နာဂစ်ရဲ့ဆက်ကြောင်း-၎

ပြောသာပြောရတယ် မိကျောင်းသာတကယ်ရှိရင်ကျွန်တော်တို့ ဒီလို သွားလာနေလို့ ဖြစ်မယ် မထင်မိ ပါဘူး၊ မိုးလေးကတော့တဖွဲဖွဲ ကနေ သဲသဲမဲမဲ ကျလာပါတယ် ချောင်းကလဲ ကျဉ်း ၊ ဘေးဘက်မှာလဲ ဒီရေရောက်တော ကအပင်တွေ ဖုံးနေတဲ့ ရွှံ့တွေသာတွေ့နေရတော့ တကယ်ဘဲ စိတ်ထဲမှာ ကျွန်တော်တို့ အရင်က ကြည့်ဖူးတဲ့ ရုပ်ရှင်ထဲက အန်နာကွန်ဒါ ဇတ်လမ်းတွေကို သွားသတိရပြန်ပါသေးတယ်။ မြင်ကွင်းကတော့ အဲဒီဇတ်ကားတွေထဲက အတိုင်းပါဘဲ၊ လှေထဲမှာတော့ တချို့ အိပ်ပျော်နေကြပါတယ်၊ မိုးသိပ်မလုံတဲ့ အဲဒီလှေ က အိပ်နေသူတွေရဲ့ အပေါ်ကို ရေစက်တွေ ပိုးပိုးပေါက်ပေါက် ကျနေလဲ ပင်ပန်းနေကြတဲ့ တချို့တော့ သတိမထားမိ နိုင် ဖြစ်နေပါတယ်။ ကျွန်တော်ကတော့ လှေနောက်မှ ထိုင်နေရင်း မိုးရေနဲ့လေ ရောပြီး တိုက်တဲ့အရသာကို ခံစား ရင်း ကွမ်းမြုံ့နေမိပါတယ်။ စက်လှေရဲ့နှုန်းကို အမြန်တင်မောင်းလို့လဲမရပြန်ပါဘူး အကွေ့အကောက် တွေ များလှတဲ့ ချောင်းရိုးလေးတွေဖြစ်နေတဲ့ အပြင် မုန်တိုင်း ကြောင့် ကျိုးပဲ့ပြီးကျနေတဲ့ အပင်တွေ၊ ရိုးကို ကန့်လန့်လဲနေတဲ့ အုန်းပင်တွေ၊ ရေထဲက နေထိုးထွက်နေတဲ့ ၀ါးနဲ့ သစ်ကိုင်းတွေကို အတော်လေး သတိထား ပြီးမောင်းနေရပါတယ်။ တနာရီသာသာလောက်မှာ မိုးကတိတ်သွားပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကတော့ အေးချမ်းနေဆဲပါ၊ မိုးတွေဆိုနေတဲ့ ကျွန်တော်တို့အဖွဲ့တွေကတော့ ပါလာတဲ့ အကိုက်အခဲပျောက်ဆေးတချို့ ကို ခပ်မြန်မြန်သောက်လိုက်ရင်း တချို့ကငေးလို့၊ အချို့ကလဲစကားပြောလို့ နဲ့လိုက်ပါလာပါတယ်။ ကျွန်တော်တို့ တဖြေးဖြေးနဲ့သွားရင်းလာရင်း သတိထားမိတာက အဲဒီချောင်းရိုးလေးတွေရဲ့ တဖက်မှာ လူနေအိမ်တွေ အချို့ ကိုတွေ့ပါတယ်။ အချို့ အိမ်တွေဆို အတော်လေး စီးပွားရေး ကောင်းပုံရပါတယ် စက်လှေ ကောင်းကောင်း ရှိတဲ့ အိမ်တွေ၊ အိမ်ကောင်းကောင်းတွေ ရှိခဲ့တယ်ဆိုတဲ့ အပြိုအပျက်အချို့နဲ့၊ ပြန်လည်ပြုပြင်နေတဲ့ အိမ်ကောင်းတွေ ကိုလမ်းမှာတွေ့ခဲ့ပါတယ်။ လှေကတော့အိမ်တိုင်းမှာ ရှိပါတယ် ၊ စက်တပ်လှေရှိတဲ့အိမ်ဆိုတာ အတော်လေး ချောင်လည်တဲ့ သဘောပါ။ နောက်တခုက အဲဒီအိမ်တွေရှိတဲ့ တဖက်က တော့ မလှမ်းမကမ်းမှာ ဘိုကလေး ဖျာ ပုံ ကားလမ်းရှိနေပြီး ၊ ရိုးရဲ့ အခြားဘက်မှာတော့ လယ်ကွင်းနဲ့ အဝေးက ရွာတွေသာရှိပါတယ်။ ကားလမ်း ဘက်ခြမ်းမှာရှိနေတဲ့ အိမ်တွေရဲ့ပျက်စီးမှုကလဲ မသက်သာလှပါဘူး၊ သူတို့တွေတောင် ကျွန်တော်တို့ အခု လာရောက်တဲ့ အတထိ ဘာမှ ထောက်ပံ့မှုကို သေသေချာချာ ရထားတဲ့ အနေအထားမတွေ့ရသေးပါဘူး၊ တောအုပ်လေး လို ဖြစ်နေလို့ အလှူရှင်တွေ မတွေ့တာဖြစ်နိုင်သလို၊ ကားလမ်းနဲ့လဲ လှမ်းတာကြောင့်ပါနိုင် ပါတယ်။ ဒါပေမယ့် သူတို့တွေ ကအေးအေးလူလူ ဖြစ်နေပုံပါဘဲ၊ ဘာလို့လဲ ဆိုတော့ မြို့နဲ့က အလှမ်းမဝေး ဖြစ်နေတာကြောင့်ပါ။ ရိုးရဲ့ အခြားဘက်က အိမ်တွေကတော့ ပိုပြီး မျှော်လင့်ချက်ဝေးရာ ရောက်ပါတယ် လယ်ကွင်း၊ တောအုပ်၊ ရိုးလေး ကိုကျော်မှ ကားလမ်းကနေတဆင့် အဲဒီနေရာကိုရောက်ရမယ့် အနေအထား ဖြစ်နေတော့ သူတို့က ထောက်ပံ့ရေး ပစ္စည်းတွေရရှိနိုင်ဖို့ အခွင့်အလမ်းနည်းပါတယ်။

လက်ယက်လှေလေးတစီး ကျွန်တော်တို့နားက ဖြတ်သွားပါတယ်။ ကလေးလေးတယောက် ပါတာကိုတွေ့တော့ ကျွန်တော်တို့ထဲကတယောက်က မုန့်ထုတ်လေး ပစ်ပေးလိုက်ပါတယ်။ ကလေးငယ်လေးက ကျွန်တော်တို့ ပစ်ပေးလိုက်တဲ့ မုန့်ထုတ်ကိုကိုင်ရင်း လက်ပြနှုတ်ဆက်ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ဘေး ကဖြတ်သွားတဲ့ လှေတော်တော်များများကို ကျွန်တော်တို့မှာ ပါလာတဲ့ မုန့်တွေပေးပစ်ခဲ့ပါတယ်။

နေရာတော်တော်များများမှာ အိမ်စုစုလေးတွေတွေ့နေရပါတယ်။ တချို့ အိမ်တွေကဈေးဆိုင်တွေဖြစ်သလို၊ အချို့နေရာတွေမှာ လှေတွေများများဆိုက်ထားတဲ့ အမိန့်ရအရက်ဆိုင်တွေတောင်တွေ့ရပါတယ်။ အဲဒီဒေက သူတွေက အခုရေလမ်းကို အဓိကအသုံးပြုနေတဲ့သဘော ဖြစ်ပါလိမ့်မယ်။ ကြည့်ရတာ တမျိုး ကောင်းလှပါတယ်။ ဒေသခံတွေက အဲဒီရေကြောင်းကိုဘဲ လမ်းအဖြစ်သုံး၊ အဲဒီကဘဲ စီးပွားရှာ၊ အဲဒီရေကိုသုံးလို့ ဒါဧရာဝတီရဲ့ အလှအပအဖြစ်ကျွန်တော် ရှုမြင်မိပါတယ်။ ဒါဟာတကယ်တော့ သူတို့တွေရဲ့အသက်သွေးကြောဘဲ ဖြစ်ပါတယ်။၂နာရီကျော်လောက်စီးလာတဲ့အခါမှာရေကလဲစီးတာငြိမ်သွားပါတယ် ရေတက်ချိန်ပြန်ရောက်လာ ပါပြီ။ ကျွန်တော်တို့ခရီးတော်တော်ပေါက်လာပါတယ် ရိုးကထဲက လှမ်းမျှော်ကြည့်ရင် ကားလမ်းပေါ်မှာကား တစီးတလေဖြတ်သွားရင်တောင်မြင်ရနိုင်တဲ့ နေရာတွေရောက်ခဲ့ပါတယ်။ ဒါပေမယ့် ကားတွေကိုမမြင်ရပါဘူး၊ ကျွန်တော်တို့အလာတုန်းက အစီအညီလာနေသလိုမျိုး အခြေအနေမတွေ့ရတော့ပါဘူး၊ ဘာလို့လဲဆိုတော့ ကားလမ်းက ပစ္စည်းတွေ ပို့တာကိုယာယီနားထားပုံရပါတယ်။ တံတား ပြီးဖို့က နောက်ထပ် ၄၈ နာရီလောက်လို ဦးမှာပါ။ ကျယ်ပြန့်တဲ့ လယ်တွေ ကြားမှာ ကျွဲနှစ်ကောင် အစာရှာစားနေတာ တွေ့ပါတယ်။ ရှားရှားပါးပါး နေရောင် ခြည်ပျပျလေးကို နေမ၀င်ချိန်လေး ကျွန်တော်တို့ တွေ့လိုက်ရပါသေးတယ်။ အလင်းရောင်ကတော့ ရှိ နေဆဲပါ အချိန်ကတော့ ညနေ ၅ နာရီကျော်နေပါပြီ။ လှေသမားကပြောတော့ နောက် တနာရီအတွင်း ကျွန်တော်တို့ ဖျာပုံကို ရောက်နိုင်ပါတယ်ဆိုတာပါဘဲ။

၆နာရီခွဲလုခွဲခင်မှာ ကျွန်တော်တို့ ဖျာပုံကိုရောက်လာပါတယ်။ ဖျာပုံမြို့စွန်က လှေဆိပ်တခုမှာ အားလုံး ဆင်းကြပါတယ်။ ရေတွေလဲရွှဲ၊ ညကလဲမှောင်ခါနီးလို့အားလုံးလဲ ချမ်းနေကြပါတယ်။ အဲဒီကနေတဆင့် ရန်ကုန် သွားမယ့် ကားဂိတ်ကို ဆိုက်ကားစီးရပါတယ်။ တနေ့ကဖျာပုံကို လာတော့ ဒီဘက်ခြမ်းမရောက်ဖြစ်ပါဘူး။ အခု တော့ ဖျာပုံဆင်ခြေဖုံးရပ်ကွက်တွေကလဲ စစ်ဖြစ်ထားစပါမာ ပြန့်ကျဲ ပြိုပျက်မှုတွေနဲ့ကျွန်တော်တို့ ကိုစီးကြို နေပါတယ်။ အရွက်တွေအကိုင်းတွေ အင်မတန်ကျဲပါးတဲ့ အုန်းပင်ကျိုးတို့ကျဲတဲကြားမှာ အပြိုအပျက်အလဲလဲ နဲ့ အိမ်တွေရှိနေပါတယ်။ လမ်းလို့ထင်ရတဲ့ အုတ်စီထားတဲ့နေရာတန်းတန်းလေးတွေမှာ သစ်ပင်က အကိုင်းတွေနဲ့ ပွနေပါတယ်။ ထိုးထောင်နေတဲ့ အိမ်တိုင်တွေနဲ့ရောကြည့်လိုက်တော့ ဖျာပုံမြို့ပေါ်မှာ ဒီအရပ်က တော်တော် လေး ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပုံရပါတယ်။ မြို့ထဲအရောက်မှာ ကူညီရေးပစ္စည်းတွေတင်လာတဲ့ စစ်ဘက် ယဉ်တစီးပေါ်က အထုတ်တခု ပစ်ချသွားတာ ကို ကျွန်တော်စီးတဲ့ ဆိုက်ကားဆရာက ကောက်လိုက်ပါတယ်။ စောင်အသစ်တထည်တော့ သူရသွားပါပြီ။

ကားဂိတ်ကိုအရောက်မှာတော့ ရန်ကုန်ကို သွားတဲ့ လိုင်းကားတွေ မထွက်တော့ပါဘူး။ နောက်ကျနေပါပြီ။ စီးလုံးငှား ယဉ်ကလဲ ဒလ ဘက်ခြမ်းဘဲရောက်မှာပါ။ ဒလကို အခုထွက်ရင်တောင် ည ၉နာရီမရောက်နိုင်ပါဘူး။ မိုးလေ၀သမကောင်းရင်ဖြစ်ဖြစ်။ ညအချိန်မှာဖြစ်ဖြစ် ဒလ ရန်ကုန် ကူးတို့တွေက ဆွဲလေ့မရှိတော့ပါဘူး။ တစီးထဲရောက်လာတဲ့ စီးလုံးငှားယဉ်ကို အခုထွက်ဖို့ပြောပေမယ့် နောက်တစီးမရောက်လာမခြင်း ထွက်လို့ မရတဲ့အရေးပေါ်အခြေအနေကြောင့် ကျွန်တော်တို့ ဖျာပုံမှာ ဘဲအိပ်ရပါမယ်။ မနက်စောစောမှ ထွက်တဲ့ လိုင်းကားနဲ့ ကျွန်တော်တို့ပြန်ရမှာဖြစ်ပါတယ်။ ဒါနဲ့တည်းခိုခန်းကို အမြန်ရှာရပါတယ်။ ကားဂိတ်နားမှာဘဲ အလွယ်တကူရတဲ့ တည်းခိုခန်းမှာအိပ်ရင်း အဲဒီညကိုကုန်လွန်ဖို့ ရာ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်။ မနက်ဆို ရန်ကုန်ရောက်ပါတော့မယ်။ လမ်းမှာ မြင်တွေ့ခဲ့ရတာတွေက ကျွန်တော်တို့ကို နောက်ထပ်ဘာတွေ လုပ်ဖို့လိုအပ်နေဦးမယ်ဆိုတာ ပြောပြနေသလိုပါဘဲ။ ရန်ကုန်ရောက်တဲ့အခါ ကျွန်တော်တို့ အခုနောက်ထပ်လုပ်ရမယ့် အစီအစဉ်တွေ ဘာတွေဖြစ်မလဲဆိုတာတွေးရင်း ပထမဆုံးခရီးစဉ်ကို အဆုံး သတ်ခဲ့ပါတော့တယ်။ ။

Type the rest of your post here.

0 comments: