နာဂစ်ရဲ့ဆက်ကြောင်း -၃

မနက်စာကို အဆင်ပြေသလို စားသောက်ထားကြရတဲ့ စေတနာရှင်တွေဟာ တံတားတဘက်မှာ ဆက်လက်ပြီးရှိနေပါ တယ်။ သူတို့တွေဟာ တဦးနဲ့တဦး ခင်မင်ကြတဲ့ မိတ်ဆွေတွေမဟုတ်ကြပါဘူး၊ ဒါပေမယ့်သူတို့ရင်ထဲမှာတခုတည်း သောတူညီမှုရှိနေပါတယ်။ အဲဒါကတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လူသားခြင်းစာနာတဲ့ အကူအညီတွေ အမြန် ဆုံးပေးချင်နေတာပါ။ သူတို့အားလုံး ဆန္ဒစောနေပါတယ်။ ဒါပေမယ့် အချိန်အနေအထားနဲ့တံတားရဲ့ကြံ့ခိုင်မှုက အား လုံးထင်သလိုမကောင်းလာဘဲ တံတားကိုပြင်ဆင်ရန်အတွက် ပိတ်ထားလိုက်ပါတယ်။ တံတားကို မိုးလင်းတာနဲ့ကောင်း အောင်ပြင်ရမယ်လို့ တံတားကို တာဝန်ခံပြင်ဆင်မယ့် အင်ဂျင်နီယာ ဗိုလ်ကြီးတယောက်က ပြောနေပါတယ်။ တခုရှိတာ တညတည်းနဲ့ အချိန်မှီပြီးစီးနိုင်ပါ့မလားဆိုတဲ့ အချက်ကတော့ သံသယဖြစ်စရာကောင်းအောင်ဖြစ်နေပါတယ်။ ဘာလို့လဲ ဆိုတော့ ရရှိမယ့်အချိန်နဲ့ရှိတဲ့ လူအင်အားက လုံလောက်မှုမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော်တို့အားလုံးနောက်ပြန်လှည့်လာကြပါပြီ။ ကားတွေကတော့ ဘိုကလေးကနေ ပြန်ထွက်ဖို့လမ်းမှာတွေ့နေရ သလိုကျွန်တော်တို့ပေးတဲ့ သတင်းစကားကိုလဲ သိပ်ပြီးမယုံကြပါဘူး။ ကျွန်တော်တို့လမ်းကြုံလိုက်လာတဲ့ စေတနာ ရှင်အဖွဲ့ကတော့ တံတားတဖက်မှာရှိတဲ့ လူတွေကို ညစာစားလို့ရအောင် စီမံချင်တယ်လို့ပြောပါတယ်။ ကျွန်တော် တို့ လဲတတ်နိုင်သလောက်ကူညီကြပါတယ်။ တကယ်တော့ ဒီတဖက်မှာ ကျွန်တော်တို့ကိုယ်တိုင် ဒုက္ခသည် ဖြစ် နေ ပါပြီ။ ဘာလို့လဲဆိုရင်နယ်မြေအနေအထားနဲ့ အခြေအနေတွေကို ကောင်းကောင်းမသိသေးသလို ဘယ်မှာ အိပ်ရမယ် ဆိုတာ ဝေခွဲမရသေးပါဘူး။ ဒါနဲ့ ထမင်းတွေပို့လို့ရအောင် ဆိုင်ကယ်တွေငှားရပါတယ်။ အဲဒီလိုငှားဖို့အတွက်တော့ မြို့အ၀င်အထွက်ဂိတ်က အရာရှိတယောက်က ဆိုင်ကယ်အငှားလိုက်သူတွေကို ကျွန်တော်တို့နောက်ကို လိုက်သွား ဖို့စေလွှတ်ပေးပါတယ်။ အဲဒီနောက်မှာတော့ မွန်မြတ်ဂရုဏာဆိုတဲ့ အဖွဲ့က နေစီစဉ်ပြီး တံတားံတဖက်က သူတွေည စာစားဖို့ ကူညီပါတယ်။ အဲဒီဘက်ခြမ်းမှာ ကျွန်တော်တို့အဖွဲ့က လူတွေလဲရောက်နေပါတယ်။ ညစာတွေကို ပို့မယ် လုပ်တုန်း တံတားပေါ်ကနေ ဆိုင်ကယ်တောင်သွားမရတော့လို့ အောက်ဖက်ချောင်းထဲကို လှေနဲ့ကူးပြီး ပို့ရတယ် လို့ပြောကြပါတယ်။ ကျွန်တော်တို့ကတော့ ညအိပ်တည်းခိုစရာနေရာတခုကို ပြန်လည်ရှာဖွေရာမှာတော့ တည်းခို ခန်း တွေအားလုံးကတော့ လူတွေနဲ့ပြည့်ကြပ်နေတာတွေ့ပါတယ်။နောက်ပြီးတော့ အဲဒီမှာ တည်းခိုနေသူတွေအားလုံး ကလဲ ကုလ နဲ့အခြားသော အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကဖြစ်နေတော့ ကျွန်တော်တို့အနေနဲ့ အခန်းကို ရဖို့ မလွယ်တော့ပါဘူး။ နောက်တော့မှ ဘိုကလေးကို ကျွန်တော်တို့တူတူလာကြတဲ့ အလှူရှုင်တွေတည်းနေတဲ့ နေရာမှာ ဘဲလာနေဖို့ပြောလာတဲ့အတွက် ကျွန်တော်တို့အဲဒီမှာဘဲညအိပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ အိမ်က အတော်ကျယ် ၀န်းပါတယ်။ ရေတော့မိုးချုပ်နေတာရယ်၊ဒေသပြောင်းနေတာ ဖြစ်တဲ့အတွက်မနက်မှချိုးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ညစာကိုလဲ အဲဒီမှာဘဲစားလိုက်ကြပြီး ကျွန်တော်တို့အိပ်လိုက်ကြပါတယ်။ မနက်ကျရင် ဘာတွေဆက်လုပ်မယ်ဆို တာ ဝေခွဲလို့မရသေးပါဘူး။ ကျွန်တော်တို့နဲ့တူတူပါလာတဲ့ ပစ္စည်းသယ်တဲ့ကားတွေကတော့ တံတားတဖက်မှာ ရှိနေ ဆဲဖြစ်သလို အဲဒီပစ္စည်းတွေကို ဘယ်လို ဝေငှဖြန့်ဖြူးရမယ်၊ ဘယ်မှာ သွားရောက်လှူဒါန်းမယ်ဆိုတာကလဲ အခုမှ မေးမြန်းစုံစမ်းနေဆဲဖြစ်ပါတယ်။

ညဘက်၁၀ နာရီလောက်မှာတော့ ကျွန်တော်တို့နဲ့အတူလိုက်လာတဲ့ဆရာဝန်တယောက် အမောတကောနဲ့ ပြန်ရောက်လာပါတယ်။ သူတော်တော်ပင်ပန်းလာ ပုံရပါတယ်။ အသက် ၅၀ ကျော်လောက်ရှိတဲ့ စေတနာ့ ၀န် ထမ်းဆရာဝန်ဦးလေးကြီးက တံတားတဘက်မှာ ပိတ်မိနေတဲ့ ကားတန်းထဲမှာ ရောက်နေခဲ့တာဖြစ်ပြီး ၁၀ မိုင် လောက်ခရီးကို လမ်းလျောက်၊ ကားကြုံစီး၊ ဆိုင်ကယ် ငှားစီးနဲ့ ကျွန်တော်တို့တည်းနေတဲ့နေရာကိုရောက် လာခဲ့ တာပါ။ သူ့ရဲ့ဆေးပစ္စည်းနဲ့ အ၀တ်အစားထုတ် ဘယ်ရောက်နေတယ်ဆိုတာ သူလဲမသိတော့ပါဘူး။ ဘာဘဲ ဖြစ် ဖြစ် စိုးရိမ်စရာတော့မရှိပါဘူး၊ ကျွန်တော်တို့ကားတန်းထဲက တစီးစီးမှာအဲဒီပစ္စည်းတွေရှိ နေမှာပါ။ ကျွန်တော်တို့ တော့ ညကို ပင်းပန်းနေတာတွေဖြေလျော့ရင်းအိပ်သွားကြပေမယ့် ကျွန်တော်တို့ အိပ်မက်တွေထဲမှာတော့ ပျက်စီးနေတဲ့ မြို့ရဲ့ မြင်ကွင်းတွေက စီးမြောလိုက်ပါနေပါတယ်။ ခြောက်ခြားစရာမဟုတ်ပေမယ့် စိတ်ပျက်ဖွယ် ကောင်းတဲ့ မြင်ကွင်းတွေ၊ အားမရစရာဖြစ်နေရတဲ့ အကူအညီတွေနဲ့ ကြုံတွေ့နေရတဲ့ ပြဿနာတွေက ည ကို တစခြင်း ကိုက်စားပစ်လိုက်ပါတယ်။ ခွေးတွေ အလွန်အူနေတဲ့ မှောင်မိုက်ည ၀န်းကျင်မှာတော့ ကျွန်တော်တို့ တည်းနေတဲ့ အိမ်က မီးစက်သံ တဂျိမ်းဂျိမ်းက တမျိုးနားထောင်ကောင်းအောင် စည်းချက်မှန်နေပါတယ်။

အာရုံတက်ချိန်ရောက်လာပါပြီ၊ တည်းခိုတဲ့ အိမ်က အဖွားအိုရဲ့ မြန်မာဓလေ့အတိုင်း စောစောထ ဘုရား ၀တ်တက် ခြင်းက ကျွန်တော်တို့ ကို မင်္ဂလာရှိစွာ နိုးထစေခဲ့ပါတယ်။ မနက်ပိုင်း မှာကျွန်တော်တို့ ရေချိုးကြပြီး ဘာ ဆက်လုပ် မယ်ဆိုတဲ့ အစီအစဉ်ကို ဆွဲကြပါတယ်။ တံတားကတော့နောက် ၂ ရက်လောက်ထပ်ကြာပါလိမ့်ဦးမယ်။ သေခြာ ပါတယ်။ ကျွန်တော်တို့ဘယ်လိုမှ တံတားတဖက်က ပစ္စည်းတွေကို သယ်ဆောင်ဖို့ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော်တို ရန်ကုန်မှာလဲ ပစ္စည်းတွေရောက်လာဖို့ တွေနဲ့တခြားကိစ္စတွေ ရှိနေပါတယ်။ ဆက်လက်ပြီး ဒီမှာ နေ နေမှာလား၊ ပြန်ဆင်းပြီး ပစ္စည်းတွေသွားယူမှာလား မသေခြာသေပါဘူး။ ကားတွေပြန်ထွက်လို့မရတဲ့အတွက် ရန်ကုန်ပြန်ဆင်းရာမှာ ရေကြောင်းကိုသာ ရွေးချယ်ရမှာဖြစ်ပါတယ်။ ရာသီဥတုက သိပ်မကောင်းပါဘူး၊ နောက်ထပ် မုန်တိုင်းငယ်တခု ဆက်လက်လာနိုင်ကြောင်းသတင်းက ကြေငြာထားပါတယ်။ ဒါပေမယ့် မနက် ပိုင်းတော့ရာသီဥတုက ကြည်လင်နေပါသေးတယ်။ မရေရာမှုများ ဖုံးလွှမ်းနေတဲ့ ကျွန်တော်တို့အဖွဲ့ က ဆုံးဖြတ် ချက်ကို သေခြာ မချရသေးခင်မှာ မနက်စာကို စားသောက်ရန်သာ စိတ်စောနေကြပါတယ်။ ဘိုကလေးရဲ့ အကောင်း ဆုံးစားစရာကတော့ မုန့်ဟင်းခါးလို့ သိပါတယ်။ ဘယ်သူကမှ ဒီအချိန်မှာ ငါးနဲ့ချက်ထားတာ တွေကို စားချင်တဲ့ ဆန္ဒမရှိသေးပါဘူး၊ ဘာလို့လဲဆိုတော့ မုန်တိုင်းကြောင့် ရေတက်လေတိုက်မှုတွေဖြစ်ကာ လူအများအပြားဟာ ရေထဲမှာ သေဆုံးကုန်ကြပါတယ်။ ဒေသခံတွေအဆိုအရ ဘိုကလေး တခုတည်းမှာတင် လူ ငါးသောင်းလောက်မက သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ လူသေနဲ့ကျွဲ၊ နွား၊ ၀က်အသေကောင်တွေဟာ မြစ်ထဲမှာ မြောနေတာ ကိုအစောပိုင်းရက်တွေက မြင်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့်ရေထဲက ငါးတွေကိုစားဖို့ ကျွန်တော့အဖွဲ့ကသူတွေက ငြင်းဆန်နေပါတယ်။ ကျွန်တော်ကတော့ ရောက်တဲ့အခိုက်မြည်းစမ်း ချင်ပါတယ်။ သတင်းတွေအရ ၀မ်းရောဂါတွေဖြစ်ပွားနေတယ် ဆိုသော်လည်း ဆေးရုံနဲ့ မြို့ပေါ်မှာ ၀မ်းကိုက် ၊ ၀မ်း ပျက်နေသူမရှိသလောက်နည်းနေပါသေးတယ်။ ဘယ်လိုဖြစ်ဖြစ် ကျွန်တော်ကတော့ မုန့်ဟင်းခါးကို စားဖို့ ဆုံးဖြတ်ပါတယ်။ ကျွန်တော်နဲ့အတူ ဘာညာ၊ ကိုကြီးကျော်တို့ ကပါ မုန့်ဟင်းခါးလိုက်စားကြပါတယ်။ တကယ့် ကို ရန်ကုန်နဲ့ကွဲလွဲနေတဲ့ အရသာကောင်းကောင်းလေးကို ခံစားရပါတယ်။

နေ့လည်လောက်ရှိနေပါပြီ။ ကျွန်တော်တို့ စက်လှေနဲ့ပြန်မလား နောက်တည အိပ်မလား ဖြစ်နေပါတယ်။ အိပ်လိုက် လို့လဲ ပြဿနာမရှိပါဘူး၊ ဒါပေမယ့် အများကတော့ ပြန်ချင်နေပါတယ်။ လမ်းကြောင်းက တော့ ဘိုကလေးကနေ ဖျာပုံကိုရေလမ်းကတဆင့်သွားရောက်ပြီး ဖျာပုံကနေ ကားနဲ့ရန်ကုန်သွားကြမှာပါ။ နောက်ဆုံး အဆင်ပြေရင် သွားကြမယ်ဆိုပြီး စက်လှေကို ငှားပါတယ်။ စက်လှေကို ငှားချိန်မှာဘဲ မိုးတွေလေတွေ တရကြမ်း ကျလာတာနဲ့ စက်လှေနဲ့သွားမယ့် အစီအစဉ်ကို ပြန်ဖျက်ရမလိုဖြစ်နေပါတယ်။ ကျွန်တော်တို့ သွားရမယ့် ခရီးက အနည်းဆုံး ၃ နာရီကလေ ၄ နာရီလောက်ကြာမှာဖြစ်ပါတယ်။ နေ့လည် ၁နာရီထိုးကျော်နေပါပြီ။ မမှောင်ခင်တော့ ဖျာပုံရောက်မှဖြစ်ပါမယ်။ ဘာလို့လဲဆိုတော့ရန်ကုန်ဆက်ဆင်းမှာ ဖြစ်သလို လမ်းမှာ မှောင်သွားလို့ လဲမဖြစ်ပါဘူး။ နေ့လည် ၂ နာရီမှ မိုးလေ၀သ မကောင်းရင်တော့လုံးဝလက်လျော့ရမှာဖြစ်ပါတယ်။ ဒေသခံတွေက တော့ ဒီလိုမိုးလေနဲ့မသွားစေချင်ကြပါဘူး။ ဘာလို့လဲဆိုတော့ ဘိုကလေး မြစ်ဝ ကနေ ရိုးလေးထဲကို အဆင်းမှာ မိုးလေကြီးရင် အန္ဒရာယ်ရှိလို့ပါ။ နောက်တော့ ကံတရားက ကိုယ့်ဘက်ပါတယ်ဆိုမလားဘဲ ၂ နာရီ သာသာလေး မှာမိုးလေ၀သက အတော်လေး လက်ခံနိုင်စရာ အခြေအနေကို ပြန်ရောက်လာပါတယ်။ ကျွန်တော်တို့ မဆိုင်းမတွ ဘဲ အမြန် ဘဲကမ်းနားစပ်ကို ဆင်းကြပါတယ်။ တကယ်တော့ ရန်ကုန်မှနေကြသူတွေမို့ရေလမ်းသွားရမှာ ကို အားလုံးနီးပါး စိုးရွံ့ကြပါတယ်။ ကျွန်တော်တို့အတွက် တော့ စွန့်စားရင်ခုန်မှုဖြစ်ပါတယ်။

စက်လှေပေါ်ကို ရောက်ကြပါပြီ။ စက်လှေကတော့ ကျွန်တော်တို့လူ ၈ယောက် စီးလောက်ရုံလေးပါဘဲ။ အမိုးထဲမှာ အားလုံး ထိုင်မရတာနဲ့ ကျွန်တော်နဲ့ အပုလေး ၊ သူတော်တို့ သုံးယောက်က နောက်မှာ ထိုင်စီးပါတယ်။ စက်လှေကတော့ထွက်ပါပြီ။ မိုးလေးကတော့တဖွဲဖွဲပါ။ ရှေ့မှာတော့ဘာတွေဆက်ဖြစ်မယ်မသိသေးပါဘူး၊ ရေကျနေ ချိန်ဖြစ်နေတာကြောင့်ရေဆန်တက်နေရပါတယ်။ လှိုင်း မကြီးပေမယ့် ဘိုကလေး ကမ်းနားက အပျက် အဆီးတွေကိုကြည့်ရတာ စိတ်ပျက်စရာပါ။ ဆန်တွေပုတ်နေတဲ့ အနံ့ဆိုးကြီးကလဲ ကျွန်တော်တို့ကို အနှောက် အယှက်ပေးပါတယ်။ ၁၀ မိနစ်လောက် မှာတော့ မြစ်ကျယ်ကြီးကနေ ရိုးထဲစ၀င်ပါတယ်။ ၀င်တယ်ဆိုရုံဘဲ လှေသမားက ညွှန်ပြလို့ ခြုံတခုမှာ ချိတ်နေတဲ့ အလောင်းတခုကိုတွေ့ပါတယ်။ ရက် ၂၀ ကျော်နေတာတောင် အလောင်းက အရိုးမကျသေးပါဘူး။ ဘာလို့လဲဆိုတော့ ဒီဒေသက ရေချိုရေငံ စပ်နေတဲ့ အတွက် အလောင်း ကောင်တွေက ငါးဆားနယ်လို ဖြစ်နေပါတယ်။ တော်တော်နဲ့အရိုးမကျနိုင်ပါဘူး။

ကျွန်တော်တို့မောင်းနှင်နေတဲ့ရိုးကလေး က တော်တော်လေး ကျဉ်းပါတယ်။ ဒီရေရောက်တော ဖြစ်တဲ့အတွက် လမုပင်တွေ၊ ဓနိပင်တွေနဲ့သင်ပေါင်းပင်တွေ ပေါက်နေပါတယ်။ သတိတခုရမိတဲ့ အခိုက်မှာတော့ ကျွန်တော် တို့စိတ် ထဲမှာစိုးရိမ်မိတာရှိပါတယ်။ ဒီဒေသရဲ့ ဒဏ္ဍာရီလာ သတ္တ၀ါ ၊ အားလုံးလဲ ကျောက်ရွံ့တဲ့ အပုတ်စား တဲ့ အကောင်ကတော့ မိကျောင်း ဖြစ်ပါတယ်။

1 comments:

pandora said...

လာရောက်ကြည့်ရှု အားပေးသွားကြောင်း