မနေ့က နေ့လည်ပိုင်း အလုပ်မအားတာရော ကော်နက်ရှင်မကောင်းတာရောနဲ့ ဘာမှမလုပ်ဖြစ်လိုက်ပါဘူး။ ညဘက် ရုံးကပြန်တော့မှဘဲ အိမ် နားရောက်တော့မှ အင်တာနက်ပြန်သုံးဖြစ်တော့ ကော်နက်ရှင်လေး ကောင်းနေတာနဲ့ ဘလောက်လေးဘာလေးတင်။ သူငယ်ချင်း တချို့နဲ့ လကုန်ပေးဒေးဆိုတာနဲ့ ဟိုချိန်းဒီချိန်းလုပ်။ အိမ်ပြန်လာတော့ အေးဆေးလေးအိပ်တော့မလို့ပါ။ ဧည့်ခန်းမှာ ထိုင်နေရင်း စားပွဲပေါ်မှာ တယောက် ယောက်ဖတ်လက်စဖြစ်နေတဲ့ စာအုပ်လေးတအုပ်သွားတွေ့တယ်။ ဆရာဖေမြင့်ရဲ့ ကိုယ့်ထူးကိုယ်ချွန်သမားများအတွက် လက်စွဲ ဆောင် ပုဒ်များ ဆိုတဲ့ စာအုပ်ပါ။ ဟိုးအရင်ကတော့ ဖတ်ဖူးပြီးသား စာအုပ်တအုပ်ဖြစ်ပါတယ်။ ဟိုလှန်ဒီလှန်နဲ့ လုပ်နေရင်း စာပိုဒ်လေးတခု ကို ဖတ်မိတယ်။ ဖတ်မိတယ်ဆိုတာနဲ့ဘဲ တကယ့်ကို အားရှိစေမယ့်စကားတခွန်းလက်ဆောင် ရလိုက်သလိုခံစားရတာနဲ့ စိတ်ထဲမှာ သေသေခြာခြာ မှတ်ထားပြီး မနက်ရုံးရောက်ရင် တော့ ဒီအကြောင်းလေး ပို့စ်တင်ဦးမယ်ဆိုပြီး မှတ်ထားလိုက်တယ်။ စာပိုဒ်လေးက

သင်ဒီနေ့ကိုဂရုစိုက်ပါ။ မနက်ဖန်အား သင်ထိန်းသိန်းကိုင်တွယ်နိုင်လိမ့်မယ်။
မနက်ဖန်တွေကို ဂရုစိုက်လိုက်ပါ။ ဒါဆိုရသတ္တပတ်တခုကို သင်ကောင်းမွန်စွာကိုင်တွယ်နိုင်လိမ့်မယ်။
ရသတ္တပတ်တွေကို ဂရုစိုက်ပါ ဒီလကိုကောင်းကောင်း အောင်မြင်အောင်ထိန်းသိမ်းနိုင်လိမ့်မယ်။
လတွေကိုဂရုစိုက်လိုက်ပါ။ အဲဒီလိုဆိုရင် သင်ဒီနှစ်အောင်မြင်လာပါလိမ့်မယ်တဲ့။

မူရင်းရေးသူတော့ဖော်ပြမထားပါဘူး။ စာပိုဒ်လေးက တကယ့်ကိုဖတ်လို့ကောင်းပါတယ်။ တကယ့် အနှစ်သာရကတော့ ကျွန်တော်တို့ အနာဂတ် တွေ၊ အောင်မြင်မှုတွေ၊ ခံစားမှုတွေဟာ အခုပစ္စုပန်မှာသာတည်နေတာဖြစ်ပါတယ်။ တနေ့တာကလေးကို ဂရုတစိုက်လုပ် လိုက်တာနဲက အနာဂါတ်အတွက်လှပလာမှာဖြစ်သလို အတိတ်အတွက်လဲ ကောင်းမွန်တဲ့ သမိုင်းတခုကျန်ခဲ့မှာဖြစ်ကာ အခုအချိန်ကလေး မှာလဲ သာယာ ကျေနပ်မှုကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့် စိတ်ထဲမှာ နေ့စဉ်နေ့စဉ်တိုင်း အရေးကြီးတဲ့ အလုပ်ကလေး တွေကိုဦးစားပေးလုပ်ရင်း ကိုလုပ်သမျှကို ဂရုတစိုက်ဆောင်ရွက်သွားရင် အားလုံးသော အနာဂါတ်တွေဟာ အောင်မြင်ပျော်ရွှင်နေလိမ့် မယ်လို့ယူဆမိသလို အဲဒီလို ကျင့်သုံးလိုက်နာတော့မယ်လို့လဲ စိတ်ကို ပိုင်းဖြတ်ထားလိုက်မိပါတယ်။
ဒီလို ကြော်ငြာအားကောင်းကောင်း သုံးပစ်မှာ
ဒီလိုပြင်ဆင်ပြီး
ပဲရစ်လေးနဲ့ အဲဒီလိုကြော်ငြာမယ်
ဒါကတော့မူရင်းပါ

ယုံသော်ရှိမယုံသော်ရှိပေါ့နော်။ တကယ်ပြောတာ။ ဘလာဂေါက်တယောက် MTV တပုဒ်လောက်တော့ ရိုက်တော့မယ်ဗျ။ လွန်ခဲ့တဲ့ ကလေးဘ၀ပေါ့ အသံသွင်းထားတာတော့ ၈ နှစ်လောက်ရှိပြီထင်ပါ့။ အဲဒီသီချင်း လေးကို အရင်ပိုးမသေသေးတော့ ဒါရိုက်တာ အသစ်ကြီးဖြစ်တဲ့ ဘိုဝ ကရိုက်ပေးမယ်ဆိုတာနဲ့ ရိုက်ဖြစ်တော့ မယ်ဗျ။ ကိုတိုင်တော့ နည်းနည်းပါးပါး ဖြတ်လျှောက်အနေအထားနဲ့ ဘဲရိုက်မှာပါ။ မင်းသားမင်းသမီးကိုတော့ ဘလောက်ဂါထဲကဘဲ ရှာကြံထားတာ ဘိုဝ ကသူကိုယ်တိုင် သရုပ်ဆောင်မယ်ဆိုဘဲ။ ဒါပေမယ့် တိုလီလေးကို တော့ နဲနဲ ၀ိတ်ချခိုင်းထားပါတယ်။ သူကလဲ သူပါဝင်ပါရစေလို့ ကမ်းလှမ်းထားတာ အခုဆို ကော်ဖီ ၂ ခွက်နဲ့ ထမင်းတနပ်ကြီးများ တောင်လာပြုစုထားတာ။ မင်းသမီးက တော့ရွေးချယ်နေဆဲပါ။ မကြာခင် မှာဘဲ ကန်တော့ ပွဲပေးတဲ့ အခန်းအနားကျင်းပပြီး စတင်သွားမှာပါ။ လောလောဆည်တော့ ဒါရိုက်တာ ဘိုဝ ခေါ် စိုးကြီး(ကောလင်း) တယောက်က ဇာတ်ညွှန်းကို လက်စသတ်နေဆဲပါတဲ့။ စောင့်မျှော်ကြဦးပေါ့နော်။ ကျွန်တော် တို့လက်ဆော့ထားမယ့် အဲဒီသီချင်းလေးကို အခမဲ့ download ပေးသွားမှာပါ။ မယူလို့မရပါဘူး။ အတင်းကို မေးတွေပို့ပြီး ဖြန့်သွားမယ့် အကြောင်းလေးသိစေချင်ပါတယ်။ ဒီသီချင်း နာမည်ကတော့

"မဆိုချင်သောသီချင်းတပုဒ်" လို့အမည်ရပါတယ်

ကိုတိုင်ရေး ကိုတိုင်ဆို ကိုယ်ပိုင်သံစဉ်ဖြစ်ပါတယ်။ မဆိုချင်သောလဲ ပြောသေးတယ် အခုဘာလို့ဆိုလဲတော့ မမေး နဲ့နော်။


ကျွန်တော့် ဘလောက်အတွက် ရှေ့ရေးကို ဒီရက်ပိုင်းလုံးပန်းနေလိုက်တာ ဘာမှတောင်မရေးဖြစ်ဘူး၊ တကယ်က ပုံတွေတင်နေချင်တာ ၊ တင်မယ်ဆိုပြီးလုပ်ထားတဲ့ ပုံတွေရှိတယ်။ ဒါပေမယ့် ကော်နက်က သိပ်ပြီးမကောင်းတော့ တင်မရဘူး၊ ညဘက်ကျတော့လဲ သေချာမလုပ်ဖြစ်ပြန်ဘူး။ ကျွန်တော့်အနေနဲ့ ဘလောက်ရေးတဲ့ ကိစ္စကို တကယ့်ကိုပီပီပြင်ပြင် ဖြစ်စေချင်သလို မနှစ် ကတည်းက စတင်ထားတဲ့ ကျွန်တော်တို့ မြန်မာဘလောက်ဂါတွေ ဘလောက်ရေးသားခြင်းနဲ့ ၀င်ငွေရရှိစေမယ့်နည်းလမ်းတွေကို အဓိကထား ပြီး လုပ်ဆောင်နေပါတယ်။ အခုဆို အောင်မြင် တော့မယ့် အနေအထားကိုတွေ့နေရပါတယ်။ ကျွန်တော့်ရဲ့ ပုံမှန် လာရောက်လေ့လာနေတဲ့ ပုရိတ်သတ်နဲ့ မိတ်ဆွေတွေ တိုးပွားလာအောင် လုပ်ဆောင်သွားပါမယ်။ နောက်တခုက ကျွန်တော် အပြင် ကျွန်တော့် မိတ်ဆွေ ဘလောက်ဂါများလဲ အခုလို အနေအထားရောက်ရှိလာစေမယ့် နည်းလမ်းတွေကို ကျွန်တော်သိသလောက်မျှဝေ သွားမယ်လို့ ရည်မှန်းထားပါတယ်။ အခု လက်ရှိ အနေ အထားအတိုင်းကနေ အခုထက်ပိုမို ကောင်းမွန်တဲ့ စာပေတွေ နည်းပညာ တွေ ဗဟုသုတတွေ အပြန်အလှန်ဖလှယ်ရင်း လာရောက်တဲ့ မိတ်ဆွေများကိုလဲ ဖျော်ဖြေမှုတခု အဖြစ် ရရှိ လက် ခံလာအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

အဲဒီလိုကြိုးစားသွားမယ့် ကဏ္ဍ တွေထဲမှာ အလှအပရေးရာ၊ ဖက်ရှင်ဒီဇိုင်း၊ နည်းပညာ၊ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ သိကောင်းစရာတွေ၊ ပျော်ရွှင်ဖွယ် ခရီးစဉ်တွေ၊ အသိပညဖလှယ်တဲ့ အကြောင်းအရာတွေ၊ ချက်စရာ ပြုတ်စရာ၊ သိကောင်းစရာ အဖြစ်အပျက်နဲ့ သတင်းတွေ ၊ ဆောင်းပါးနဲ့ ၀တ္ထုတွေ ကိုအစီအစဉ်တကျနဲ့ ရေးသား တင်ဆက်သွားမှာ ဖြစ်ပါတယ်။ စိတ်ကူးအဆင့်မှာ ဘဲရှိနေသေးတဲ့ အခု အစီအစဉ်တွေဟာမကြာခင်မှာဘဲ ရုပ်လုံးပေါ်လာပါလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။


ကဗျာရေးလို့မရတဲ့အတွေးအခေါ်တွေနဲ့

ပြည့်ကြပ်ညက်နေတဲ့

လမ်းတခုပေါ်မှာ လျောက်

အဟမ်း -

အခုတော့ငါ မြောက်မရောက်တောင်မရောက်နဲ့။

 

သံယောဇဉ်က လူနာတင်ကားသြဥဆွဲသလို

ညည်းငြူ

ပြုံးပြ နှုတ်ဆက်တဲ့ ယဉ်ကျေးမှုတွေကိုတော့

လစ်လျှုရှုပစ်လို့မရပြန်

အင်းလေ

တယ်ခက်တဲ့ သဘာဝပေကိုး။

 

သီချင်းသံတချို့က စီးဆင်းတယ်

ရေလိုဘဲ လေလိုဘဲ တွေတဲ့အပေါက်က ဆင်းတယ် စီးတယ်

သံထည်တွေ ကျောက်တုံးတွေ နောက်တမျိုးနဲ့ အလိုက်အထိုက်မိုက်

အား - -

ဟစ်ဟော့တော့ငါမကြိုက်ပါဘူး။

 

ကော်နက်ရှင်ကိုပစ်ပေါက်

ခွဲခြေနင်းခြွေ

ငါ့ဘလောက်နဲ့ငါကတော့ တလူလူလွင့်တယ်

အတွေးအခေါ်တွေကို ဘောင်ပိတ်ခတ်ကြည့်ချင်တယ်

ဒါမှမဟုတ် ချောင်ပိတ်ရိုက်ခဲ့ချင်တယ်

တခါးဆိုတာ ဖွင့်ထားတိုင်းကောင်းတာမဟုတ်ဘူး

တူရင်လောက်ထရပ်က ပြောတယ်

မကောင်းဘူးကောင်းတယ်ဆိုတာ ရှုမြင်သူပေါ်မှာသာ မူတည်တာတဲ့- - -။

 

 

ကျွန်တော် ဘလောက်စ ရေးခင်ကတည်းက ဒီနာမည်ကိုကြားဖူးနေပြီ၊ အရေအတွက် နဲနဲဘဲရှိနေသေးတဲ့ မြန်မာ ဘလောက် တွေထဲက ကိုမောင်လှ၊ ကိုညီလင်းဆက်နဲ့ မနိုင်းနိုင်း ဘလောက်တွေကို ဖတ်နေတာ၊ မရေးခင်ကတည်း ကဆိုပိုမှန်လိမ့်မယ်။ အကောင့်အလေးယူပြီး တော်တော်နဲ့ ကျွန်တော် ဘလောက်ကို သေသေ ချာချာ မရေးဖြစ်သေးဘူးလေ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ပုံမှန်ဖတ်နေတဲ့ ဘလောက်လဲ ဖြစ်၊ ကျွန်တော့် အကြိုက်ဆုံး ဘလောက်လဲ ဖြစ်တဲ့ မနိုင်းနိုင်းရဲ့ ဘလောက်မှာ ကျွန်တော် နှစ်သက်တဲ့ စာတိုပေစလေး တွေ သု တရသ စာတမ်းလေးတွေ အမြဲရှိနေတတ်တယ်။ အချိန်များများ မပေးနိုင်လို့ စာအုပ်တွေကို သီးသန့် သိပ်ပြီး မဖတ် ဖြစ်တော့ပေမယ့် အခုလို စာတွေရှိနေတတ်တဲ့ ဘလောက်တွေကို ကျွန်တော် အမြဲ ဖတ်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဘလောက်အသေအချာ အသက်ဝင်အောင်ရေး တတ်လာတဲ့အခါမှာလဲ ပထမဆုံး ကွန်မန့်ပေးတဲ့ ဘလေက်ဂါလဲဖြစ်တယ်လေ။ သေသေချာချာ ရေးဖြစ်ခဲ့တာ ဘာညာ့ရဲ့ ကျေးဇူးကလဲမကင်းပါဘူး၊ သူတိုက် တွန်း လို့သေသေချာချာရေးဖြစ်သလိုသူရေးတာတွေလဲ သဘောကျခဲ့တယ်။ ဘာညာကလဲအဲဒီအချိန်မှာ အတော် လေးနာမည်ရနေပြီ၊ ရုံးကကိုရဲကလဲ အားပေးတယ်၊ ကျွန်တော်ကလဲ ၀ါသနာပါတာမို့ ကျွန်တော့် ဘလောက် ကလေးရေးဖြစ်ခဲ့တာ၊ အသစ်ကိုပြောင်းရေးလိုက်တာ ပထမဘလောက်က အခုဟာမဟုတ်ဘူး၊ ဘလာဂေါက်ကို ဘလောက်ရာသွင်းတဲ့ လူဟောင်းထဲမှာဆို မနိုင်းဘဲ၊ ဘယ်သူတွေ ရှိရှိမရှိရှိ ကျွန်တော့် ပို့ တွေမှာ မနိုင်းရဲ့ ကွန့်မန့်တွေရှိနေတတ်တယ်။ ဒါကိုက မနိုင်းနဲ့ ကျွန်တော်နဲ့ ပိုပြီး ခင်ခင်မင်မင်ဖြစ် သွားခဲ့ တဲ့ အကြောင်းလေးတခု၊ ကျွန်တော့ အရေးအသားတွေကိုအားပေးတတ်တယ်လေ။

 

မနိုင်းရဲ့ အရေးအသားတွေအပြင် ဂျီတော့မှာ မိုးချုပ်ရင် တခါတလေပေါ်လာတတ်လို့ စကားတခွန်းနှစ်ခွန်းလဲ ပြောဖြစ်ခဲ့တယ်။ ကျွန်တော်မလေးရောက်နေတုန်းလဲ သူနဲ့များများပြောဖြစ်ခဲ့သလို မလေးကပို့တွေကို အားရ ပါးရ လာလာအားပေးခဲ့တယ်။ ကျွန်တော် တနေ့မှာမနိုင်းရဲ့ ပုံကိုရလိုက်တယ်။ တော်တော်များများက မနိုင်းရဲ့ ပုံရိပ်ကိုသေသေချာချာမမြင်ဘူးချိန်မှာဘဲ ကျွန်တော်တို့ ဘလောက်တိုင်း တတိယထုတ်မှာ မနိုင်းရဲ့ ပုံကို သုံးလိုက်တယ်။ ဘလောက်လောကမှာတော့ အဲဒီအချိန်တုန်းက မနိုင်းနိုင်းကို လူရော ဘလောက်ပါ တွဲပြီး တော် တော်သိသွားကြတယ်။ သူကိုယ်တိုင် မဖော်ပြလိုတဲ့ ပုံကိုသူ့ခွင့်ပြုချက်မပါဘဲ ကျွန်တော်တို့ သုံးလိုက်တော့ မနိုင်း တော်တော် စိတ်ဆိုးမှာလို့ ကျွန်တော်ထင်ခဲ့တယ်။ မောင်ပွတ်နဲ့ ကျွန်တော်တော့မနိုင်းဒေါပွနေမှာ လို့ ထင်နေကြတာ၊ နောက်တော့သူက စိတ်မဆိုးပါဘူး၊ သူကိုယ်တိုင်နောက်ပိုင်း သူ့ဘလောက်မှာတောင် ပုံတွေ ဘာတွေတင်လာတယ်၊ ပျော်စရာကောင်းတဲ့ ကျွန်တော်တို့ ဂျာနယ်လေးကို သူ့ပုံသုံးရကောင်းလားလို့ ပြောဆို ပြီး ပွဲဆူအောင်မလုပ်ခဲ့ဘူး၊ ဒါကိုကမနိုင်းရဲ့ ချစ်စရာ ရိုးသားအေးဆေးမှုဘဲ၊ မနိုင်းရေးတဲ့စာတွေမှာ မှတ်သားစရာလေးတွေ ပါတိုင်းကျွန်တော် အမြဲမှတ်ထားလေ့ရှိခဲ့တယ်။

 

ခင်နေခဲ့တာကြာပါပြီ၊ နေတဲ့နေရာတွေက တနေရာစီ၊ အိပ်မက်တောင် မက်လို့မရတဲ့ နေရာတခုမှာ သူရှိနေတာ၊ တနေ့တော့ ကျွန်တော်တို့ တွေ့ဖြစ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ထားတာအမှန်ပါဘဲ၊ ကိုခင်မင်လေးစားတဲ့ သူတယောက်က မမျှော်လင့်ထားတဲ့တနေ့မှာ မျှော်လင့်ထားတဲ့အတိုင်း တွေ့ဖို့ ကံပါလာတယ်လေ။ မနိုင်း ရန်ကုန် လာတော့မယ်လို့သတင်းရတယ်။ သူစလုံးကိုရောက်လာချိန်မှာ ကျွန်တော် စောစောသိလိုက်ရင် တွေ့ဖြစ်လိုက်မှာ ဘဲ၊ ကျွန်တော်ဘန်ကောက်ရောက်တော့မှ မနိုင်းက စလုံးရောက်လာတယ်။ ကျွန်တော် မတွေ့ဖြစ် လိုက်တဲ့ ပထမ အကြိမ်ကြောင့် ဒုတိယ အခွင့်အရေးကိုစောင့်စားနေခဲ့တာ အခုတော့ ရောက်လာခဲ့တယ်။ ၉ လပိုင်းရဲ့ ၉ ရက်နေ့မှာ အဲဒီမတိုင်ခင်ကတည်းက ရောက်လာတဲ့ မနိုင်းကို အဲဒီနေ့မှ သွား တွေ့ဖြစ်တော့တယ်။ ချို့တဲ့နေတဲ့ ကိုယ့်အိပ်ကပ်ကြောင့် ဧည့်ဝတ်မကြေနိုင်ခဲ့သော်လည်း တိုက်ဆိုင်စွာ ကိုတက်စလာကြီးမွေးနေ့ဖြစ်နေတော့ အနေအထားလေးက တမျိုးလှသွားပါတယ်။ ဘာဘဲဖြစ်ဖြစ် မနိုင်းနဲ့ ရင်းနှီးစွာ နေခဲ့ရတယ်။ ငယ်ပေါင်းတွေပမာ ပြောဆိုဆက်ဆံခဲ့ကြတဲ့ ဒီနွေးထွေးတဲ့ တွေ့ဆုံမှုလေးက ကျွန်တော့် ဘ၀ရဲ့ မှတ်တိုင်တခုဖြစ်နေဦးမှာဘဲ။ အပြင်မှာမှ ပိုပြီး ပွင့်လင်းရိုးသားတဲ့မနိုင်းရဲ့ စိတ်ကို လေ့လာခွင့်ရလိုက်သလို အမြင်တွေဖလှယ်တဲ့စကားတွေ အများကြီးပြောဖြစ်ခဲ့တယ်။ မိုးချူပ်သွားသည့်တိုင် လန်း ဆန်းတက်ကြွနေတဲ့ အဲဒီနေ့က မြင်ကွင်းတွေကို ကျွန်တော် အမြဲအမှတ်ရနေဦးမယ်။ နောက်တခေါက်တော့ ပြန်ဆုံ ကြဦးမှာဘဲလို့ ဒီတခါတော့ ယုံကြည်ထားတယ် မနိုင်းရေ။


 

ခေါင်းငုံ့ဆင်းပါ ဆိုသော ဆေးဖြူဖြူဖြင့်ရေး ခြစ်ထားသည့် ကလေးလက်ရေးလေးတခုက ကျွန်တော်အထပ် ခိုးမှ ဆင်းကာနီးမှာ တွေ့လိုက်ရသည်။ ဆေးသားတို့သည် မှိန်တိမ်ဖျော့ဆင်း နေသည့်တိုင် အဖြူရောင်ထွက်နေ ကြ ဆဲ။ ၀ါကျင့်ကျင့် ဘက်သို့ မသန်းတသန်း ထိုစာတန်းကလေးကို ကျွန်တော် လွန်ခဲ့သော နှစ်များစွာက ဒီနေ ရာလေး မှာရေးခဲ့တာ ပြန်မှတ်မိနေသေးသည်။ တိတိကျကျ ပြောရလျှင် ကျွန်တော်  ၆ နှစ်သား လောက်က - အရပ်ကတော့ အခုခေါင်းငုံ့ဆင်းရမည့် အပေါက်ကို လွတ်လွတ်ကြီး သွားလာနိုင်သေးတဲ့အရွယ်သာ။ ဒါပေမယ့် အဲဒီနေ့က ကျွန်တော့် အကို ဒီနေရာမှာ ခေါင်း စောင့်မိတဲ့အတွက် ဒီစာတမ်းကလေး ကိုလက်ရေးလေး မပီမသ ဖြင့် ကျွန်တော်ဆွဲလက်စ ပန်းချီဆေးတွေထဲက နေယူပြီး ရေးခဲ့ မိခြင်းသာ ဖြစ်သည်။

 

အထပ်ခိုးမှ မဆင်းမှီ ကျွန်တော် အထပ်ခိုး ပြုတင်းပေါက်မှ အပြင်ကို ကြည့်မိသေးသည်။ လွန်ခဲ့သည့် နှစ်များ စွာက ထိုပြတင်းမှ လှမ်းမျှော်ကြည့်မိသော မြင်ကွင်းသည် သိသိသာသာ ကိုပြောင်းလဲ သွားပြီ။ ဟိုတစု ဒီတစု နှင့် လေးနာရီပန်းခြုံများ၊ ရွက်လှပင် ငယ်များ၊ တိုင်လုတန်း ကစားတတ်သည့် မာကလာပင်ကြီး၊ အခုတော့ သူတို့ မရှိတော့ပြီ။ တိုးတက်ပြောင်းလဲ လာသော လူနေမှု စနစ်တခုကြောင့် လမ်းအသစ်ခင်းရာတွင် သူတို့ပါ တပါတည်း ပျောက်ကွယ်ကုန်သည်။ အောက်ကို ငုံကြည့်လိုက်တော့ ရေမြောင်းအသစ်လေးတခုကိုတွေ့ ရပြန် သည်။ ထိုရေမြောင်းကလေးသည် လမ်းအသစ်ခင်းသည်နှင့်အတူ မွေးဖွားလာသော ဖွားဖက်တော် တခုသာ။ သို့  သော် ရေမြောင်းကလေးသည် အမှိုက်သရိုက်များဖြင့် ပိတ်ဆို့နေပြန်သည်။ ထို့ကြောင့် ရေ၀ပ်နေသည်။ ဒီနေရာမှ ခြင်များပေါက်ဖွားကာ လူအများကို နှိပ်စက်မည့် အရေး တွေးလိုက်မိသေးသည်။ သို့ပေမယ့် မကြာခင် မှာဘဲ အမေက ဒီရေမြောင်းကို ပြန်ဆည်မယ်ဆိုတာ ကြားလိုက်မိသည်။ ကျွန်တော် ငုံ့ကြည့်ရင်း သိသာတာ တခုက ပြုတင်းမှ အောက်ဖက် အမြင့်သည် အတော်လေး နိမ့်ကြောင်းတွေ့နေရသည်။ ငယ်စဉ်က တော်တော် မြင့်တဲ့ ပြုတင်းဘဲဟု အမြင်ရှိခဲ့သော်လည်း အခုအချိန်မှာတော့ တော်တော်နိမ့်တာဘဲဟု မြင်ပြန်သည်။ ဒါကိုက အသက်အရွယ်ကြီးလာ တာနှင့် အတူ မတူညီသော အမြင် တခုဖြစ်လိမ့်မည်ထင်သည်။

 

အောက်ထပ်မှာတော့ ယခင်က အခန်းဖွဲ့ထားသော နေရာက အခန်းမရှိတော့ ဘဲဟာလာဟင်းလင်း ဖြစ်နေသည်။ ငယ်ငယ်က တုတူပုံးတမ်း ကစားခဲ့သော ထိုအခန်းကလေးသည် အခုတော့ မရှိ။ ဟိုးအပေါ်ထပ်ကို တက်ကြည့်ချင်သေးသည်။ သို့သော် အပေါ်ထပ်သည် ပိုင်ရှင်ပြောင်းသွားခဲ့တာ ကြာခဲ့ပြီဖြစ်သည်။ အဲဒီအပေါ် ထပ်မှာ အဖေရယ် အမေရယ် ကျွန်တော်ရယ် တူတူအိပ်ခဲ့သော ကျယ်ဝန်းသည့် ခုတင်တခုရှိခဲ့သည်။ အိမ်ရှေ့ခန်းတွင် ဘုရားစင်ရှိသည်၊ ထိုဘုရားစင် နားတွင် ကျွန်တော့် ကစားစရာ အရုပ်တွေ စုဆောင်း ထားရှိရာ ဘီဒိုတလုံးရှိ ခဲ့သည်။ ထိုဘီဒိုသည် ကျွန်တော့်ရဲ့ စတိုခန်းဖြစ်သည်။ သေနတ်တွေ၊ အမွှေးပွရုပ်တွေ၊ ပုစိသေးသေး အရုပ်ကလေးကလေးတွေ ထည့်ရာ ဘူးတွေရှိသည်။ အိမ်နားက မိန်းကလေး သူငယ်ချင်းတွေ နှင့် ကစားရာ အိုးပုတ် တောင်းကြီး တတောင်းလဲရှိသေးသည်။ အခုတော့ ကျွန်တော့်မှာ ၆တန်းလောက်တုန်းက ၀ယ် ထားသည့် သေနတ် အိုကြီးတလက်သာ အမှတ်တရကျန်ရစ်သည်။ အရာအားလုံး တစစီ ပျောက်ဆုံးသွားခဲ့ ကြ ပြီ။ တယောက်ထဲ စစ်သားရုပ်ငယ်လေးတွေနှင့် တနေကုန်ဆော့ကစားနေတတ်သည့် အပေါ်ထပ် အိမ်နောက်ခန်းး သည် အခုတော့ လူသစ်တွေ၏ စားရေးသောက်ရေး စီမံရာမီးဖိုချောင်ဖြစ်သွား ခဲ့ပြီ။ သန့်ရှင်း တောက် ပြောင်လှသည့် ထိုနေရာတွင် ပတ်ပတ်လည် စီရီထားသည့် အလှမွေးငါးကန်တွေ နေရာမှာ ပန်းကန်စင် တွေ၊ အစားအသောက်သိုလှောင်ရာ ဘီဒိုတွေသာ အစားထိုးနေရာ ယူနေမည်ဟု စိတ်ထဲတွေးနေမိသည်။ အာရုံ ထဲမှာ တဖြတ်ခြင်း ထင်မြင်လာသော အတိတ်တို့ ပုံရိပ်တွေသည် စိတ်ကူးတနေရာတွင်သာ ထင်ကျန်ရစ်တော့မည်။

 

အိမ်ရှေ့ပြတင်းကနေ လှမ်းကြည့်လိုက်တော့ အိမ်ဘေးက ရေကန်လေးကို တွေ့မိပြန်သည်။ ရေကန်လေးမှာ အမိုး အကာတွေ မရှိတော့ ခြောက်သွေ့သွေ့နိုင်လှသော ရေကန်လေးသည် အုတ် အကျိုးအပဲ့တို့ခြံရံလျက် တနေ ကုန်ရှိနေပြန်သေးသည်။ ထိုရေကန်လေးသည် ကျွန်တော့် ကစားဖော်ဖြစ်သည်။ ကလေးဘ၀က ရယ်သံ အချို့ ဒီရေကန်လေးထဲမှာ ရှိနေနိုင်သေးသည်။ ကျွန်တော့် ခြေထောက်တွေညစ်ပေနေရင်ဖြစ်ဖြစ် လက်တွေ ကို သဲတွေဖုံတွေ ညစ်ပေနေရင်ဖြစ်ဖြစ် ဒီရေကန်လေးထဲ ကိုလက်နှိုက်ဆေး ပစ်လေ့ရှိသည်။ လူကြီးတွေတွေ့ရင် ဆူ တတ်တာမို့ ခိုးခိုးပြီး ဆေးရသော်လည်း ရေကန်လေးသည် ကျွန်တော်တို့ကိုဘာမှ ပြောလေ့မရှိ။ လစ်ရင် လစ်သလို ရေကန်လေးထဲ ခဲတွေပစ်ချတတ်သေးသည်။ ပြီးရင်တော့ ထိုရေထဲ ကျသွားသည့် ခဲလုံးလေးကို အရပ် လေးမမှီတမှီနှင့် ငုံကြည့်တတ်ကြသေးသည်။ နဲနဲလေး အရွယ်ရောက်လာတော့လဲ မိုးရေချိုးသည့် အချိန်တိုင်း ရေကန်လေးထဲကို ခိုးဆင်းပြီး ရေစိမ်တတ်သေးသည်။ အဖေတွေ့ရင်တော့ ကောင်းကောင်း အပြောခံရတတ်သည်။ ထိုရေကန်လေးသည် လမ်းထိပ်က ရေခဲရေသည်၊ အသုတ်ဆိုင်၊ ကွမ်းယာသည် စသည့် အလုပ်အကိုင်လုပ်ကြသူတို့ အတွက် လိုအပ်သည့်ရေ ကိုခပ်နေသောကြောင့် ရေဆင်းမစိမ်ဖို့ အဖေက ပြင်းပြင်း ထန်ထန်တားမြင့်ထား ဘူးသည်။ သို့ သော် ကျွန်တော်တို့ ကတော့ကလေးပီပီ လစ်ရင်လစ်သလို ဆင်းခဲ့ ကြ သည်။ လူပျိုဖော်ဝင်တဲ့ အခါမှာလဲ ဒီရေကန်လေးကိုမှီပြီး ဂစ်တာတွေတီးခဲ့ကြသည်။ ပျော်ရွှင်ဖွယ်ညနေ ခင်းတချို့ ကိုရေကန်ဘောင်ပေါ်မှာ ထိုင်ရင်း ဖြတ်သန်းခဲ့ဘူးသည်။ လွမ်းဆွေးအထီးကျန် နှလုံးသားတွေ ကွဲနေ တဲ့အချိန် မျိုးမှာလဲ ဒီရေကန်လေး ကိုအဖော်ပြုပြီး ကောင်းကင်ကိုမော့ကြည့်လို့ ခံစားခဲ့ဘူးသည်။ ကြည်လင် သန့်ရှင်းတဲ့ ရေချိုအေးအေးလေးတွေရှိနေသေးသည့်တိုင် ရေကန်လေးသည် ဟောင်းနွမ်းစွာ အဖော်ကင်းမဲ့နေ သည်မှာ အချိန်တော်တော်ကြာခဲ့ပြီထင်သည်။

 

ဟောင်းနွမ်းမှုတွေကို ပြန်လည် အစားထိုးဖို့ရာ အမေတယောက်ထဲ ပြင်ဆင်နေခဲ့သည်မှာ ကြာခဲ့ပြီ။ ပျက်စီး သွား သော အိမ်ထောင်တခုအတွက် မျှော်လင့်ချက်တချို့မှာ ရာဇ၀င်ထဲမှာ သာရှိနေလိမ့်မည်။ သဘာဝ အတိုင်း အရာ အချို့သည် တစစီပြန်ကောက်လို့မရအောင် ပျက်ဆီးပျောက်ဆုံး သွားခဲ့ပြီးဖြစ်သည်။ ထိုအထဲတွင် ဂုဏ်သိက္ခာတွေ လဲပါမည်၊ ငွေကြေးတွေ၊ လူမှုရေးတွေ၊ မိတ်ဆွေတွေ၊ အရာဝတ္ထုတွေ တော်တော်များ များ ပါဝင် လိမ့်မည်။ ထိုအထဲတွင် ကျွန်တော်တို့အိမ်ကလေးလဲ ပါသည်။ ခက်ခဲပြီး စိန်ခေါ်မှုတွေ ပြည့်နှက်နေသည့် လမ်း တခုပေါ် အမေနှင့် အဖေတို့ ကြောခိုင်းလျောက်ပြီးနောက် အမေတယောက်ထဲ ဘ၀ကိုကြိုးစားတည်ဆောက် ခဲ့သည်။ အဖေသည်တာဝန်မကြေသူဟု မပြောနိုင်လောက်အောင် ကျွန်တော်တို့အပေါ်တာဝန်ကျေ ခဲ့သော်လည်း ဖိစီးသည့် လောကဓံ အချို့သည် သူ့အားခွင့်လွှတ်နားလည်ပေးနိုင်စွမ်းမရှိခဲ့ပေ။ အရာရာ တာဝန် အားလုံး အမေ့အပေါ်ကျရောက်ခဲ့သော နေ့မှစကာ ကြပ်တည်းမှုတည်း ဟူသော ခံစားမှုကို ပြည့်ပြည့်၀၀ ခံစား ခဲ့ သည့်တိုင် အမေသည် သူ့အိမ်ကလေးကို ဘယ်တော့မှမစွန့်လွှတ်နိုင်ခဲ့၊ အလျှိုလျှို ရောင်းချသွားခဲ့ ကြသော အိမ်နီး ချင်းတို့ရှိသည့်တိုင် အမေသည် နာကျင်မှုများကို ကြိတ်မှိတ်ခါ ခေါင်းခါခဲ့သည်။ အိမ်ထောင်တခု ထူထောင်လိုက်တဲ့ ကျွန်တော်မရှိတော့တော့သည့်နောက် အိမ်ကလေးကပိုမိုချောက်သွေ့လာသည်။ ထိုအတွက် ပင်မက ကျွန်တော့် အတွက် ပေးနေရခဲ့သော စားရိတ် ၊ အရင်းအနှီး ၊ အကြွေးတွေကို ဆပ်ပေးဖို့ အိမ်ကလေး ကိုတပါးသူတယောက်ကို ငှားရမ်းလိုက်ကာ အနေအထိုင်ခက်ခဲ လှသည့် နေရာတခုမှာ အခြေချ နေလိုက်သေးသည်။ ကျွန်တော် ပိုက်ဆံလိုတိုင်း တိုက်တွန်းတတ်သည့် စကားတခုဖြစ်သည့် အိမ်ကလေး ကို ရောင်းချပေးလိုက်ဖို့ နားချသည့်အခါတိုင်း အမေက အလိမ္မာနှင့် ငြင်းကာ ပြေလည်အောင် ဖြေရှင်းတတ်သေးသည်။ သူနှစ်အချို့ကို ချို့တဲ့စွာ ဖြတ်သန်းရင်း အိမ်ကလေးကိုလက်ထဲ ပြန်ရောက်အောင် ပြန် လည်စွမ်းဆောင် ခဲ့သည်။ အခုတော့ ကျွန်တော်ကိုတိုင်က အသိုက်ကွဲ ငှက်တကောင်ဖြစ်နေပြီ၊ အမေရှိရာ အသိုက်ဆီသို့ ၊ အမေ့ရင်ခွင်သို့ ပြန်လည်နားခိုရန် ပြင်ဆင်ခဲ့သည်။ အမေသည် အချိန်တော်တော်ကြာမတွေ့ ဘဲ ရှိခဲ့သည်တိုင် နွေးထွေးစွာ လှမ်းကြိုနေဆဲ၊ ကျွန်တော် နှစ်သက်သည့် အပြင်အဆင်တို့ အိမ်ကလေးမှာ ပြန် လည်ပြင်ဆင်ရန် သူဆန္ဒစောနေသည်၊ မအောင်မြင်တဲ့ ကျွန်တော့် အိမ်ထောင်ရေးအတွက် အမေက မည်သည့် မှတ်ချက်မှ မပေးသည့်တိုင် သူကိုယ်တိုင် စိတ်မကောင်း ဖြစ်နေမှာ သေချာသည်။ သို့သော် အမေသည် သူ့ခွန် သူ့အားဖြင့် သားတို့နားခိုရာ အရိပ်အမြုံကို ပြန်လည်တည်ဆောက်ပြီးဖြစ်သည်။ သာယာသော်လည်း ငြိမ့်ညောင်းမှု မရှိသည့်တိုင် အမေသည် သူ့အိမ်ကလေးကို ရှိတာလေးနှင့်လှအောင်ပြင်ဆင်မည်ဖြစ်သည်။ ၁၀ ဂဏန်းကုန်ကျမယ့် ပြင်ဆင်မှု အစီအစဉ်ကို အမေက သူ့လက်က အလှဆင်ပစ္စည်း အချို့ဖြင့်အစားထိုး လဲလှည် လိမ့်မည်ဖြစ်သည်။ ကျွန်တော်သည် အမေ့အပေါ်တာဝန်ရှိသည် သို့သော်တာ ၀န်မကြေနိုင်သေး၊ သို့သော်လည်း အမေ့ အနေနှင့် မည်သို့မှဆိုမည်တော့မဟုတ်ပေ။ သူ့ဆန္ဒသည် ဒီအရိပ်အမြုံလေး ကိုပြန်လည် သာယာစေချင်သည်။ ကျရှုံးနေသော သူ့ယောကျားကို သူပြန်လည်ခေါ်ယူမည် ထို့နောက် သားသုံးယောက်နှင့် အမေနေချင်သည်။ ဆူဆူပူပူနှင့် ဖြစ်သော်လည်း သူ့အားသူကိုးသည့်အမေ တယောက် သူဖြစ်ချင်သည့် အရိပ် အမြုံကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီ။ မာကျောသော သူ့စိတ်ဓါတ်သည် နှလုံးသားမှာတော့ မမာကျောနိုင်တော့၊ အိမ်ကလေးသည် ရာနှုန်းပြည့် ပြန်မဖြစ်လာနိုင်တော့သည့်တိုင် သူ့ဆန္ဒသည် ရာနှုန်းပြည့် ပြန်ဖြစ်လာနိုင်ပါသည်။ ဒီအတွက် ကျွန်တော်တို့ ရိပ်မြုံလေးကို သာသာအောင်တည်ဆောင်ဖို့ရာ ကျွန်တော်ရင် မှာ တည်နေပါမည်။

တရက်တရက် ကော်နက်ရှင်လေးက မကောင်း( အခြားနေရာတွေကောင်းမယ်ထင်ပါတယ်- ကိုယ်ကရုံးကသုံးနေတာလေ)၊ စား ရေး သောက်ရေး လူမှုရေးလေတွေရုန်းကန်နဲ့ ပို့စ်တောင်ကောင်းကောင်းမတင်နိုင်ပါဘူး။ သို့ကလို အလုပ်လေးတွေ ဇယ်ဆက်နေရင်း (ဘိုင်ပြတ်နေလို့ အလုပ် တွေ လုပ်နေတာ ဟတ်ဟတ်) အလုပ်ထဲမှာ အာရုံတွေနှစ်မယ်ပေါ့လေ။ ခက်တာက အလုပ်က ဘာမှမရှိဘူး ၊ ဒါနဲ့ဘဲ ဘန်ကောက်ကနေ၀ယ်လာ တဲ့ PSP လေးနဲ့ အပျင်းဖြေမယ်အလုပ်( သွားစရာလဲ အာရကေမလန်းဘူးလေ) ဒီကောင်လေးက modified လုပ်ဖို့လိုတယ်တဲ့။ ၀ယ်လာကာ စကတည်းက နေ တိုးတက်လာတာဆိုလို့ အခု DVD တွေ ကူးထည့်လို့ရပြီ။ ဆော့ဝဲက တော့ အင်တာနက်ထဲက နေ အသေအလဲရှာထားတဲ့ အစမ်းသုံး ဆော့ဝဲလေးဘဲ PQdvd တဲ့။ ကောင်းတော့ကောင်းတယ်။ 700MB လောက်ကိုအဲဒီ ဆော့ဝဲလ် နဲ့ကိုင်ထည့်လိုက်တာ 100 MB တောင် မရှိတော့ဘူး။ ကောင်းလေစွတကား။ ဒါပေမယ့် Trail version ဖြစ်နေတော့ အပိုင်းလိုက်ကလေးတွေ ထွက်လာတယ်။ သို့ပေမယ့်လို့ တပေါင်း တည်း ကြည့်လို့ရတော့မဆိုးဘူးဆိုရမှာပေါ့လေ။ ပုံအတွက်လဲ အဲဒီလိုဘဲ အင်တာနက်ထဲကနေ ရှာလိုက်တာ တခုရတယ် သူလဲ Trail version ဆိုတော့ ကာလာနဲ့ထွက်မလာဘူး။ စတိုင်ပေါ့ ဘာရမလဲ ကို့ကိုယ်ကို အားပေးနေလိုက်တယ်။ မနေ့ကတော့ ကိုမျက်စေ့ကို အွန်လိုင်းမှာတွေ့ တာနဲ့ ကစားလို့မရသေးတဲ့ ISO ကို CSO နဲ့ အလုပ်ဖြစ်အောင် ရှာခိုင်း။ Need for speed လေး ဒေါင်းလုပ်ချခိုင်းနဲ့ နားပူနားဆာ လုပ်လိုက်သေး။ အင်းလေ အခုလဲ ဂိမ်းဆော့ချင်တော့ ရှာရဦးမယ်။ ဒါနဲ့ပြောရဦးမယ် အဲဒါနဲ့ ပတ်သက်လို့ သိနားလည်ရင် ပြောပါဦးဗျာ။ တိုင်ပတ် နေလို့။ ခွေအသစ်လဲမ၀ယ်နိုင်ပါဘူး။ ခွေအစစ်က တခွေ ခြောက်သောင်းဆိုလား။ ကော်ပီဂိမ်းလေးတွေ ဒီစက်ထဲမှာ အလုပ်ဖြစ်စေဖို့ ပြောနော် သိရင်။ ပို့အသစ်ကောင်းကောင်းလေး ရေးချင်နေတာ။ ဦးလေး ( ကိုမိုးလှိုင်ည ) က  တက်လော့ဟုန်း ကို စာအုပ်ထုတ် မှာမို့ နောက် စီးရီးတွေ ဆက်ရေးထား ပါ အသင့်ရှိပါစေလို့ ပြောလာလို့ ကိုယ့်လူများတော့ မကြာခင် သူတော်လိမ် ကိုဖတ်ရဦးမယ် ထင်ပါ့။ ကဲဗျာ လောလော ဆည်တော့ ဒါလေး ပြောရတာ နဲ့ဘဲ တော်ပြီထင်ပါတယ်။ ကျွန်တော် လဲ ရှာလိုက်ဦးမယ်ဗျာ စမ်းတ၀ါးဝါးနဲ့ ။
ကျွန်တော့်ရဲ့ တနှစ်ကျော်ကြာအောင် အားမှရေးတတ်တဲ့ တက်လော့ဟုန်းနဲ့ဝယ်လဆင်ပွတ် ဇတ်လမ်းတွဲတွေရဲ့ ပထမဆုံး ဇတ်လမ်းကြီးတခုကို အောင်မြင်စွာ ရေးသားပြီးစီးပါပြီ။ တွေ့တိုင်းမေးနေကြတဲ့ ကျွန်တော့ ရဲ့ပေါက်တက်ကရ အတွေးနဲ့ အရေးများကို စိတ်ရှည်စွာ စောင့်ဖတ်တဲ့ မိတ်ဆွေတွေကို ကျေးဇူးတင် ပါတယ်။ ဒါကြောင့် တပေါင်းတစီးထဲ ဖတ်လို့ရအောင် နောက်ဆုံးပို့အပါအ၀င်တခါထဲ စုပေးလိုက်ပါတယ်။ မဟတ္တမ ဂန်ပြာ ပုံကိုတော့ ဒီလင့်မှာ ကြည့်ပါ။

အခုပေးတဲ့ လင့်ကတော့ တက်လော့ဟုန်းနှင့် ညက်လီဆင်း အမှုအစ အဆုံးဖြစ်ပါတယ်။

 

အကို ဆောင်းဦးလှိုင်ရှိလား

ဟင့်အင်း မရှိဘူး - စောင်းဦးဘသန်းဘဲ ရှိတယ်။

ဘာရယ်

စောင်းတီးတဲ့ ဦးဘသန်းလေ

အာ- တော်ပြီ အဲဒါပြောတာမဟုတ်ဘူး။

ခက်တာဘဲ ဘယ်လိုလူတွေလဲ ဂီတအကြောင်းဘာမှမသိဘဲ ခွေလာဝယ်နေသေးတယ်။

ဆိုင်ရှင်က မကြေမနက်ဖြင့် ပြောနေသဖြင့် သူထွက်လာလိုက်တော့သည်။ နာရီကိုကြည့်လိုက်တော့ အင်တာဗျူးတော့မယ့် အချိန်က နီးနေပြီ။ မြန်မြန်ရွှေ့မှရမည်။

 

လူတွေ တသီတန်း ထိုင်တဲ့သူကထိုင် ထတဲ့သူကထ ဟိုကြည့်ဒီကြည့်အကြည့်တွေနှင့် စုနေသည့် အလုပ်လျှောက်အင်တာ ဗျူးရှိရာသို့ ရောက်သွားသည်။

ကိုယ့်အလှည့်ရောက်ဖို့ တော်တော်စောင့်ရမယ်ထင်သည်နှင့် ထိုင်စရာနေရာလိုက်ရှာလိုက်သေးသည်။ မတွေ့၊ ဒါနှင့် မတ်တပ် ရပ်နေရင်း တောင်တောင် အီအီတွေးနေလိုက်မိသည်။ ဘယ်လောက်ကြာသွားသည်တော့မသိ ခြေတွေလဲ တော်တော်ညောင်းလာပြီ။

ကိုဝင်းခေါင် - ကိုဝင်းခေါင်ရှိလား

အမည်ခေါ်သံကြားမိသဖြင့် ခေါ်သည့်နားသို့ ရောက်အောင်သွားလိုက်သည်။ အပေါက်ဝရောက်တော့ နာမည်ခေါ်တဲ့သူက လက်ထဲမှာ ကိုင် ထားတဲ့ စာရွက်ရှည်ရှည်ကို ငုံကြည့်ရင်း နာမည်တခုထပ်အော်သည်။

မပြာတာ - မပြာတာရှိလား

ဟုတ်-ရှိပါတယ်

ရှိရင်ဝင်

သူ့ဘေးနားက တိုးဝှေ့ဝင်ရောက်သွားသည်။

သူလဲလိုက်ဝင်ဖို့လုပ်တော့

အပေါက်က နာမည်ခေါ်သည့် ပိန်ညှောင်ညှောင် ငနဲက အတင်းပိတ်ဖို့ကြိုးစားသည်။

ဘာလုပ်တာလဲဗျ - ကျွန်တော်က ၀င်းခေါင်လေ ၀င်မယ်

အိုး - အခုမှ ၀င်လို့မရတော့ဘူးလေ- နာမည်ခေါ်တုံးက ကိုယ့်လူက ထူးမှမထူးတာ

ကိုယ့်လူတွေ သူ့လူတွေမလုပ်ပါနဲ့ဗျ- ကျွန်တော်ဝင်းခေါင်အစစ်ပါ - ပေးဝင်ပါ

ဟိုတယောက် ဗျူးနေတယ်လေဗျာ- ပြီးမှဝင်တော့ - ခေါ်တုံးကတော့ မသိချင်ဟန်ဆောင်နေပြီး ခုမှ

ငပိန်ကောင်က မဲ့ကာရွဲ့ကာနဲ့ပြောနေရာ

ဒီမယ် ကိုပိန် - ခင်ဗျားပေးမ၀င်လဲ ကိုယ့်ဟာကိုဝင်လို့ရတယ်ဟုဆိုကာ ထွက်သွားလေ၏။

သွားသွား ရအောင်ဝင်ဗျာ ဟု စောင့်ကြီး အောင့်ကြီးနှင့်

အပေါက်စောင့် ပိန်ပိန်ကပြောလေပြီ့း မေးငေါ့ရင်း လက်ထဲက စာရွက်ကြီးကို သဲကြီးမဲကြီး ပြန်ဖတ်နေလေသည်။

ခဏလေးအကြာတွင်တော့ အခန်းထဲက ဆူဆူညံညံတွေနှင့်အတူ မောင်ပိန်အား အခန်းထဲက လှမ်းခေါ်လေသည်။

မောင်ပိန်ရောက်တော့ ကိုဝင်းခေါင်က စားပွဲရှေ့မှာ အခန့်သားထိုင်လို့ ၊ ဒူးကလေးကလဲ တနံ့နံ့

မန်နေဂျာက မောင်ပိန်အားစွတ်ကောတော့၏

မင်း ဘယ်လို ကောင်တွေလွှတ်နေတာလဲ

ဗျာ - ကျွန်တော်ဘာလုပ်လို့လဲ

ဘာလုပ်ရမလဲကွ ဟိုဘက်က ကောင်က ဘေးပြတင်းပေါက်ကနေ အတင်းကျော်ခွဝင်လာတယ်ကွ- မင်းလွှတ်တာတဲ့

မလွှတ်ပါဘူးဗျာ -သူ့ဟာသူထွက်သွားတာ - ဟေ့လူ ပြောလေဗျာ မဟုတ်တရုတ်တွေ မလုပ်နဲ့

မခိုးမခန့်နှင့် ကိုဝင်းခေါင်က တော့ပြန်ပြောရှာသည်

ဒီမယ် အပေါက်စောင့်ကိုပိန် - ခင်ဗျားဘဲ ၀င်လို့ရရင် ၀င်ဆို

ဘာဗျ အဲဒါ တမင်ပြောတာ တကယ်လုပ်ရလား

လုပ်ချင်လို့လုပ်တာမဟုတ်ဘူးဗျ - အခုမှ အလုပ်လာလျှောက်တဲ့ သူတွေကို ခင်ဗျားတို့ ဆက်ဆံပုံမကြိုက်လို့ လုပ်ပြလိုက်တာ ငှက်ငှက် -

မေးကလေး ပွတ်ရင်းပြောနေသော ကိုဝင်းခေါင်၏ စတိုင်ကို မန်နေဂျာ က သဘောကျသည့် ပုံဖြင့်

ကဲ - ဟေ့ကောင် မင်းသွားတော့ - နောက်လူတွေ ကောင်းကောင်းဆက်ဆံပါကွ၊ ဒါမှတို့ လုပ်ငန်း ကသိက္ခာ ရှိမှာပေါ့။ ကဲ ဒီဘက်က မောင်ရင်လဲ ခဏလေး စောင့်- ကိုက ဒီကလေးမကို ဆက်မေးစရာရှိနေသေးလို့

မောင်ရင်မဟုတ်ပါဘူး ဗျ ၀င်းခေါင်ပါ၊

ကောင်းပါပြီ ၀င်းခေါင်ရယ်-

 

မောင်ပိန်လဲ ပြန်ထွက်သွားသည်။ တောင်စဉ်ရေမရ စကားတွေကို မေးနေသည့် မန်နေဂျာကို ကြည့်ရင်း ၀င်းခေါင် တယောက် ငြိမ်နေလိုက်သည်။

တီးတိုးကြားနေသော အသံတချို့ကို နားစွင့်နေလိုက်မိသည်။

ညီမလေးက တော်တော်ချောတာဘဲ ဟတ် ဟတ် - ဧည့်ကြိုမလုပ်နဲ့ အကိုကြီးရဲ့ ကိုရေးအရာရှိလုပ်ပါလား

အို - ညီမက ဒီလောက်တော်ပါ့မလား အိအိအက်

ဟင်း - ရီသံက လဲ တအီအီနဲ့ တဟီဟီဖြစ်နေတယ်။ တယောက်ထဲ စိတ်ထဲမှာ ရေရွက်ရင်း မနာလိုဖြစ်လာသည်။

ဒါနဲ့ အကိုကြီးတို့ ကုမ္ပဏီက သန့်ရှင်းရေး ဦးစားပေးတယ်လေ၊ မှန်းစမ်း ညီမလက်ကလေး။

ကောင်မလေးက လက်ကို လှမ်းပေးမည်အလုပ်

 

အောင်မလေး ဗျာ၊

အထိတ်တလန့်နှင့် ကိုဝင်းခေါင် ထအော်လိုက်သဖြင့် မန်နေဂျာ အသားတွေ ဆက်ဆက်တုန်အောင် လန့်သွားသည်။

 

အောင်မငီး - ဟဲ့ - ဘယ်လိုဖြစ်တာလဲဗျ

ဒီကောင်ပေါ့ဗျာ ဘယ်နှယ့် ကရင်နီကောင်တွေထင်တယ်ဗျ ကိုက်လိုက်တာ လန့်သွားတာဘဲ

ဟာဗျာ ပုရွက်ဆိတ်ကိုက်တာ ဒီလောက်အော်ရလား တကယ်ထဲ

ဟုတ်ပါဘူး - အကိုကြီး အင်တာဗျူး ကို စိတ်ဝင်စားနေတုန်း ဗြုန်း ဆိုကိုက်လိုက် တော့ လန့်သွားတာ အဟတ်

 

ကိုဝင်းခေါင်ပြောတဲ့စကားကြောင့် ကောင်မလေး ကထပြေးလေ၏။ မန်နေဂျာက တော့ ရှုးရှုးရှားရှား ဖြစ်ကာ ကျန်ရစ်လေပြီ

ကဲ - မောင်ဝင်းခေါင်  မင်းကို တကယ်ဗျူးပြီ ငါမေးတာတွေ ကိုသေသေချာချာ မဖြေနိုင်လို့ကတော့ ဘာအလုပ်မှ မရဘူးမှတ်

မန်နေဂျာက ကြိမ်းဝါးသည်။ မောင်ဝင်းခေါင်ကတော့ နဲနဲလေးမှမဖြုံ- မင်းသိင်္ခ၀တ္ထုတွေထဲက ဆားပုလင်း နှင်း မောင် နီးနီး မခိုးမခန့် ပြုံးလိုက်သေးကာ မန်နေဂျာရှေ့က စားပွဲဆီသို့ ၀င်ထိုင်လိုက်သည်။

မေးဗျာ - ပေါက်ကရ

မန်နေဂျာက ရှုတင်းတင်းကြည့်ရင်း သူ့ ကိုယ်ရေးအချက် အလက်တွေကိုလှန်လှောကြည့် ရင်း

မင်းအရင်ကဘာလုပ်လဲ

အရင်အလုပ်ဘဲလုပ်တယ်လေ

အေးလေ အရင်အလုပ်က ဘာလုပ်တာလဲ

ဘာမှမလုပ်ပါဘူး

အော်- ဂလိုလား- အလုပ်ရောလျောက်ဘူးလား

လျောက်ဘူးသမှသိပ်သိပ်လျောက်

ဒါဆို ဘာလို့အလုပ်မရတာလဲ မင်းအရည်အချင်းကကောင်းလျက်နဲ့ အတွေ့အကြုံကြောင့်လား

အတွေ့အကြုံက များပါတယ်

ဒါဆိုပြောစမ်း အတွေ့အကြုံ

အင်တာဗျူး အတွေ့အကြုံ ၂၀၀

ဘာ -

မန်နေဂျာ တလုံးထဲ သာဟစ်နိုင်သည်

မင်းဈေးရောင်းတတ်လား

ရောင်းတတ်တာပေါ့ - ဘယ်ဈေးရောင်းပေးရမလဲ မင်္ဂလာဈေးလား- စံပြဈေးလား -

အလုပ်မှန်မှန်တတ်နိုင်မှာလား

အလုပ်မှန်မှန်တတ်တာထက် အလုပ်မှန်မှန်ဖွင့်ဖို့လိုမယ်လေ

လူမှု့ဆက်ဆံရေး ပြေပြစ်အောင် ဆက်ဆံနိုင်ပါ့မလား

ဘာဗျ - ခင်ဗျားက ကျုပ်ကို အရိုင်းအစိုင်းမှတ်နေလား

ဘုန်း -- - - - -

စားပွဲကိုထုရင်း ကြိမ်းဝါးလိုက်၏

နေပါဦး ကိုယ့်လူရယ် စိတ်ရှည်ရှည်ထားပါ- ရည်မှန်းချက်ကလေး များမရှိဘူးလား

ရှိတာပေါ့

ဒါဆို အခု ဘာအလုပ်လာလျောက်နေတာရောသိလား

ခင်ဗျားကရော ဘာအလုပ်ပေးနိုင်မှာမို့လဲ- ကျုပ်က သူဌေးလာလျောက်တာ

ဘာရယ်- ဒီငတိတော့နာတော့မယ် ဟင်းဟင်း - ဂျာကြီးကွ ဂျာကြီး မင်းကိုမှတ်လောက်အောင် ဆုံးမလိုက်ဦးမယ်။ စိတ်ထဲကရေရွက်ရင်း တကိုယ်ထဲ ကြိမ်းနေသည်။

ကောင်းပါပြီ- မင်းက အင်တာဗျူး ၂၀၀ တောင် ရှိပြီဆိုပြီးအလုပ်မရဘူး လျောက်တဲ့အလုပ်ကလဲ ကြောင်တောင်တောင်တွေ

ဘာကြောင်ရမှာလဲ ဗျ၊ အနည်းဆုံး ခင်ဗျားထက်သာတဲ့အလုပ်တခုမှ မရရင် မပြန်ဘူးလို့ ရည်မှန်းထားတာ

ကောင်းပါပြီကွာ- မင်းအရည်အချင်းကို ထပ်ကြည့်တာပေါ့ - မင်းရဲ့ အထူးခြားဆုံးအရည်အခြင်းက ဘာလဲ

တကယ်ပြောရမှာလား

ပြောပါကွ ပွင့်ပွင့်လင်းလင်းပေါ့

ကျုပ် အလုပ်လျောက်ရင်း ပြုတ်သွားတဲ့ မန်နေဂျာတွေမနည်းဘူးဗျ - ခင်ဗျားရော ပါချင်တယ်ထင်တယ်။

အန် - ငါက ဘာလုပ်လို့လဲ

ဘာလုပ်လုပ်ဗျာ - ကျူပ်ရဲ့ အကောင်းဆုံးအရည်အရည်အချင်းက အတို့အထောင်ကောင်းတယ်။ ခင်ဗျား ကျုပ်ကို ရိတိတိလုပ်ရင် ကျုပ်က လျောက်တိုင်ပစ်မှာ - ဥပမာ ခုဏက ဗျူးရင်းနဲ့ ကောင်မလေး ကို ရိသဲ့ သဲ့ လုပ်တဲ့ ဟာမျိုး၊

ဟမ်- မလုပ်နဲ့လေ - မောင်ဝင်းခေါင်ရယ် - နေပါဦး မင်းအတွက်အလုပ်တခုခုတော့ ရှိမှာပါ

ဟား ဟား ဟား - သိပ်သေချာတာပေါ့ ဗျ - ကျုပ်လို တော်တဲ့ တက်တဲ့ သူတယောက်အတွက် အလုပ်တခု ရှိနေမှာပါ။

မင်းက ဘွဲ့ရထားပြီးပြီနော်-

ဒါပေါ့

ဘာဘွဲ့ပါလိမ့် - ပြောရင်းနဲ့ ပရိုဖိုင်ကို ပြန်လှန်ကြည့်မယ်အလုပ်

ဓာတုဗေဒနဲ့ ကျောင်းပြီးထားတာဗျ- ကျောင်းပြီးပြီးခြင်း အအေးဆိုင်ဖွင့်တယ်လေ။ သကြားရေထဲ အရောင် မှုန့်တွေထည့်တယ်၊ အနံ့ထည့်တယ်။ နို့ဆီ အတုလုပ်တတ်တယ်။ ရေခဲသုတ်ကို သတ်သတ် လွတ် သုတ် တတ်တယ် - ဟဲဟဲ ကျောင်းက သင်ပေးလိုက်တာ

ဟုတ်လား - ကျောင်းက ဒါတွေသင်သလား

အင်းလေ - ကျောင်းထဲက ရောင်းတဲ့ အအေးဆိုင်မှာ သင်ထားတာ

ရေခဲရေကြီးဘဲ ၅ မျိုးလုပ်တတ်တယ်

အော်- တော်တော် ကောင်းတဲ့နည်းပညာတွေဘဲ မင်း မကြာခင်သူဌေးဖြစ်နိုင်တယ်။

ငါတို့အလုပ်က ၀န်ဆောင်မှုလုပ်တာကွ မင်းပုံနဲ့ဖြစ်ပါ့မလား။

ဟာ - ဟုတ်လား - ကျွန်တော် လာသာလျောက်တာ ခင်ဗျားတို့ဘာအလုပ်လုပ်မှန်းမသိသေးဘူး ပြောပါဦး

မန်နေဂျာ ခေါင်းကုတ်ရင်း ငါတို့ကကျောင်းလျောက်တဲ့ အလုပ်တွေကို ၀န်ဆောင်မှုပေးတာလေ

ဘာကျောင်းလဲ - ကျောင်းလျောက်တာများဗျာ ရေးကြီးခွင်ကျယ်လုပ်လို့- ကလေးမိဘတွေ မအားလို့လား

ပြောရင်းဆိုရင်း ဆေးလိပ်တလိပ်လောက်တိုက်ပါလားဗျာ ပြောရတာခံတွင်းချဉ်လာလို့

ဘာကွ - ဆေးလိပ်မသောက်ရဘူးလေ-

ခင်ဗျားတို့ဘဲ တိုဘက်ကို ဖရီးဆို ပြီး ရေးထားပြီးတော့ - ပေးဆေးလိပ်- အပြောနဲ့အလုပ်နဲ့ကိုမညီဘူး

မန်နေဂျာ စိတ်တွေညစ်လာပြီ- အပေါက်ဝကလဲ မောင်ပိန်က ရစ်သီရစ်သီလုပ်ပြနေပြီ နောက်လူတွေ စောင့်နေတာအများကြီးရှိနေသည်။

ထိုစဉ် မောင်ပိန်က အခန်းထဲဝင်လာရင်းပြောသည်။

ဆရာ - သူဌေးက ဖုံးဆက်နေတယ် ဗျုးတာတွေမပြီးသေးဘူးလားတဲ့ သူလာရင် အပြီးလုပ်ထားပါတဲ့

မန်နေဂျာ ညစ်သွားသည်။ မောင်ဝင်းခေါင်ကိုလဲ ဘယ်လို လုပ်ရမယ်မသိ

မောင်ဝင်းခေါင် - မင်းပြန်လို့ရပြီ

မပြန်ပါဘူးဗျာ - ခင်ဗျားမေးတာ ပြီးမှမပြီးသေးတာ

ပြီးပါပြီ - ငါမေးချင်တာ ဒါပါဘဲ

တကယ်လားဗျ- ပြောလို့ကောင်းလို့ ဆက်ပြောချင်သေးလို့ပါ

မပြောပါနဲ့တော့ကွာ

အင်းလေ-  ဒါဆိုလဲသွားတော့မယ် ဒါနဲ့ သူဌေးဖုံးလေးတချက်လောက်ပေးပါလား

ဘာလုပ်ဖို့လဲ

ကျွန်တော် အတို့အထောင်လုပ်မလို့ဗျ။ - - - - -

 

အချိန်ကတော့ အချိန်ကောင်းဘဲ။ ဟဲဟဲ ရာသီဥတုကတော့ အားကစားသမားကြိုက်မကြိုက်မသိဘူး ငါတော့ ကြိုက်တယ်ကွ။
ညနေ ၆ နာရီလောက်ဆို လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း ပြောတတ်လေ့ရှိသည့် ဖိတ်ခေါ်ဖလား အတွက် စကား တွေ စနေပြီ။ နေ့စဉ်ဆိုသလို ဟိုသွား မော့လိုက်၊ ဒီသွားသောက်လိုက်နှင့် ညညဆိုမူးနေတတ်သည့် ရောဂါ၊ ဆေးခန်းသွားလဲမသက်သာ ဘူးဟေ့ ဟုဆိုကာ ဇော်ဝင်းထွဋ် လိုဟစ်လိုက်ချင်သည်။

အေးကွာ ဒါဆိုလဲ သွားရအောင်၊ မင်းက ဒီနေ့ဘယ်မှာ ဆော်ချင်လဲ၊
အင်း - - - စဉ်းစားစမ်း- - - ဟုတ်ပြီ နားသောတလေးဆင်ရင်းသောက်တာပေါ့ကွာ၊ ငါတို့ spot bar သွားရအောင်၊
အဲဒီတုံးကတော့ ဗိုလ်တထောင် ဘုရားနားက နာမည်ကြီးလှသည့်ဆိုင်ဆိုရင်သူဘဲ ရှိသည်မဟုတ်လား။


ပြောဆိုနေရင်း ၆ နာရီက ခွဲတော့မည်။ ၅၀ ကားတစ်စီး က တဖက်ကားလမ်းမှာ ဆိုက်လာသည်နှင့် အပြေးအလွှားလေး ကားပေါ်ကို တက်လိုက်သွားကြတော့လေသည်။
၇ - နာရီဆို စင်တင်တေးဂီကစပြီ၊ ရောက်ရောက်ခြင်း ၀ီစကီတပြား၊ ရေခဲ၊ ရေသန့်နဲ့ ကန်စွန်းပလိန်း၊ အကင်နဲနဲလောက်မှာလိုက်သည်။
သောက်လိုက်စားလိုက်၊ စကားလေးပြောလိုက်နှင့် ၉ နာရီထိုးတော့မည်။ ကောင်မလေးတွေကိုကြည့်ရတာလဲ အာရုံမလာ၊ မူးလဲမူးချင်လာ ပြီ၊ ဒါနဲ့ နောက်ဘာဆက်လုပ်ရင်ကောင်းလဲ စဉ်းစားတော့ ပတ်ချင်နဲ့နဲနဲလောက် ဆက်ချလိုက်မယ်တဲ့။ ဒီအကောင် တယ်ရှည်တာကိုး၊ သူ့ဆိုင်ကို ၉နာရီသွားပိတ်ရမှာကိုလဲ မပြန်သေးဘဲ ဆက်မိုက်နေကြမိသည်။ ခဏ အကြာတော့ ၀ိုင်းရှင်းရင်း ဆိုင်ထဲက ထထွက်လာမိသည်။ ဇူလိုင်လမို့ မိုးလေးကလဲတဖွဲဖွဲ။
ဆိုက်ကားတစီးငှားစီးရင်း အိမ်ကိုပြန်ကြသည်။ ဗိုက်ကလဲဆာသမို့ လမ်း၅၀ ရဲစခန်းဘေးက ထမင်းကြော်ဝင်လွေးရင်ကောင်းမလား စဉ်းစားမိတာနှင့်
အေ့- - - ဟေ့လူ လမ်း ၅၀ ဘက်မောင်းဟု ဆိုက်ကားသမားကို ပြောမိလိုက်သေးသည်။
မကြာလိုက် လမ်း၅၀ ရောက်လာရော -
နေဦးကွာ ငါတို့ အဉ္ဖလီမှာ ထပ်သောက်ရင်ကောင်းမယ်။ အဲဒီမှာ ကောင်မလေးတွေလမ်းတယ်
သူငယ်ချင်းက ပြောအလာမှာ ကိုကလဲ မနေနိုင် မထိုင်နိုင်- ကောင်းတာဘဲ သွားကြမယ်လေ။ ဒါနဲ့မင်းမှာ အာရကေ ဘယ်လောက်ကျန်သေးလဲ။
အင်း - - အေ့- ရှိပါသေးတယ်သွားမှာသာသွားပါ။
ဆိုင်နားရောက်တော့ ရွှေရောင်တ၀င်းဝင်းနှင့် မိုးဖွဲလေးကြားမှာ လင်းထိန်နေသည့် ရွှေဘုန်းပွင့်ဘုရားကို မြင်နေရသည်။ မူးသာ မူးသည် ဘုရားတရားတော့မမေ့ နှစ်ယောက်သားဦးခိုက်ရင်း ဆိုင်ထဲဝင်လာမိသည်။
ဒုံတပ် ဒုံတပ်နှင့် ဆူနေသည့် ဆိုင်ထဲတွင် ကောင်မလေးတွေ တသည်တတန်း သီချင်းဆိုနေတာ မြင်ရသည်။ လွတ်နေသည့် စားပွဲတနေ ရာမှာ ထိုင်ရင်း ဘီယာ ၁ဂျားမှာ သောက်ကြသည်။ အကင်လေးတွေ အာလူးချောင်းလေးတွေနှင့် ကောင်းလေစွ။
သောက်ရင်းသောက်ရင်း ဘီယာ ၄ ဂျားကျသွားသည် ။ ကောင်မလေးတွေလဲ ၂ ကိုယ်ခွဲနေပြီ။ ဆိုင်ကလဲ ပိတ်တော့မည်။
အီးယား- မူးတယ်ကွာ မင်းမမူးသေးဘူးလား။ ပြန်ရအောင်
အင်း- ပြန်မယ်လေ၊ ငါလဲ နောက်ကျနေရင် အဖိုးကြီးဆဲလိမ့်မယ်။
ဒါဆိုလဲသွားမယ်လေ၊
နှစ်ယောက်သား တယောက်လည်ပင်းတယောက်ဖက်ရင်း ပုဇွန်တောင် ဈေးဘက်သို့လျောက်လာကြသည်။ ရေကျော်လမ်းမရောက်ခင် နာမည်ကျော ကာဆင်ဘိုင်ကြက်သားသုတ် ဆိုင် နားက ညလုံးပေါက်ဖွင့်သည့် ခေါင်းလျော်ဆိုင်အနီးသို့ရောက်လာရင်း ဘာရယ်ကြောင့်မသိ နှစ်ယောက်သား အတိုင်အဖောက်ညီညီ ၀င်သွားလိုက်ကြသည်။
ကျွန်တော်တို့ခေါင်းလျော်မလို့ ရသေးလား
ရပါတယ်။ သိပ်တော့မကြာတော့နဲ့နော် ဆိုင်ပိတ်တော့မှာ
ဟိုကောင်က အလိုက်မသိစွာနှင့်
ရပါတယ် တရေးနှစ်ရေးပါ
ကောင်မလေးတွေမျက်လုံးပြူးသွားသည်။
ကဲကဲ - ကြာတယ်ကွာ မြန်မြန်လုပ်
ထိုအခါ မပြောမဆိုနှင့် ဒီကောင် ဆိုင်နောက်သို့ အပြေးဝင်သွားသည်။ ဘာမှန်းမသိတော့ စိတ်ပူတာနှင့် လိုက်သွားမိရာ အိမ်သာထဲ မှာ တဝေါဝေါနှင့် ထိုးအန်နေသည်။
ကဲ ငါမပြောဘူးလားမင်းကို - သောက်ရမ်းတွေ မသောက်ပါနဲ့ဆို
ဆရာဝင်လုပ်ရင်း ကျောကို နှိပ်နေပေးလိုက်သည်။
ပြီးနောက် နှစ်ယောက်သား ခေါင်းလျော်နေရင်း
အစ်- အ - အော့ - ဝေါ့
ဗြဲဗြဲ နှင့် ထိုးအန်ပြန်သည်။ အန်စရာ နေရာကို ထမရှာနိုင် ခေါင်းလျော်နေရင်း ဘေးဘက်ကို စောင်းအန်လိုက်သောကြောင့် ကောင်မလေး တွေ ထွက်ပြေးကုန်သည်။
ဒီတခါ အန်တာ ဟိုကောင်မဟုတ် ကျွန်တော်သာတည်း။
ဟတ် ဟတ် ဟတ်
မင်းက ငါ့သာလာပြောတယ်မင်းကျတော့ မအန်တာ ကျနေတာဘဲ၊
ငါးခူပြုံး ပြုံးပြီးပြောနေသလာတော့မသိ ကိုယ့် ဟာကိုယ်တောင် မှုန်ဝါးဝါးနှင့် မနဲ နှာနှပ်နေရသည်။
တဆိုင်လုံးလဲ ပွထ ကုန်သည်။ ကောင်မလေးတွေ ယူလာသော အမှိုက်ပုံး အချိန်မှီရောက်လာလို့သာ ၊ မဟုတ်ရင် မလွယ်။
အချိန်တန်တော့ ခေါင်းလျော်တာက ပြီးသွားပြီ။ ဆိုင်ရှေ့က မှန်ရှေ့မှာ လူလူ သူသူ ဖြစ်မလားလို့ ပြင်ဆင်နေလိုက်သေးသည်။
ဆိုးတော့မဆိုးဘူးထင်တာနှင့် ထွက်လာကြသည်။
လမ်းကူးတော့လဲ တယောက်ကို တယောက်လည်ပင်းဖက်လို့။ ကောင်မလေးတွေကတော့ ဆိုင်ရှေ့ကနေ လှမ်းကြည့်နေကြဆဲ။
ဒီကောင်မလေးတွေ ဘာလို့ကြည့်နေပါလိမ့်စဉ်းစားရင်း ပိုက်ဆံ မရှင်းခဲ့တာသတိရမိသည်။ ရှိစေတော့ နောက်နေ့မှ သွားရှင်းတော့မယ် ဟု ဆုံးဖြတ်နေတုန်း ဟိုကောင်က ခလုတ်တိုက်ကာ လဲမလို ဖြစ်သွား။ ကိုယ်က လှမ်းဆွဲ အနှိမ့်အမြင့်မညီသော ပလတ်ဖောင်းအောက် က သစ်သီးချင်းတွေကြားသို့ နှစ်ယောက်သားတလိမ့်ကောက်ကွေး ပြုတ်ကျသွားသည်။ တော်တော်နှင့် မထနိုင်တော့။
အတော်လေးကြာမှ ထနိုင်ကြသည်။ ထသည်နှင့် လမ်းမှာတွေ့သည့် ရေပိုက်တခုကို အားရပါးရဖြုတ်ရင်း တရဟော ထွက်လာသည့် ရေ တွေကို သင်္ကြန်ကျပစ်လိုက်တော့သည်။
အဲဒီနောက် အိမ်ပြန်ရောက်သည်ထင်ပါသည်။
လွန်ခဲ့သော ၁၀ နှစ်က ဖြစ်ပါသည်။





ကျွန်တော် ဒီကနေ့ ရက်စွဲနဲ့ DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ ဘလောက်နည်းပညာဟော ပြောပွဲ အစိုးရက ပိတ်ပင် ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့ အချက်အလက်တွေကို ပြောချင်ပါတယ်။ အခုပြောတဲ့သတင်းကို ကျွန်တော့် သူငယ်ချင်း ပင့်ကူကနေ ကြားသိလာတာဖြစ်ပြီး ကိုဖိုးသူတော်ကို ပြောရက ကျွန်တော်သိခဲ့တာဖြစ်ပါတယ်။ အဲဒီသတင်းကို ဖတ်ကြည့်တဲ့ အခါမှာ အချက်အလက်တွေ မှားယွင်းနေတဲ့ အပြင် ကျွန်တော်တို့ပွဲစီစဉ်သူတဦးဦးက ပြောကြားထားတဲ့ ပုံစံမျိုးလဲပေါက်နေတာတွေ့ရပါတယ်။

တကယ်တော့ အခုနှစ်ပွဲကို ကျွန်တော်တို့နဲ့အတူ မြန်မာနိုင်ငံကွန်ပျုတာ ပညာရှင်အသင်းနဲ့ ပူးတွဲ တင်ဆက်ဖို့နဲ့ အသေအခြာပြောရရင် အဲဒီအသင်းရဲ့ အောက်ကနေ ကျွန်တော်တို့ ပြုလုပ် ဖို့စီစဉ် ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဘလောက်တွေကို အများက နိုင်ငံရေးအသုံးချပစ္စည်းတခု အဖြစ်ဘဲ မြင်နေတာရယ်၊ အများက ဘလောက်ဂါဆိုရင် ဒီလိုချည်းဘဲ ဆိုတဲ့ အမြင်တွေကို ခွာချ ပြီး အင်တာ နက်ပေါ်က နည်းပညာတွေနဲ့ ကျွန်တော်တို့ အတွေ့အကြုံတွေ ၊ အခွင့်အလမ်းတွေကို ပြောပြပေးချင်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတော်အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်သလို ကျွန်တော်တို့ အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံ ကွန်ပျုတာ ပညာရှင်များအသင်း ကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ အစဦးပိုင်းမှာ သဘောတူညီမှုတွေရခဲ့ ပေမယ့် နောက်ပိုင်းမှာ ကျွန်တော်တို့ ဟာ ကွန်ပျူတာ ပညာရှင်များမဟုတ်တဲ့အတွက် အခု ပွဲကို ဦးဆောင်ပေးဖို့ရာမဖြစ်နိုင်တော့တဲ့ အကြောင်း ပြောခဲ့တာကြောင့် တူတူမလုပ်နိုင်တော့တာဖြစ်ပြီး။ သူတို့ ဦးဆောင်မှုမပါ ဘဲ ကျွန်တော်တို့ ကိုယ်တိုင် ဆက်လက် ပြုလုပ်နိုင်တဲ့ အကြောင်းလဲ သိရပါတယ်။ ဒါပေမယ့် နီးကပ်နေတဲ့ အချိန်၊ စီစဉ်စရာအများအပြားနဲ့ အခြားသော မလိုလားအပ်တဲ့ ပြသနာများ ပေါ်ပေါက်မှာ စိုးရိမ် တဲ့အတွက်ကြောင့် ဆက်မလုပ်ဖို့ရာ ကျွန်တော်တို့ပွဲစီစဉ်သူများက ဆုံးဖြတ်လိုက်တဲ့အတွက် မလုပ်ဖြစ်တော့တာလဲဖြစ်ပါတယ်။ လုံးလုံးလျားလျား ပိတ်ပင်တယ်ဆိုတဲ့ ဖိအားပေးမှုများ ကျွန်တော်တို့ အပေါ်ကို မကျရောက်ခဲ့ပါဘူး။ကျွန်တော်တို့ ရည်ရွယ်ချက်က ရိုးသားပါတယ်၊ သူတပါး အသုံးချခံမဖြစ်ချင်ပါဘူုး။

ပြုလုပ်မဲ့နေရာကလဲ မြန်မာအင်ဖိုတက်အဆောက်အဦးသာဖြစ်ပြီး မနှစ်ကပွဲမှာလဲ အားပေးလေ့လာသူ ၆၀၀ ကျော်တက်ရောက်ခဲ့တဲ့ အောင်မြင်တဲ့ ပွဲတခုဖြစ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့ ပွဲနဲ့အခုပွဲရဲ့ အဓိက ဦးတည်ချက်ကတော့ ကျွန်တော်တို့အနေနဲ့ မြန်မာလူငယ်လူကြီးမရွေး လက်တကမ်းက နည်းပညာနဲ့ ဗဟုသုတတွေ အခွင့်အလမ်းတွေ တိုးပွားစေချင်တာဘဲဖြစ်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ အခုလို မည်သည့်သတင်းဌာနကိုမှ ဆက်သွယ်ပြောဆိုခြင်းများမရှိသလို သတင်းရေးတဲ့သူတွေကလဲ ကာရကံရှင်တွေ ရဲ့ ပြောစကားမဟုတ်တဲ့ ကိုးကားသတင်းတွေကို ထင်ယောင် ထင်မှားဖြစ်အောင် တဆိတ်ကိုတအိတ်လုပ်ပြီး ပြောဆိုရေးသား ဖော်ပြတာတွေကို ဆက်မလုပ်စေချင်ပါဘူး။

စာဖတ်သူအနေနဲက အခုပေးထား တဲ့သတင်းကိုဖတ်ပြီး ချင့်ချိန်နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။