ၊ အဖိုးက အလကားလိုက်တောင်းတာမဟုတ်ဘူး တန်ရာတန်ကြေးရဖို့ တန်ရာတန်ကြေးတခုကို ရောင်းနေတာဘဲ။ သူအလုပ်လုပ်နေတာ။
အဆောက်အဦးတွေ ရုပ်ပစ္စည်းတွေ တိုးတက်ပြောင်းလဲနေပေမယ့် မပြောင်းလဲသေးတဲ့ တရုတ်တန်းရဲ့အတွေ့အကြုံကို ခံစားရင်း အိမ်ပြန်နောက်မကျဖို့ သတိဝင်လာခဲ့တယ်။ ခြေလှမ်းတွေက မမြန်ပေမယ့် စိတ်ထဲမှာတော့ ပေါ့ပါးလို့ အိမ်ကို ပြန်ခဲ့တော့တယ်။


Posted in 








မွန်းကြပ်သွားတယ်…ဒါပေမယ့် ကောင်းတယ်
ကျွှန်တော်လည်းblog အကြောင်းလေ.လာရင်းနဲ.ရေးနေပါတယ်။ ခံစားချက်တွေတူညီမယ်လို.
ထင်ပါတယ်။မိသားစုနဲ.ဝေးနေတဲ.နေရာတစ်ခုမှာပေါ.။
ချစ်တဲ.မြန်မာပြည်က အကြောင်းတွေေ၇းထားတာကောင်းပါတယ်။ရှိတာနဲ.မတင်းတိမ်နိုင်လို.
အဝေးမှာအလုပ်လုပ်နေကြရတာပါ။
email လိပ်စာမသိလို. comment ကနေေ၇းလိုက်တာပါ။ blog နဲ.ပတ်သက်ပြီးမသိတာတွေအများကြီးရှိပါသေးတယ်။ကူညီနိုင်မယ်ဆိုရင်ကူညီပါခင်ဗျား။
အောင်မြင်ပါစေလို.ဆန္ဒပြုပါတယ်။
အဲဒါပဲဗျာ ပြောင်းလဲမှုတွေရှိနေပေမဲ့..
မပြောင်းလဲမှုတွေကလည်း အများကြီး..
အခုမှအကြောင်းပြန်ပေးတာ စိတ်မဆိုးပါနဲ့ခင်ဗျ၊ အခုမှ ၀င်ဖြစ်လို့ပါ။ ဘလောက်နဲ့ ပတ်သက်တဲ့ အကူအညီတွေ ကို ကျွန်တော် တက်နိုင် သလောက် ပြန်လည်ကူညီပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ ဒီထက်မကသိချင်တာတွေ အတွက်လဲ လမ်းညွှန်ပေးနိုင်မယ်လို့ထင်ပါတယ် ခင်ဗျား
အလုပ်လေးတွေ များနေလို့ပါခင်ဗျ
ဖတ်လိုက်ရတာ.. ၀မ်းနည်းသလိုလို.. သံဝေဂရသလိုလို.. အဲဒီမှာမူးခဲ့ ရူးခဲ့တာတွေသတိရပြီး ပျော်လာသလိုလို.. အီလယ်လယ်ကြီးကောင်းတယ်ဗျ… အဲဒါမှ အနုပညာစစ်စစ်..
ကျေးဇူးတင်ပါတယ်