နာဂစ်ရဲ့ဆက်ကြောင်း-၂

 

ရန်ကုန်က အထွက်မှာ ကြားထားတဲ့ ကောလဟာလတွေက ကင်မရာ ယူလို့မရဘူး၊ အလှူရှင်များရဲ့ ကားတွေကို မ၀တ ရုံးတွေထဲ အတင်းအကြပ်မောင်းခိုင်းပြီး ပစ္စည်းတွေ ထားခိုင်းပြီး ပြန်ခိုင်းတယ်၊ ၀မ်းလျော ရော ဂါတွေဖြစ်နေပြီ၊ စတဲ့ စကားတွေ အဆင့်ဆင့်ကြားနေရတော့ ကျွန်တော်တို့လဲ ကင်မရာလေးတလုံးသာ ဖွက်ယူသွားကြပါတယ်။ ဒီထက်လဲ ယူစရာ ကင်မရာမရှိပါဘူး၊ င်္ဒတလုံးဘဲရှိတော့ပါတယ်။ ဖြစ်ချင်တော့ 1G  memory ကပျောက်နေပါတယ်။ ကင်မရာထဲက ပါလာတဲ့ အတိုင်းဆို ၁၅ ပုံသာရိုက်လို့ရပါမယ်။ ဒါနဲ့ တလမ်းလုံး ဖြစ်ပျက်သမျှ ကိုမှတ်တမ်းတွေ တင်လိုသော်လဲ အဆင်မပြေဖြစ်ခဲ့ပါတယ်။

ဖျာပုံ ဘိုကလေးလမ်းက တကယ်ဆိုးပါတယ်။ မိုးလေးလဲ တိလို့ရာသီဥတုက အုပ်မှိုင်းနေသလို ကျွန်တော်တို့ စိတ်တွေကလဲ လန်းဆန်းမှုမရှိသေးပါ ဘူး၊ ရှေ့မှာ တံတားကျိုးနေတယ်ဆိုတဲ့ သတင်းက ကျွန်တော်တို့ ရဲ့ စိတ်တွေကို လေးလံနေစေပါတယ်။ တံတား ကျိုးတယ် ဆိုပေမယ့် သတင်းက အတိအကျမရသေးပါဘူး၊ ဘိုကလေးဘက်ကလာတဲ့ ကားတွေကတော့တစီးမှမရှိတော့တာ သေချာပါတယ်။ ဖျာပုံဘက်ကနေသွား နေတဲ့ ကားတွေကတော့ ရာချီပြီး တုတ်တုတ်မှ မလှုပ်နိုင်အောင်ပါဘဲ။ လမ်းကလဲ ကားနှစ်စီး ယှဉ်မောင်းလို့မရအောင်ကို ကျဉ်းပါတယ်။ ၀ိတ်များတဲ့ ကားတွေအနေနဲ့ဘေးချပေးရမယ်ဆိုရင် တပေလောက်ရှိတဲ့ ဗွက် ထဲ ကိုဘီးတွေ ကျွံသွားနိုင်ပါတယ်။ တံတားက ဘယ်လောက်ကြီးတယ်မသိရပေမယ့် ကားကြီးတွေ လုံးဝတော့ ဖြတ်လို့မရဘူး ၊ ကားလေးတွေတော့ သွားလို့ရတယ်လို့ ကျွန်တော်တို့ အဖွဲ့ထဲကသွားစုံစမ်းတဲ့ တ ယောက်က လာပြောပါတယ်။ ဒါနဲ့ ပစ္စည်းတင်တဲ့ ကားတွေကို ချန်ရစ်ပြီး ကျွန်တော်တို့စီးတဲ့ ဟိုင်းလတ်ဆဘ် ကို ရသလိုမောင်းရင်း ရှေ့ဆက်ခဲ့ပါတယ်။ ဘာညာနဲ့ ဖိုးသူတော်တို့ပါတဲ့ ကားကတော့ ဘယ်ရောက်နေတယ် မသိတော့ပါဘူး။ ရှေ့ဆက်ရတဲ့ အကြောင်းအရင်းကတော့ ၃နာရီလောက်ရှိ နေတဲ့ အချိန်လဲဖြစ်သလို လမ်းဘေးဝဲယာမှာ ကွင်းပြင်တွေဘဲရှိပါတယ်။ ညအိပ်ပြီး စောင့်လို့လဲ ဖြစ်နိုင်ချေ မရှိတဲ့ အတွက် ဆက်ထွက်ခဲ့တာပါ။ ကားတစီးလုံးလဲ ဗွတ်တွေနဲ့လူးထားတဲ့ ဧရာဝတီ ကျွဲတကောင်လို လူးလွန့်ရင်း ကျွန်တော်တို့လဲ ဗွတ်တွေ စင်တဲ့ ဒဏ်ကို မိုးကာနဲ့ခံလို့တဖွဲဖွဲပြန်ကျလာတဲ့ မိုးတွေနဲ့ အပြိုင် ရှေ့ ဆက်ခဲ့ပါတယ်။ ကားတန်းတွေကိုဖြတ်ကျော်ခဲ့တဲ့နောက် ၁၅ မိနစ်လောက်အကြာမှာ တံတား ရှိရာနေရာကိုရောက်လာပါတယ်။ တံတားနာမည်က ကမ်ပ ဆိုလားပြောတာကြားပါတယ်။ ၁၅ ပေလောက်ဘဲ ရှည်တဲ့ သစ် သားတံတားတခုပါ။ တဖက်ခြမ်းက သစ်သားတန်းတခုက ကျိုးနေတဲ့အတွက် တံတားက တခြမ်းစောင်းနေပါတယ်။ တံတားက အတက်မှာ တံတားကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ပြင်မယ့် အဖွဲ့ သူတွေရောက်နေတာ တွေ့ပါတယ်။ သစ်တင်ထားတဲ့ ကားတွေလဲရှိနေတဲ့အတွက် တကယ်အချိန်ယူပြင်မယ်ဆို ၅ နာရီလောက်နဲ့ ပြင်ဆင်နိုင်ပေမယ့် ဘာကြောင့်မပြင်သေးလဲတော့မသိရသေးပါဘူး။ ချိနဲ့နေတဲ့တံတားကို အလိုက်သင့် ဖြတ်ကူးပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ကားကို လေမှာပစ်တဲ့မြားတစင်းလို မောင်းနှင်ခဲ့ပါတယ်။ စဉ်းစားကြည့်မယ်ဆိုရင် ကြမ်းတမ်းတဲ့ မညီမညာ လမ်းပေါ်မှာ ခုန်ပေါက်ပြေးလွှားနေတဲ့ ကားနောက်က ကျွန်တော် တို့ ဘယ်လို ဖြစ်နေတယ်ဆိုတာ သိနိုင်မှာပါ။ လမ်းတလျောက်တော့ ဒုက္ခသည်တွေကို မမြင်ရတော့ပေမယ့် လေလမ်းကြောင်းလားရာဘက်ကို ဦးတည်ပြီး နေတဲ့ အုန်းပင်တန်းတွေ၊ ပြိုလဲနေတဲ့ အပင်တွေ၊ ကျိုးကျနေတဲ့ အုန်းပင်ထန်းပင်တွေကို ပသာဒမရှိဘဲ ခံစားရင်းလိုက်ပါလာခဲ့ပါတယ်။ တံတားက ဖျာပုံ ဘိုကလေးလမ်းပိုင်းရဲ့ တ၀က်လောက်မှာရှိတာပါ။ ဖျာပုံကနေဘဲဖြစ်ဖြစ်၊ ဘိုကလေးကနေဘဲ ဖြစ်ဖြစ် လာရင် ၁၀ မိုင် အကွာမှာရှိတယ်လို့သိရပါတယ်။ နောက်ထပ်တံတားတွေကတော့ ဘာမှမဖြစ်ဘဲ ဆက်လက်ဖြတ်သန်းရင်း ဘိုကလေး မြို့ အစွန်ပိုင်းလောက်မှာ ၀င်တဲ့ ကုလားချောင်းတံတားကိုရောက်လာပါတယ်။ ကုလားချောင်း တံတား ကလဲ အခြေအနေမကောင်းတော့ပါဘူး။ အဲဒီတံတားကတော့ ပေ၁၀၀ ကျော်ရှည်ပါတယ်။ ကုလားချောင်းတံတားကို ဖြတ်လို့ ၅မိနစ်လောက် မောင်းလိုက်တဲ့ အခါ ဘိုကလေးမြို့က ကြိုဆိုပါ၏ လို့ ဆိုတဲ့ ကွန်ကရစ် ဆိုင်းဘုတ်ကို ရှေ့မှာ ထပ်ဖြတ်သန်းရမယ့် တံတားတစင်းရဲ့နောက်မှာ ညှိုးငယ်စွာ တွေ့နေရပါတယ်။ အဲဒီတံတားက နတ်ချောင်းတံတားလို့ပြောပါတယ်၊ တံတားပေါ်ကနေ ဖြတ်တော့ အောက်က ချောင်း ထဲမှာ ထော်ပိုင်လို့ ဆိုင်းဘုတ်ဘဲ မြင်ရပြီး ကိုယ်ထယ်နစ်မြုတ်နေတဲ့ သင်္ဘောတစင်းကို လှမ်းတွေ့ရပါတယ်။ တံတားက ဆင်းတယ် ဆိုရင်ဘဲ ရဲဂိတ်တခုကို တွေ့ပါတယ်။ ကားခဏရပ်လိုက်ပါတယ်။ ဘယ်သွားကြမှာ လဲ လို့ရဲတယောက်ကမေးပါတယ်။ အလှူရှင်တွေဖြစ်တဲ့ အကြောင်း အခုလောလောဆည် တော့သီတဂူ ဆရာတော်ရောက်ရှိနေတဲ့ ကျောင်းကို သွားလိုကြောင်းပြောတော့ အလှူရှင်များအနေနဲ့ သက်ဆိုင်ရာကို သတင်းပို့စေလိုကြောင်း၊ ပြောပါတယ်။ ဒါပေမယ့် ချောချောခြူခြူ သွားခွင့်တော့ ပေးလိုက်ပါတယ်။ လာရောက်လှူဒါန်းတဲ့ အတွက် ကျေးဇူးတင်ကြောင်းလဲ တပွင့်နဲ့ အရာရှိက ဆက်ပြောပါတယ်။ တံတားက အဆင်း ကိုက်တရာအတွင်းမှာ ဘယ်ဘက်ကို လမ်းညွှန်ထားတဲ့ ဘုန်းကြီးကျောင်းရှိပါတယ်။ အဲဒီကျောင်းမှာ သီတဂူဆရာတော်ရောက်ရှိသတင်းသုံးနေပါတယ်။ ဆရာတော်က အဲဒီကနေဆင့် အလှူရှင်တွေလှူဒါန်း နေတဲ့ ပစ္စည်းတွေကို လိုအပ်တဲ့ ရွာတွေကို ဆက်လက်လှူဒါန်းပေးလျက် ရှိပါတယ်။ အဲဒီဘုန်းကြီး ကျောင်းကိုသွားတဲ့ လမ်းတလျောက်မှာ ကျေးရွာလေးတခုရှိပါတယ်။ အဲဒီရွာကလေးမှာ လဲပြိုနေတဲ့ တဲအိမ်တွေရှိနေသလို ဖြစ်သလို ကာရံထားတဲ့ တဲကလေးတွေရှိနေပါတယ်။ လမ်းဘေးမှာ တော့ကလေးတချို့ ထွေပစ်တမ်းကစားနေပါတယ်။ လမ်းကတော့ လုံးဝ ဗွတ်ထနေတဲ့လမ်းပါ။ ၀န်ပါတဲ့ ကားတွေလတ်တလောဖြတ်လို့ ဖြစ်နိုင်ဖွယ်မရှိပါဘူး။ ဘုန်းကြီးကျောင်းကို လှမ်းမြင်နေရလဲ လမ်းဆိုးတဲ့အတွက် ၁၀ မိနစ်လောက် မောင်းရပါတယ်။ လမ်းလေးဝဲယာမှာ ပြိုပျက်နေတဲ့ အိမ်တွေအကြား ထမင်းဟင်းချက်တဲ့ သူကချက်။ အိမ်ပြင်တဲ့ သူက ပြင်လို့ရှိနေပါတယ်။ လုံးဝ သုံးမရအောင်လဲပြိုသွားတဲ့ တဲ အိမ်လေးတခုကို ၁၀နှစ်ကျော်လောက်ကလေး နှစ်ယောက်ရဲ့ အကူအညီနဲ့ ပြန်လည် တည်ဆောက်နေတဲ့ သားအဖ ကကျွန်တော်တို့ ခပ်တည်တည်နဲ့ လှမ်း ကြည့်ကြပါတယ်။ အဲဒီကျမှ ကျွန်တော်တို့ မျက်နှာတွေမှာ အသက်ရှုလမ်းကြောင်းအကာအကွယ်တွေ တပ်ဆင်ထားမှန်းသိရပါတယ်။ ဒါကြောင့်ထင်ပါတယ်။ ဘိုကလေးမရောက်ခင်အထိ ကျွန်တော်တို့ ကို ခပ်စိမ်း စိမ်း ကြည့်နေတဲ့ သူတချို့ ကိုမြင်တွေ့လိုက်ရတာ ဖြစ်မယ်လို့ထင်ပါတယ်။ အပုတ်နံ့နဲ့ ကျွန်တော်တို့မခံမရပ်နိုင်ဖြစ်ရမယ့် အနံ့ အသက်တွေမရှိတော့တဲ့ ဒီမြို့လေးမှာ မြို့ခံတွေကို စိတ်သက်သာ လိုတဲ့ သဘောနဲ့ ကျွန်တော်တို့ အကာအကွယ်တွေကိုပြန်ဖြုတ် သိမ်းလိုက်ကျပါတယ်။

ကျွန်တော်တို့လဲ ဘုန်းကြီးကျောင်းဝင်းထဲကိုရောက်လာပါတယ်။ ၀င်းလို့သာပြောရတယ် တံတိုင်းတွေ အားလုံးလဲနေပါတယ် ၊ မုဒ်ဦးတခုဘဲရှိပါတော့တယ်။ ကျောင်းရဲ့ဘေးမှာ နတ်ချောင်းရှိပါတယ်၊ ဒါကြောင့် ကျောင်း ၀င်းထဲမှာတင် လှေဆိပ်ကလေးရှိနေပါတယ်၊ ဆရာတော်လှေဆိတ်ရောက်နေတဲ့ အတွက် ကျွန်တော်တို့ ဆင်းပြီးသွားခဲ့ရင်း ကျောင်းဝင်းအတွင်းမှာလဲ စေတနာ ရှင်တွေရဲ့ ပစ္စည်းတွေ အများအပြားရောက် နေတာ သိရပါတယ်။ လှေဆိတ်မှာတော့ မော်တော်ကြီး ၃ စင်းပေါ်ကို ပစ္စည်းတွေ တင်နေကြပါတယ်။ မော်ကျွန်းကို ပို့မယ်လို့ ပြောပါတယ်။ ဆရာတော်က သင်္ဘောပေါ်ရောက်နေလို့ ကျွန်တော်တို့ ဆင်းမတွေ့ တော့ ပါဘူး။ ကျွန်တော်တို့ ကားတန်းရဲ့ သတင်းတွေ ပြန်လည်ဆုံစမ်းဖို့နဲ့ တည်းခိုမယ့်နေရာရောက်ဖို့ အချိန်မှီ မြို့ထဲရောက်ဖို့လိုပါတယ်။

ကားကိုပြန်လည်ထွက်ခွာလာခဲ့ရင်း စစ်ဘေးဒဏ်ကြောင့်ပျက်ဆီးနေတဲ့ အသွင်သဏ္ဍန်ပေါက်နေတဲ့ ဘိုကလေးမြို့ထဲကို ၀င်လာခဲ့ပါတယ်။ လမ်းသွားလမ်းလာတွေ ရှိနေပေမယ့် အပျက်အဆီးတော်တော်များများက တော့ ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးပါဘူး၊ ရုပ်ရှင်ရုံတခုကတော့ ရှေ့က အဖီဘဲရှိပြီး အားလုံး ဘုန်းဘုန်းလဲနေပါတယ်။ အိမ်ပြို အိမ်ပျက်တွေ ကိုကျော်လာရင်း မြို့ထဲရောက်လာပါတယ်။ အိမ်အမြင့်တွေ နဲပါးလှ ပေမယ့် အတော်များများ အမိုးတွေမရှိကြတော့ပါဘူး။ ထူးခြားတာကတော့ အဲဒီမြို့က ဓါတ်တိုင်တွေ လဲတာနဲပါတယ်။ အထကကျောင်းနားရောက်တော့ ကျောင်းဝင်းထဲ ကို စစ်ဘက်ရဟတ်ယဉ်တစင်း ဆင်း သတ် နေတာ တွေ့ပါတယ်။ အဲဒီကျောင်းက နှစ်ထပ်ကျောင်းဆောင်တွေအာလုံးနီးပါး အမိုးတွေ လန်ပြီး လဲပြိုနေတဲ့ အတွက် နောက်လမှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်လိမ့်မယ်လို့ သေသေခြာခြာမပြောနိုင်ပါဘူး။ အစိုးရ ထောက်ပံ့ရေးနဲ့ ကွပ်ကဲရေး ကို အဲဒီနားက အမျိုးသမီးရေးရာ ရုံးမှာ ထားရှိတယ်လို့ပြောကြပါတယ်။ ရုံးကတော့ ဖရိုဖရဲ အနဲငယ်ဖြစ်တာကလွဲလို့ သုံးလို့ရပါသေးတယ်။

လမ်းမကျယ်ကြီးတခုကနေ အတန်ကြာဖြတ်လာလိုက်ရင်း ကျွန်တော်တို့ တည်းခိုမယ့်နေရာကိုရောက်လာပါတယ်။ အဲဒီအိမ်ကတော့ အမိုးအနည်းငယ်ပျက်ရုံမှတပါး အတော်ကောင်းကောင်း ကျန်နေပါသေးတယ်။

မနက်က ဘာမှဟုတ်တိပတ်တိမစားရသေးတော့ အတော်လေးဆာနေပါတယ်။ ၀ယ်စားရအောင်လဲ ၀မ်းရောဂါဆိုတာကြီးက လာလာခြိမ်းခြောက်ပါတယ်။ ဘာညာတို့အဖွဲ့ကတော့ အပြင်ဘက်မှာတခုခု စားနေတယ် လို့ ယူဆရပေမယ့် မကြာခင်မှာဘဲ ကျွန်တော်တို့ ပြန်လည် တွေ့ဆုံကြပါတယ်။ သူလဲဘာမှမစားရသေးပါဘူး၊ ဟိုဟိုဒီဒီလျောက်ကြည့်ရင်း စားသောက်ဆိုင်တခုမှာ တော့ စားကြမယ်လို့ဆုံးဖြတ်ပြီး လိုက်ရှာကြည့်ပါတယ်။ ဘယ်ဆိုင်မှ မဖွင့်ကြောင်း တွေ့ရှိချိန်မှာ သတ္တိကောင်းလှတဲ့ ကျွန်တော်တို့ ဘလောက်ဂါတွေက ထမင်းကြော်ဆိုင်တခုမှာ ဖြစ်သလို ၀င်ရောက်စားသောက်ပါတော့တယ်။ မာတောင့်နေတဲ့ ထမင်း တွေကို အားရပါးရမြိုနေချိန်မှာ တံတားတွေပြင်မှာဖြစ်တဲ့ အတွက် သုံးရက်လမ်းပိတ်မယ်ဆိုကြောင်းသတင်းရတာကြောင့်  ချက်ခြင်း ရန်ကုန်ကို ပြန်ထွက်မယ်လို့ လာပြောပါတယ်။ စားလက်စတွေကို ကမန်း ကတန်း လက်စသတ်ရင်း ကားပေါ်ပြန်တက်ကြပါတယ်။ ကားကတော့ ကားကြုံပါ။ တံတားတဖက်မှာရှိတဲ့ ဆန်ကား ရန်ကုန်ကို ပြန်ထွက်မယ်လို့ပြောပါတယ်။ ကျွန်တော်ကတော့ ဖြစ်မယ် မထင်ပါဘူး၊ ဘာလို့လဲ ဆိုတော့ ရာနဲ့ခှပိတ်ဆို့နေတဲ့ ကားတန်းဟာ ဘိုကလေးကို ဦးတည်ထားပါတယ်။ ကျွန်တော်တို့ ပြန်လိုသည့်တိုင်ဖြစ်နိုင်ဖွယ်မရှိပါဘူး။ တကယ်ပါဘဲ၊ ကုလားချောင်း တံတားအရောက်မှာတော့ တံတားကို ညတွင်းခြင်း မြင်ဆင်ရန် အမိန့်အရဆောင်ရွက်ရမှာ ဖြစ်တဲ့ အတွက် နောက်၅ မိန်စ်အတွင်း တံတားကို ပိတ်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လဲ မြို့ထဲ ကိုပြန်လည်ထွက်ခွာလာပါတယ်။ ပြတ်ဝင်ရင်း မွတ်စလင်ဘာသာရေး အဖွဲ့တခုက လမ်းပေါ်မှာ အ၀တ် အထည်တွေ ပစ်ချလှူနေတာ တွေ့ပါတယ်။ လူကြီးတယောက်ကတော့ စည်းကမ်းတကျကောက်ယူကြဖို့ဆော်အောနေပါတယ်။ ဒါပေမယ့် လူတွေ အုန်းအုန်း ကျွတ်ကျွတ် ဖြစ်နေတာ ကြောင့် မနဲရှောင်ထွက်လာခဲ့ရပါတယ်။ တံတားတဖက်မှာ ကျန်ခဲ့တဲ့ ကားတန်းပေါ်က သူတွေကတော့ အလိုလျောက်ဒုက္ခသည်စာရင်း ၀င်သွားပါတယ်။ သူတို့ ဒီနေ့ည ဘယ်လိုထမင်းစားကြမလဲ၊ တံတားကလဲ ပိတ်သွားပါပြီ။ တဖက်မှာလဲ ရာချီနေတဲ့ ကားသမားတွေ အလှူရှင်တွေရှိနေပါတယ်။ လတ်တလောမှာ သူတို့ စားရေးသောက်ရေး စီစဉ်ပေးရပါတော့မယ်။ ဒါဟာ စိန်ခေါ်ချက်တရပ် ဖြစ်ပါတယ်။



ဆက်ရန်

0 comments: