ရိပ်မြုံ


 

ခေါင်းငုံ့ဆင်းပါ ဆိုသော ဆေးဖြူဖြူဖြင့်ရေး ခြစ်ထားသည့် ကလေးလက်ရေးလေးတခုက ကျွန်တော်အထပ် ခိုးမှ ဆင်းကာနီးမှာ တွေ့လိုက်ရသည်။ ဆေးသားတို့သည် မှိန်တိမ်ဖျော့ဆင်း နေသည့်တိုင် အဖြူရောင်ထွက်နေ ကြ ဆဲ။ ၀ါကျင့်ကျင့် ဘက်သို့ မသန်းတသန်း ထိုစာတန်းကလေးကို ကျွန်တော် လွန်ခဲ့သော နှစ်များစွာက ဒီနေ ရာလေး မှာရေးခဲ့တာ ပြန်မှတ်မိနေသေးသည်။ တိတိကျကျ ပြောရလျှင် ကျွန်တော်  ၆ နှစ်သား လောက်က - အရပ်ကတော့ အခုခေါင်းငုံ့ဆင်းရမည့် အပေါက်ကို လွတ်လွတ်ကြီး သွားလာနိုင်သေးတဲ့အရွယ်သာ။ ဒါပေမယ့် အဲဒီနေ့က ကျွန်တော့် အကို ဒီနေရာမှာ ခေါင်း စောင့်မိတဲ့အတွက် ဒီစာတမ်းကလေး ကိုလက်ရေးလေး မပီမသ ဖြင့် ကျွန်တော်ဆွဲလက်စ ပန်းချီဆေးတွေထဲက နေယူပြီး ရေးခဲ့ မိခြင်းသာ ဖြစ်သည်။

 

အထပ်ခိုးမှ မဆင်းမှီ ကျွန်တော် အထပ်ခိုး ပြုတင်းပေါက်မှ အပြင်ကို ကြည့်မိသေးသည်။ လွန်ခဲ့သည့် နှစ်များ စွာက ထိုပြတင်းမှ လှမ်းမျှော်ကြည့်မိသော မြင်ကွင်းသည် သိသိသာသာ ကိုပြောင်းလဲ သွားပြီ။ ဟိုတစု ဒီတစု နှင့် လေးနာရီပန်းခြုံများ၊ ရွက်လှပင် ငယ်များ၊ တိုင်လုတန်း ကစားတတ်သည့် မာကလာပင်ကြီး၊ အခုတော့ သူတို့ မရှိတော့ပြီ။ တိုးတက်ပြောင်းလဲ လာသော လူနေမှု စနစ်တခုကြောင့် လမ်းအသစ်ခင်းရာတွင် သူတို့ပါ တပါတည်း ပျောက်ကွယ်ကုန်သည်။ အောက်ကို ငုံကြည့်လိုက်တော့ ရေမြောင်းအသစ်လေးတခုကိုတွေ့ ရပြန် သည်။ ထိုရေမြောင်းကလေးသည် လမ်းအသစ်ခင်းသည်နှင့်အတူ မွေးဖွားလာသော ဖွားဖက်တော် တခုသာ။ သို့  သော် ရေမြောင်းကလေးသည် အမှိုက်သရိုက်များဖြင့် ပိတ်ဆို့နေပြန်သည်။ ထို့ကြောင့် ရေ၀ပ်နေသည်။ ဒီနေရာမှ ခြင်များပေါက်ဖွားကာ လူအများကို နှိပ်စက်မည့် အရေး တွေးလိုက်မိသေးသည်။ သို့ပေမယ့် မကြာခင် မှာဘဲ အမေက ဒီရေမြောင်းကို ပြန်ဆည်မယ်ဆိုတာ ကြားလိုက်မိသည်။ ကျွန်တော် ငုံ့ကြည့်ရင်း သိသာတာ တခုက ပြုတင်းမှ အောက်ဖက် အမြင့်သည် အတော်လေး နိမ့်ကြောင်းတွေ့နေရသည်။ ငယ်စဉ်က တော်တော် မြင့်တဲ့ ပြုတင်းဘဲဟု အမြင်ရှိခဲ့သော်လည်း အခုအချိန်မှာတော့ တော်တော်နိမ့်တာဘဲဟု မြင်ပြန်သည်။ ဒါကိုက အသက်အရွယ်ကြီးလာ တာနှင့် အတူ မတူညီသော အမြင် တခုဖြစ်လိမ့်မည်ထင်သည်။

 

အောက်ထပ်မှာတော့ ယခင်က အခန်းဖွဲ့ထားသော နေရာက အခန်းမရှိတော့ ဘဲဟာလာဟင်းလင်း ဖြစ်နေသည်။ ငယ်ငယ်က တုတူပုံးတမ်း ကစားခဲ့သော ထိုအခန်းကလေးသည် အခုတော့ မရှိ။ ဟိုးအပေါ်ထပ်ကို တက်ကြည့်ချင်သေးသည်။ သို့သော် အပေါ်ထပ်သည် ပိုင်ရှင်ပြောင်းသွားခဲ့တာ ကြာခဲ့ပြီဖြစ်သည်။ အဲဒီအပေါ် ထပ်မှာ အဖေရယ် အမေရယ် ကျွန်တော်ရယ် တူတူအိပ်ခဲ့သော ကျယ်ဝန်းသည့် ခုတင်တခုရှိခဲ့သည်။ အိမ်ရှေ့ခန်းတွင် ဘုရားစင်ရှိသည်၊ ထိုဘုရားစင် နားတွင် ကျွန်တော့် ကစားစရာ အရုပ်တွေ စုဆောင်း ထားရှိရာ ဘီဒိုတလုံးရှိ ခဲ့သည်။ ထိုဘီဒိုသည် ကျွန်တော့်ရဲ့ စတိုခန်းဖြစ်သည်။ သေနတ်တွေ၊ အမွှေးပွရုပ်တွေ၊ ပုစိသေးသေး အရုပ်ကလေးကလေးတွေ ထည့်ရာ ဘူးတွေရှိသည်။ အိမ်နားက မိန်းကလေး သူငယ်ချင်းတွေ နှင့် ကစားရာ အိုးပုတ် တောင်းကြီး တတောင်းလဲရှိသေးသည်။ အခုတော့ ကျွန်တော့်မှာ ၆တန်းလောက်တုန်းက ၀ယ် ထားသည့် သေနတ် အိုကြီးတလက်သာ အမှတ်တရကျန်ရစ်သည်။ အရာအားလုံး တစစီ ပျောက်ဆုံးသွားခဲ့ ကြ ပြီ။ တယောက်ထဲ စစ်သားရုပ်ငယ်လေးတွေနှင့် တနေကုန်ဆော့ကစားနေတတ်သည့် အပေါ်ထပ် အိမ်နောက်ခန်းး သည် အခုတော့ လူသစ်တွေ၏ စားရေးသောက်ရေး စီမံရာမီးဖိုချောင်ဖြစ်သွား ခဲ့ပြီ။ သန့်ရှင်း တောက် ပြောင်လှသည့် ထိုနေရာတွင် ပတ်ပတ်လည် စီရီထားသည့် အလှမွေးငါးကန်တွေ နေရာမှာ ပန်းကန်စင် တွေ၊ အစားအသောက်သိုလှောင်ရာ ဘီဒိုတွေသာ အစားထိုးနေရာ ယူနေမည်ဟု စိတ်ထဲတွေးနေမိသည်။ အာရုံ ထဲမှာ တဖြတ်ခြင်း ထင်မြင်လာသော အတိတ်တို့ ပုံရိပ်တွေသည် စိတ်ကူးတနေရာတွင်သာ ထင်ကျန်ရစ်တော့မည်။

 

အိမ်ရှေ့ပြတင်းကနေ လှမ်းကြည့်လိုက်တော့ အိမ်ဘေးက ရေကန်လေးကို တွေ့မိပြန်သည်။ ရေကန်လေးမှာ အမိုး အကာတွေ မရှိတော့ ခြောက်သွေ့သွေ့နိုင်လှသော ရေကန်လေးသည် အုတ် အကျိုးအပဲ့တို့ခြံရံလျက် တနေ ကုန်ရှိနေပြန်သေးသည်။ ထိုရေကန်လေးသည် ကျွန်တော့် ကစားဖော်ဖြစ်သည်။ ကလေးဘ၀က ရယ်သံ အချို့ ဒီရေကန်လေးထဲမှာ ရှိနေနိုင်သေးသည်။ ကျွန်တော့် ခြေထောက်တွေညစ်ပေနေရင်ဖြစ်ဖြစ် လက်တွေ ကို သဲတွေဖုံတွေ ညစ်ပေနေရင်ဖြစ်ဖြစ် ဒီရေကန်လေးထဲ ကိုလက်နှိုက်ဆေး ပစ်လေ့ရှိသည်။ လူကြီးတွေတွေ့ရင် ဆူ တတ်တာမို့ ခိုးခိုးပြီး ဆေးရသော်လည်း ရေကန်လေးသည် ကျွန်တော်တို့ကိုဘာမှ ပြောလေ့မရှိ။ လစ်ရင် လစ်သလို ရေကန်လေးထဲ ခဲတွေပစ်ချတတ်သေးသည်။ ပြီးရင်တော့ ထိုရေထဲ ကျသွားသည့် ခဲလုံးလေးကို အရပ် လေးမမှီတမှီနှင့် ငုံကြည့်တတ်ကြသေးသည်။ နဲနဲလေး အရွယ်ရောက်လာတော့လဲ မိုးရေချိုးသည့် အချိန်တိုင်း ရေကန်လေးထဲကို ခိုးဆင်းပြီး ရေစိမ်တတ်သေးသည်။ အဖေတွေ့ရင်တော့ ကောင်းကောင်း အပြောခံရတတ်သည်။ ထိုရေကန်လေးသည် လမ်းထိပ်က ရေခဲရေသည်၊ အသုတ်ဆိုင်၊ ကွမ်းယာသည် စသည့် အလုပ်အကိုင်လုပ်ကြသူတို့ အတွက် လိုအပ်သည့်ရေ ကိုခပ်နေသောကြောင့် ရေဆင်းမစိမ်ဖို့ အဖေက ပြင်းပြင်း ထန်ထန်တားမြင့်ထား ဘူးသည်။ သို့ သော် ကျွန်တော်တို့ ကတော့ကလေးပီပီ လစ်ရင်လစ်သလို ဆင်းခဲ့ ကြ သည်။ လူပျိုဖော်ဝင်တဲ့ အခါမှာလဲ ဒီရေကန်လေးကိုမှီပြီး ဂစ်တာတွေတီးခဲ့ကြသည်။ ပျော်ရွှင်ဖွယ်ညနေ ခင်းတချို့ ကိုရေကန်ဘောင်ပေါ်မှာ ထိုင်ရင်း ဖြတ်သန်းခဲ့ဘူးသည်။ လွမ်းဆွေးအထီးကျန် နှလုံးသားတွေ ကွဲနေ တဲ့အချိန် မျိုးမှာလဲ ဒီရေကန်လေး ကိုအဖော်ပြုပြီး ကောင်းကင်ကိုမော့ကြည့်လို့ ခံစားခဲ့ဘူးသည်။ ကြည်လင် သန့်ရှင်းတဲ့ ရေချိုအေးအေးလေးတွေရှိနေသေးသည့်တိုင် ရေကန်လေးသည် ဟောင်းနွမ်းစွာ အဖော်ကင်းမဲ့နေ သည်မှာ အချိန်တော်တော်ကြာခဲ့ပြီထင်သည်။

 

ဟောင်းနွမ်းမှုတွေကို ပြန်လည် အစားထိုးဖို့ရာ အမေတယောက်ထဲ ပြင်ဆင်နေခဲ့သည်မှာ ကြာခဲ့ပြီ။ ပျက်စီး သွား သော အိမ်ထောင်တခုအတွက် မျှော်လင့်ချက်တချို့မှာ ရာဇ၀င်ထဲမှာ သာရှိနေလိမ့်မည်။ သဘာဝ အတိုင်း အရာ အချို့သည် တစစီပြန်ကောက်လို့မရအောင် ပျက်ဆီးပျောက်ဆုံး သွားခဲ့ပြီးဖြစ်သည်။ ထိုအထဲတွင် ဂုဏ်သိက္ခာတွေ လဲပါမည်၊ ငွေကြေးတွေ၊ လူမှုရေးတွေ၊ မိတ်ဆွေတွေ၊ အရာဝတ္ထုတွေ တော်တော်များ များ ပါဝင် လိမ့်မည်။ ထိုအထဲတွင် ကျွန်တော်တို့အိမ်ကလေးလဲ ပါသည်။ ခက်ခဲပြီး စိန်ခေါ်မှုတွေ ပြည့်နှက်နေသည့် လမ်း တခုပေါ် အမေနှင့် အဖေတို့ ကြောခိုင်းလျောက်ပြီးနောက် အမေတယောက်ထဲ ဘ၀ကိုကြိုးစားတည်ဆောက် ခဲ့သည်။ အဖေသည်တာဝန်မကြေသူဟု မပြောနိုင်လောက်အောင် ကျွန်တော်တို့အပေါ်တာဝန်ကျေ ခဲ့သော်လည်း ဖိစီးသည့် လောကဓံ အချို့သည် သူ့အားခွင့်လွှတ်နားလည်ပေးနိုင်စွမ်းမရှိခဲ့ပေ။ အရာရာ တာဝန် အားလုံး အမေ့အပေါ်ကျရောက်ခဲ့သော နေ့မှစကာ ကြပ်တည်းမှုတည်း ဟူသော ခံစားမှုကို ပြည့်ပြည့်၀၀ ခံစား ခဲ့ သည့်တိုင် အမေသည် သူ့အိမ်ကလေးကို ဘယ်တော့မှမစွန့်လွှတ်နိုင်ခဲ့၊ အလျှိုလျှို ရောင်းချသွားခဲ့ ကြသော အိမ်နီး ချင်းတို့ရှိသည့်တိုင် အမေသည် နာကျင်မှုများကို ကြိတ်မှိတ်ခါ ခေါင်းခါခဲ့သည်။ အိမ်ထောင်တခု ထူထောင်လိုက်တဲ့ ကျွန်တော်မရှိတော့တော့သည့်နောက် အိမ်ကလေးကပိုမိုချောက်သွေ့လာသည်။ ထိုအတွက် ပင်မက ကျွန်တော့် အတွက် ပေးနေရခဲ့သော စားရိတ် ၊ အရင်းအနှီး ၊ အကြွေးတွေကို ဆပ်ပေးဖို့ အိမ်ကလေး ကိုတပါးသူတယောက်ကို ငှားရမ်းလိုက်ကာ အနေအထိုင်ခက်ခဲ လှသည့် နေရာတခုမှာ အခြေချ နေလိုက်သေးသည်။ ကျွန်တော် ပိုက်ဆံလိုတိုင်း တိုက်တွန်းတတ်သည့် စကားတခုဖြစ်သည့် အိမ်ကလေး ကို ရောင်းချပေးလိုက်ဖို့ နားချသည့်အခါတိုင်း အမေက အလိမ္မာနှင့် ငြင်းကာ ပြေလည်အောင် ဖြေရှင်းတတ်သေးသည်။ သူနှစ်အချို့ကို ချို့တဲ့စွာ ဖြတ်သန်းရင်း အိမ်ကလေးကိုလက်ထဲ ပြန်ရောက်အောင် ပြန် လည်စွမ်းဆောင် ခဲ့သည်။ အခုတော့ ကျွန်တော်ကိုတိုင်က အသိုက်ကွဲ ငှက်တကောင်ဖြစ်နေပြီ၊ အမေရှိရာ အသိုက်ဆီသို့ ၊ အမေ့ရင်ခွင်သို့ ပြန်လည်နားခိုရန် ပြင်ဆင်ခဲ့သည်။ အမေသည် အချိန်တော်တော်ကြာမတွေ့ ဘဲ ရှိခဲ့သည်တိုင် နွေးထွေးစွာ လှမ်းကြိုနေဆဲ၊ ကျွန်တော် နှစ်သက်သည့် အပြင်အဆင်တို့ အိမ်ကလေးမှာ ပြန် လည်ပြင်ဆင်ရန် သူဆန္ဒစောနေသည်၊ မအောင်မြင်တဲ့ ကျွန်တော့် အိမ်ထောင်ရေးအတွက် အမေက မည်သည့် မှတ်ချက်မှ မပေးသည့်တိုင် သူကိုယ်တိုင် စိတ်မကောင်း ဖြစ်နေမှာ သေချာသည်။ သို့သော် အမေသည် သူ့ခွန် သူ့အားဖြင့် သားတို့နားခိုရာ အရိပ်အမြုံကို ပြန်လည်တည်ဆောက်ပြီးဖြစ်သည်။ သာယာသော်လည်း ငြိမ့်ညောင်းမှု မရှိသည့်တိုင် အမေသည် သူ့အိမ်ကလေးကို ရှိတာလေးနှင့်လှအောင်ပြင်ဆင်မည်ဖြစ်သည်။ ၁၀ ဂဏန်းကုန်ကျမယ့် ပြင်ဆင်မှု အစီအစဉ်ကို အမေက သူ့လက်က အလှဆင်ပစ္စည်း အချို့ဖြင့်အစားထိုး လဲလှည် လိမ့်မည်ဖြစ်သည်။ ကျွန်တော်သည် အမေ့အပေါ်တာဝန်ရှိသည် သို့သော်တာ ၀န်မကြေနိုင်သေး၊ သို့သော်လည်း အမေ့ အနေနှင့် မည်သို့မှဆိုမည်တော့မဟုတ်ပေ။ သူ့ဆန္ဒသည် ဒီအရိပ်အမြုံလေး ကိုပြန်လည် သာယာစေချင်သည်။ ကျရှုံးနေသော သူ့ယောကျားကို သူပြန်လည်ခေါ်ယူမည် ထို့နောက် သားသုံးယောက်နှင့် အမေနေချင်သည်။ ဆူဆူပူပူနှင့် ဖြစ်သော်လည်း သူ့အားသူကိုးသည့်အမေ တယောက် သူဖြစ်ချင်သည့် အရိပ် အမြုံကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီ။ မာကျောသော သူ့စိတ်ဓါတ်သည် နှလုံးသားမှာတော့ မမာကျောနိုင်တော့၊ အိမ်ကလေးသည် ရာနှုန်းပြည့် ပြန်မဖြစ်လာနိုင်တော့သည့်တိုင် သူ့ဆန္ဒသည် ရာနှုန်းပြည့် ပြန်ဖြစ်လာနိုင်ပါသည်။ ဒီအတွက် ကျွန်တော်တို့ ရိပ်မြုံလေးကို သာသာအောင်တည်ဆောင်ဖို့ရာ ကျွန်တော်ရင် မှာ တည်နေပါမည်။

1 comments:

တောင်ပေါ်သား said...

အကိုရေ ဒီပိုစ့်လေးကို ဖတ်ပြီး အရမ်းခံစားရပါတယ်.. အကိုရဲ့ အရေးအသား မိဘရဲ့ သားသမီးတွေ အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို နားလည်ခံစားမိပါတယ်