မီးခိုးနံ့ကတမျိုး၊ အကြော်ညော် နံ့က တမျိုးနဲ့ ရနံ့မျိုးစုံသင်းနေတဲ့ ဈေးတန်းထဲ လမ်းလျောက်လာခဲ့သည်။ ” ဒါကုန်ရင် ပြန်မှာ ဒါကုန်ရင်ပြန်မှာ လာထားနော် လာထား ကြိုက်တာ ကိုရွေးလိုက် ရွေးလိုက် ” အထည်သည်တဦးက သူ့အထည်ပုံ ကြီးကို လက်ညှိုးထိုးရင်း အော်ရောင်းနေသည်။ ဒီအထည်ပုံကြီးသည် တော်တော်နှင့် ကုန်မည်မထင် ဒါကြောင့် ဒါကုန် ရင် ပြန်မယ်ပြောသော ထိုဈေးသည်သည် တော်တော်နှင့် အိမ်မရောက်တော့ဟု တွေးရင်း ပြုံးမိသည်။ တနေရာရောက်တော့ တရှဲရှဲနှင့် လက်ကိုင် ဒယ်အိုးပြားကို မချီ တလှည့် လှည့်ချီ တခါ ဖြင့် ရေမုန့် လုပ်နေသည့်နားသို့ ရောက်လာသည်။ သူကတော့ တရှဲရှဲနှင့် တခုပြီးတခု လုပ်နေသည်။ ၀ယ်သူကားမတွေ့၊ သူ့ရှေ့တွင် ရှိသော ရေမုန့်များမှာ ကြွပ်ရွလွန်းအားကြီး၍ လေ တိုးလျှင်တောင် ကျိုးကြေသွားမလားဟု ထင်ရသည်။ တနေရာမှာတော့ ကလေးတွေအုံနေသည့် လမ်းဘေး မျက်လှည့် ၀ိုင်းကလေး တွေ့ကာ မျက်လှည့်ဆရာသည် မြင်ရလွန်းအား ကြီး နေသည့် ပြကွက် ရိုးရိုးကလေးများဖြင့် ကလေးများကိုဆွဲဆောင်နေသည်။ လူကြီးအချို့ ကလဲ နောက်ဖက်မှ ကြည့်ရင်း ငါလဲ ဒီလောက်လုပ်တာလောက်တော့ သိတာပေါ့၊ အိုကွာ မင်း လုပ်တပ်ရင်မင်းပြစားပါလား စသည်ဖြင့် တီးတီးတိုးတိုး သဖန်းပိုး လုပ်ကာ ကလေးများအပေါ်မှ ကျော်ကြည့် ရင်း ဝေဖန် နေကြသည်။ စာအုပ်အဟောင်းများကို ချရောင်းနေသော စာအုပ်သည်နားရောက်တဲ့အခါမှာတော့ မှိန်ပျတဲ့ အလင်းရောင်အောက်မှာ စာအုပ်အဟောင်းကလေးများကို ရွေးချယ်နေ သည့် စာအုပ်ဂျိုးတွေနှင့်တွေ့သလို အလကားဖတ်လို့ရ၍ ထိုင်ဖတ်နေသော လူများလဲ ရှိနေကြသည်။ ထိုစာအုပ်ဆိုင်ကလေးများတွင် ဈေးသက်သာပြီး ရှားပါးသော တန်ဖိုးရှိ သည့် စာအုပ်များကို တခါတရံတွင် ရလေ့ရှိသဖြင့် စာအုပ်ဆိုင်ကလေးအား အထင်သေး၍ မဖြစ်ပေ။
ဝက်ခေါင်းများကိုအစီအရီတင်ထားသည့် ခေါက်ဆွဲဆိုင် ရှေ့မှဖြတ်လျောက်သွားသောအခါ ခေါက်ဆွဲသည်က သူ့ဆိုင်မှာ အချဉ်ကောင်းကောင်းနှင့် ၀က်ခေါင်းသုတ်ရနိုင်ကြောင်း ကြေ ငြာကာ စားသုံးသူများကို ဖိတ်ကြားလျက်ဈေးခေါ်နေသည်။ ထိုမှတဖန် ပန်းကန်ခွက်ရောက်များရောင်းသည့် ဆိုင်မှာ ထိုင်ရင်းရွေးနေသည့် အိမ်ရှင်မများကိုတွေ့နိုင်ပြီး ပါလာသော ကလေးများမှ တခါတရံ အတင်း ဆွဲကိုင်လျက်ရှိသော ဖန်ခွက်များကို ပန်းကန်သည်က ရင်တထိတ်ထိတ်နှင့် မျက်တောင်မခတ်ကြည့်ရင်း ၀ယ်သူများ၏ ပေးသော ဈေးကို အလျော့အတင်းစကားပြောရင်း အလုပ်ရှုပ်လျက်ရှိသည်။ ကာလသားငယ်များ ထိုင်ကာ သီချင်းနားထောင်နေသည့် လက်ဖက်ရည်ဆိုင်ကလေးများမှာ အစီအရီဖြင့် ရှိနေပြီး ပွဲဈေးကို ပြင်ပြင်ဆင်ဆင် ဖြင့် လူပျိုလှည့်လိုသော လူငယ်တသိုက်သည် ပြီးလျှင် ဘယ်ကိုဆက်သွားရကောင်းမလဲဟု တိုင်ပင်နေပြီး လမ်းမှာ ခေါက်ပြန်လျောက်လျက်ရှိသည့် ပွဲဈေးလည် မိန်း မပျိုကလေးများအား လိုက်လံကြည့်ရှုကာ တပြုံးပြုံး ဖြစ်နေကာ သဘောကျလျက်ရှိသည်။
အရုပ်ရောင်းသည့် ဆိုင်များတွင် ဈေးသက်သာသည့် ကလေးကစားစရာ အရုပ်များကို ဈေးပေါပေါဖြင့် ချရောင်းလျက်ရှိပြီး ပူပေါင်းရောင်းသူက မျိုးပျံပူပေါင်းများကို လက်တဖက်က ပွေ့ရင်း လမ်းလည်မှာ ရပ်လျက်ရှိသည်။ ရဟတ်စီးနေသည့် လူအုပ်ကြီးက ရဟတ်နောက်အလှည့်တွင် နေရာရအောင်တိုးဝှေ့လျက်ရှိပြီး အောက်မှာ ကပ်လျက်ရှိသော ချားရဟတ် မှာမူ ကလေးများက ပတ်ချာလည်စီးရင်း ပျော်နေကြသည်။ မိန်းမငယ်လေးတစုကတော့ဆံညှပ်ကလစ်များရောင်းချသည့် ဆိုင်ရှေ့တွင်ရွေးချယ်ဝယ်ယူလျက်ရှိနေပြီး တဖက်မှာ ရှိနေ သည့် မိန်ကလေးဝတ် အထည်ဆိုင်များကလဲ ထိုမိန်းကလေးငယ်များ သူတို့ထံဈေးဝယ်ရန် ဆွဲဆောင်လျက်ရှိနေသည်။
ခပ်ညစ်ညစ်ဖြင့်ထိုင်နေသည့် လူကြီးလူငယ်များကို ဇာတ်ပွဲရုံရှေ့မှာ တွေ့နိုင်ပြီး ညှည့်နက်မှ ကပြမည့် ထိုပွဲကို ဘယ်လိုဝင်ကြည့်ရကောင်းမလဲဟုကြံစည်နေပုံပေါက်နေသည်။ မျောက်လိမ္မာ ကပြသည့် ရုံရှေ့တွင် လူများကျိတ်ကျိတ်တိုးလျက်ရှိပြီး အနည်းငယ်သာ လှမ်းမြင်ရသည့် နေရာမှ ထိုမျောက်ကလေးများ ကပြနေသည့် ပုံကို တိုးကာ ချောင်းကြည့် နေသည်။ ရုံပိုင်ရှင်က လဲ အပေါက်ဝတွင် လက်မှတ်များဝယ်ယူကြည့်ရှုနိုင်ကြောင်း ပြောသော်လည်း လူအုပ်ကြီးသည် တိုးေ0ှ့မြဲဖြစ်သဖြင့် အနည်းငယ်မြင်နေရသော ထိုအပေါက်ကို လိုက်ကာဖြင့် ပိတ်ပစ်လုက်လေသည်။ မျက်လှည့် ပြကွက် ဆန်းဆန်းများကို ရုံသွင်းပြမည့် မျက်လှည့် ရုံ ကြီးကလဲ မကြာခင်မှာ ပြသတော့မှာ ဖြစ်တဲ့အတွက် လက်မှတ်ရောင်းနေပြီ ဖြစ်ကြောင်း ပြောသဖြင့် လူများလှုပ်လှုပ်ရွရွဖြစ်နေကြသည်။ ကလေးငယ်တချို့က သရဲကြောက်သည်ဟုဆိုက မကြည့်ချင်ဟု ပြောသော်လည်း အမေဖြစ်သူက အတင်းလက်ဆွဲပြီး ရုံထဲသို့ဝင်ရန်ကြိုးစားနေ သည်။ ကလေးကငိုသောအခါ တချက်နှစ်ချက်ရိုက်ကာ သရဲဘောကြောင်သည်ဟု မြည်တွန် နေသဖြင့် လက်မှတ်ရောင်းများက ထိုအဖြစ်ကိုမြင်က ပွဲကျ လျက်ရှိသည်။
ဆေးမှင်ကြောင်ထိုးသည့်နေရာကတော့ ထိုးတာတယောက် ကြည့်တာတရာဖြစ်နေသည်။ မီးမှိန်မှိန်အောက်တွင် တဒီးဒီးဖြင့် ဆေးထိုးသည့်စက်ကမည်နေသည်။ အထိုးခံနေသူသည် ချွေးအပြိုက်ပြိုက်ထွက်လျက်ရှိပြီး နာကျင်နေသည်ကို ဖုံးကွယ်ရန်အတွက် ကွမ်းယာတဗြစ်ဗြစ်လုပ်ရင်း မှိန်းနေ၏။ ကြည့်နေသူများကတော့ ဟိုတမျိုးဒီတမျိုး ပြောနေကြပေမယ့် အရုပ် ဆေးထိုးပေးသူကတော့ သူထိုးသည့်အရုပ်ကိုသာ အာရုံ ပြုပြီးထိုးနေသည်။ တနေရာမှာတော့ ယိုင်တိုင်တိုင်လျောက်လာသော အမူးသမားတယောက်က လမ်းမှာခင်းရောင်း နေသည့် ဖိနပ်ဆိုင်ကို တက်နင်းသွားသဖြင့် ဈေးသည်နှင့်စကား များနေပြန်သည်။ လမ်းဘေးမှာထိုင်ရောင်းသော ဈေးသည်များတွင် ကလေးကစားစရာအရုပ်မှအစ အိမ်အသုံး အဆောင် ပစ္စည်းအဆုံး အကုန်ရောင်းချနေသည်ကိုတွေ့ရသည်။ စောင်များ ခေါင်းအုံးများကို ဈေးသက်သာသဖြင့်ဝင်ရောက်ရွေးချယ်နေသော လူများကလဲ ရှိသည်။
အသံချဲ့စက်မှ တ၀ုန်းဝုန်းအော်ရင်း ဆူနေသည့် ပွဲခင်းတွင် လောင်းကစားဝိုင်းများရှိသည်။ နို့ဆီခွက်များကိုစီထားပြီး ဘောလုံးဖြင့်ပစ်ပေါက် ကာအကုန်လဲလျှင် ဆုကြေးရသောကစားနည်းများ၊ မျှားပစ်နှင့် ချောင်မကျတကျနေရာတွင် ၆ ကောင်ဂျင်ဝိုင်းကလေးများပါရှိနေကာ ကာလသားများ အားဆွဲဆောင်မှုအရှိဆုံး ဆိုင်များအဖြစ် ရှိနေသည်။ ထိုမှလွန်မြောက်လာသောအခါ ပွဲဈေးနှင့်တဖြေးဖြေးဝေးကွာလာ ခဲ့လေ၏။ အသံများက တစတစ တိုးသွားသည်။ လူများက တစတစ နဲသွားပြီ ။ သို့သော် ထို အချင်းအရာ များသည် သံပတ်ပေးထားသည့်အတိုင်း သူ့အရှိန်နှင့်သူရှိနေမည်။ သံပတ်ကုန်သွားသလို အချိန်တန်လျှင် ပြန်ရပ်တန့်သွားမည်။ သို့သော် နောက်တခါ ဒီလိုအချိန်ရောက် လျှင် ဒီလိုပွဲမျိုးပြန်လုပ်ကြဦးမည်။
ဈေးသည်များကား နေရာအတည်တကျမဟုတ်သော်လည်း ၁၂ ရာသီလုံး နိုင်ငံကျေးရွာအနှံ့ ဖြန့်ကျတ်ရောင်းချနေကြဦးမည်။ အချိန်ကာလတွေရွေ့လျားနေသည့်တိုင် မြန်မာ့ဟန်နှင့် ခေတ်အလိုက် စီးမျောနေသည့် ထိုဈေးတန်းများသည် သည်လိုဘဲရှိနေကာ ဒေသခံတို့အား ကြေနပ်မှုပေးစွမ်းကြလိမ့်ဦးမည် ဖြစ်သည်။


Posted in
Tags: 








အနက်ခံမှ အဖြူဖြစ်နေလို့ မနည်းဖတ်ရပါတယ်…။
စာလုံးသေးတာကို ချဲ့ကြည့်ပေမယ့် စာကြောင်းတွေ အရမ်းစိပ်နေတယ်…။
စာကောင်းလေးမို့ မျက်စိ ဒုက္ခခံပြီး ဖတ်သွားပါတယ်…။
ကျွန်တော်လဲ ဒီဆိုဒ်ကိုပြန်ပြင်ဖို့ ကြိုးစားနေပါတယ်ခင်ဗျ။ သိပ်မအားတာနဲ့မလုပ်ဖြစ် နေတာပါ။ မျက် စိဒူတင်ကျင့် ပြီး ဖတ်သွားလို့ အရမ်း အားနာပါတယ်။ ကျေးဇူးတင်ပါတယ်။