နာဂစ်ရဲ့ဆက်ကြောင်း

ကျွန်တော်တို့ ဘိုကလေးမြို့ ကိုအခက်အခဲတွေကြားကနေသွားရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ သွားရောက် လှူဒါန်းတာ မဟုတ်သေးပေမယ့် ပထမအစီအစဉ်အဖြစ် တိကျတဲ့ အချက်အလက်တချို့နဲ့ လမ်းကြောင်းအတွေ့

အကြုံရအောင်သွားရောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘလောက်ဂါမောင်နှမ များအနေဲ့ တက်အားသ၍ လက်လှမ်းမှီသလောက်သွားရောက် ကူညီချင်တဲ့ ဆန္ဒတွေ အကောင်အထည်ဖော်နိုင်ဖို့ အားလုံး ကြိုးစား ခဲ့တာ ရက်ပေါင်းအတော်ကြာခဲ့ ပါပြီ။ အကြောင်းကြောင်းများကြောင့် ပြည်တွင်း ပြည်ပက နေစေတနာ ထားလှူဒါန်း နေ ကြတဲ့ အထောက်အကူတွေ မရောက်ရှိခဲ့လဲ ကျွန်တော်တို့ နိုင်တဲ့ ဘက်ကနေ ဆောင်ရွက်ချင်တဲ့ အတွက် အခု လို တခြားသော အလှူရှင်များနဲ့အတူ သွားရောက်ခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့မှာ လူပေါင်း ၃၀ နီးပါး ပါဝင်ခဲ့ ပြီး ကျွန်တော်နဲ့ အတူ ကိုကြီးကျော်၊ ဘာညာ၊ ပေါက်ကရ၊ ဖိုးသူတော်၊ အပုလေး၊ ဇော်လင်းထွန်း၊ ညီညီ စတဲ့ ဘ လောက် ဂါများ ပါဝင်ခဲ့ပါတယ်။ ရန်ကုန်ကနေ ၁၄ ရက်နေ့ မနက်စောစောပိုင်းစထွက်လာခဲ့ပါတယ်။ မိုးကလေး ကလဲတဖွဲဖွဲနဲ့ ဟိုင်းလက်ဆက်ဖ် ရဲ့ နောက်ကနေ လိုက်ပါခဲ့ ပြီး စုစုပေါင်း ကုန်ပစ္စည်းတင်ထားတဲ့ ကား များ အပါအ၀င် ကားပေါင်း ၈ စီးနဲ့ထွက်လာခဲ့ပါတယ်။ စထွက်တယ်ဆိုရင်ဘဲ လှိုင်သာယာ ဘက်က အပျက် အစီးတွေကို စတင်တွေ့ရှိရပါတယ်။ စက်ရုံတွေ အမိုးလန်တာကတော့ ထွေထွေထူထူး ပြောစရာမလိုအောင်ပါ ။

လှိုင်သာယာ တခုထဲမှာတင် ဓါတ်တိုင်တွေ ရာဂဏန်းလောက်လဲနေတာ မြင်ခဲ့ရပါတယ်။ မိုးကလဲ ရွာမလိုလိုနဲ့ ဖွဲဖွဲ လေးကျနေ၊ လေအေးအေးထဲမှာ လိုက်ပါလာရင်း ထန်းတပင် ကိုရောက်လာတဲ့အထိ ဓါတ်တိုင်တွေ ကျိုးပဲ့နေ တာ၊ အိမ်တွေအနဲငယ်ပျက်နေတာက လွဲပြီး ကြီးမားတဲ့အပျက် အစီးတွေ မတွေ့ရသေး ပါဘူး။ လမ်းကလဲ ကောင်း ပါတယ်။ ဒါနဲ့ ပုံမှန်အတိုင်းထွက်ခွာလာခဲ့ရာက ကားလမ်းတလျောက်ကို ကြည့်လိုက်ရင် လမ်းဘေး ၀ဲယာက အရိပ်ရပင်တွေက ရိုးတံခြောက်ခြောက်နဲ့ သစ်ရွက်တွေ တခုမှမရှိလောက်အောင် လေတိုက်ခံထား ရသလို တခြားသော အပင်တချို့ကလဲ ဓါတ်တိုင်တွေနဲ့ အပြိုင် ကျိုးကျနေတာ ကိုတွေ့ရပါတယ်။ လယ်ကွင်းတွေ တော့ ရေတချို့ဝင်နေပြီး စပါးတွေရေစိုနေတာ ကိုထွက်လှန်းနေတဲ့ တောင်သူတွေကို ဘဲ တွေ့ ရပါတယ်။ ညောင်တုန်း ဘက်ကိုသွားတဲ့ တလျောက်မှာလဲ အိမ်တွေ အမိုးလန်တာ ၊ ပျက်တာတွေ တွေ့တာပါဘဲ။ ညောင်တုန်းကကျော် လို့ မအူပင်ဘက်ကိုသွားတဲ့ လမ်းမှာတော့ တကယ့်ကို စိတ်ပျက်စရာ စိတ်မကောင်းစရာ မြင်ကွင်းတွေကိုတွေ့ရပါတယ်။ လမ်းဘေးဘက်တွေမှာ တကယ့် ယာယီတဲလို့ဆိုရမယ့် သုံး လေးပေလောက်ရှိတဲ့ တဲလေးတွေနဲ့ နေကြရတဲ့ လေဘေး ဒုက္ခသည်တွေကိုတွေ့ရပါတယ်။ သူတို့မိသား စုတွေ ရဲ့ကလေးတချိုက တော့ ကျွန်တော်တို့ ကားနောက်တွေကို ကြည့်ရင်း ငေးနေတာတွေ့ပါတယ်။ ကလေးလူကြီးတွေက လဲ စူးစမ်းတဲ့ အကြည့်နဲ့တချက်လောက်ကြည့်ပြီး၊ မထူးပါဘူးဆိုတဲ့ ပုံစံနဲ့ ပြန်လည် ငြိမ်သက်နေတာ တွေ့ပါတယ်။ ကျွန်တော်တို့ တော့ ပါလာတဲ့ မုန့်အချို့ ကို ကလေးတွေထံ ချပေးခဲ့တာ ကလွဲ ပြီး တခြားဘာမှမတတ်နိုင်ခဲ့ ပါဘူး။ အဲလိုနဲ့ ကျွန်တော်တို့ မအူပင်ကိုရောက်လာခဲ့ပြီး ပျက်ဆီးနေတဲ့ အိမ်တွေ ရုံးတွေကြားကနေ ချိနဲ့ရှင်သန်နေတဲ့ သူတွေကို ကျော်ဖြတ်လို့ မြို့လေးကို ကျောခိုင်းခဲ့ပါတယ်။

မအူပင်ကနေ မအူပင်တံတားကိုကျော်ဖို့ သွားတဲ့ ကွင်းပြင်တွေမှာလဲ တဲအိမ်တွေ အသီးသီးထိုးထားတဲ့ ရွာတန်းရှည်လို ပုံစံ လူအုပ်ကြီးက ကြော်ငြာ ကားလို့ ကလေးတွေက ကျွန်တော်တို့ ကိုခေါ်တဲ့ ကားတန်း ပေါ်က နေပစ်ချတဲ့ ပစ္စည်းတွေကို တပျော်တပါးလိုက်ကောက်နေကြပါတယ်။ အိမ်လေးတွေလို့ ပြောရမယ့် ယာ ယီတဲလေးတွေက၀က်တကောင်ကို ထားတဲ့ အနေအထားထက်တောင်ဆိုးတာပါ။ အခင်းအကာ အလုံအခြုံ မရှိလှဘဲ ပေါများလှတဲ့ အုန်းပင် အကျိုးတွေက အုန်းလက်တွေကိုသီပြီး ဖြစ်သလိုနေ ထိုင်နေကြာတွေ့ရ ပါတယ်။ တစစပေါများစွာတွေ့လာရတဲ့ အုန်းပင် တောအုပ်တွေ၊ ကွမ်းသီးပင်တွေဟာ အပိုင်းပိုင်း ကျိုးကျနေတာ လေဘယ်လောက်ပြင်းထန်ခဲ့တယ်ဆို တာကို နေရာအလိုက်ဖော်ပြပေးနေတာနဲ့ အလွန်တူပါတယ်။ ကျွန်တော်တို ကားတန်းတွေဟာ မိုးတွေလေတွေအနည်းငယ်တိုက်ခတ်နေတဲ့ ကြားက ဖြတ်ကျော်နေသလို အဲလို မိုးတွေလေတွေကြားကနေ လမ်းဘေးဝဲယာက ထောင်နဲ့ချီတဲ့ လူတန်းတွေကလဲ မျှော်လင့်ချက်ကိုစီနဲ့ ကား တွေ ကို လိုက်လံ ကြည့်ရှုနေဆဲ ဖြစ်ပါတယ်။ ပါတဲ့ သကြားလုံးတွေ နဲ့ မုန့်အချို့ ကို ကလေးလေတွေ ကိုတွေ့တိုင်း ပစ်ချပေးခဲ့ရင်း ကျွန်တော်တို့ ဘာလာလုပ်တာလဲ ပြန်လည်တွေးမိပါတယ်။ တကယ်တော့သူတို့ တတွေလဲ ဒုက္ခ သည်တွေမဟုတ်ဘူးလား။ မပြောတတ်အောင်ပါဘဲ။ သက်ဆိုင်ရာက တော့လုံလောက်တဲ့ အထောက်အပံ့တွေ ပေး ထားသေးပုံမပေါ်သေးပါဘူး။ မအူပင်တက္ကသိုလ်ကျော်လာရင်း မနက် ၁၀ နာရီလဲ သာသာလောက်ဖြစ်လာပါ ပြီ။ တော်တော်လေး သွားလာလိုက်ရင်း လန်နေတဲ့ အုန်းပင် တွေကိုငေးလိုက်၊ ရေတွေဝင်နေတဲ့ စပါးကြည်တွေ ကို ကြည့်လိုက်၊ အဝေးက မိုးကုတ်စက်ဝိုင်းက မိုးသားတွေကို မျှော်လိုက်နဲ့ စဉ်းစားနေရင်း ကျိုက်လတ်ကို ၀င်နေ ပြီဆိုတာ သတိထားမိတော့ ၁၀နာရီခွဲလောက်ဖြစ်မယ်ထင်ပါတယ်။ ကျိုက်လတ်ကို ၀င်တော့လဲ မအူပင်တုန်းကလောက်မဆိုးပေမယ့် အတူတူလောက်ရှိမယ်ထင်ရတဲ့ အကူအညီ တောင်းခံလိုတဲ့ လူတန်းတွေကို ပြတ်တောင်းပြတ်တောင်းတွေ့နေရဆဲပါဘဲ။ ဘယ်မှာလဲသူတို့မှာ သန့်ရှင်းတဲ့ သောက်ရေ ၊ သန့်ရှင်းတဲ့ အစားအစာ။ ဘယ်လို ဘယ်ပုံနဲ့နွေးနွေးထွေးထွေးနေ ကြသလဲဆိုတာလဲ သံသယ ဖြစ်စရာ မကောင်းအောင်ကို ရှင်းလင်းနေလှပါတယ်။ ကျိုက်လတ်မြို့ထဲ ကိုဖြတ်သန်းတယ်ဆိုရင် တချိန်က စီကား ခဲ့တဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ကိုလိုနီလက်ရာ အုတ်တိုက် အဆောက်အဦးတွေ အစီအရီတွေ့ရပြီး ကြားထဲက သစ်သား အိမ်မဲမဲတွေ ကိုအလဲလဲ အပြိုပြိုနဲ့ အပြိုင်အဆိုင်ရှိနေကြပါတယ်။ လေကြမ်းဒဏ်ကို အလူးအလဲ မခံလိုက်ရဘူးလို့ မဆိုရင်တောင် ကျိုက်လတ်လဲ သက်သာလှတယ်မဟုတ်ပါဘူး။ ၈၀ ရာခိုင်နှုန်းလောက် တော့ အိမ်တွေ အမိုးလန်နေတာတွေ့ရပြီး ပြန်လည်ပြုပြင်နေတဲ့ အဆောက်အဦးအချို့ ကိုတွေ့ရပြီး စီးပွားရေး သိပ်မ ကောင်းလှတဲ့ မြို့ကလေးအတွက် ပြန်လည်ထူထောင်ရေးက တော့ သူတို့မြို့ ကလဲနေတဲ့ ဓါတ်တိုင်တွေကို ပြန် ထူ သလိုလွယ်လှမယ်တော့မထင်ပါဘူး။

ကျိုက်လတ်ကနေ ဆက်လက်ရွေ့လျားလာခဲ့ တဲ့ ကျွန်တော်တို့ ယဉ်တန်းဟာ တခြားသော ရာနဲ့ချီ သွားပြန် နေ တဲ့ ကူညီကယ်ဆယ်ရေး စေတနာရှင်ကားတွေ၊ အစိုးရစစ်ဘက် ထောက်ပံ့ရေးကားတွေ၊ ကုလ ကကားတွေ နဲ့ အတူ ရွှံ့တွေ ရေတွေကြားကနေ လာနေကြပါတယ်။ မကြာခင်မှာဘဲ ကျွန်တော်တို့ ခရိုင်ရုံးစိုက်တဲ့ ဖျာပုံရဲ့ အစွန် အဖျားတွေကို လှမ်းမြင်နေရပါတယ်။ လမ်းတလျောက်က မြင်ခဲ့ရတဲ့ အုန်းတောတွေထဲက အရင်းကနေ ကျိုးပဲ့ ကျ နေတဲ့ အုန်းပင်တွေနည်းတူ အပုံလိုက်ပြိုပျက်နေတဲ့ အိမ်တွေ၊မျက်နှာစာ ဘဲကျန်တဲ့ အိမ်တွေ ၊ လမ်းသာ မြင် ရတော့တဲ့ ရပ်ကွက်တွေကို စတင်တွေ့ရှိရပါတယ်။ ၁၀ မိနစ်လောက် မြို့ထဲဝင်လာခဲ့ရင်း မြို့ ကိုရှောင်ပြီး တခါ ထဲ ဘိုကလေး ကိုသွားဖို့ အတွက် ဖျာပုံကအထွက် တံတားလေးတခုနားမှာ နောက်က ကားတွေ ပြတ်ကျန် နေတာ နဲ့စောင့်နေရင်း အနီးအနားမှာ ရှိတဲ့ ကလေးတွေ ၊မိသားစုတွေ ကို ဓမ္မာရုံကနေ ဆန်တချို့ ဝေ နေတာ ကြားမိပါတယ်။ ကျွန်တော်တို့မှာ ကောက်ညှင်းပေါင်း အတုတ် ၂၀၀၀ ပါလာပါတယ်။ စားတာလဲစား၊ လမ်း မှာလဲ ဝေဖို့ပါ။ အဲဒီထဲက ကောက်ညှင်းပေါင်းတွေကို မွတ်သိပ်တဲ့ အကြည့်နဲ့ကြည့်နေတဲ့ ကလေးလေး တွေကို တွေ့ရာက ဝေးပေးဖို့ ကျွန်တော်တို့ရဲ့ အလှူရှင်က ပြောတာနဲ့ ကလေးတွေကို တယောက်တထုတ် ဝေပေးခဲ့ ပါတယ်။ တကယ်ဆို အဲဒီကောက်ညှင်းပေါင်းကို စားရင် တမနက်ဆာတော့ ကောင်းကောင်း ဖူလုံ လောက်ပါတယ်။ ကလေးတွေတယောက်ကိုတထုတ်ပေးနေရာက လူကြီးတွေပါလာပါတယ်။ ၂ခေါက်တောင်း ခိုင်းတာတွေ၊ လက်နှစ်ဘက်လုံးထိုးထည့်တာတွေ၊ အတင်းဝင်လုတဲ့ ပုံစံတွေပေါက်လာတဲ့ အတွက် ကျွန်တော်တို့ ဝေပေးတဲ့ အလုပ်ကို ရပ်နားလိုက်ပါတယ်။ လုံးဝမရဘဲ မျက်လုံးလေး တွေ မှာအရောင်မလက် နိုင်တဲ့ ကလေးတချို့ ကို တွေ့လိုက်ရလဲ ကျွန်တော်တို့ လုံးဝရပ်နားလိုက်ရပါတယ်။ နောက်က ကားတွေလဲ မှီလာ ပါပြီ၊ သွပ်နဲ့ စားစရာတွေ ၊ အိုးတွေ၊ အခင်းအကာတွေတင်လာတဲ့ ကွန်တိန်နာ တစင်းလုံးဝ သွားလို့ မရ အောင် ဖြစ်သွားပါတယ်။ ကလပ်ကဖြစ်တယ်လို့ ယူဆရလဲ ပြင်ဆင်တက်တဲ့သူမပါတဲ့ ကျွန်တော်တို့ အဖွဲ့က အဲဒီကားကိုပြင်ဆင်ဖို့ ကားပြင်တဲ့ သူကိုရှာရန် ဖျာပုံ မြို့ ကိုပတ်ကြည့်တော့မှ အတော်လေး ထိခိုက်ထားတဲ့ ဖျာ ပုံကို နီးနီးကပ်ကပ် လေ့လာခွင့်ရခဲ့ပါတယ်။ ဆေးရုံကြီး ၀င်းထဲက အဆောင်တလုံးဆို လုံးဝ သုံးမရအောင် လဲ ပြိုနေတာဖြစ်ပြီး သံယာဆေးရုံ အမိုးကိုတော့ တာလပတ်တွေ ပြန်လည် ဆင်ထားတာတွေ့ပါတယ်။ ၀င်းအတွင်း မှာလဲ ယူနီဆက် က ကားတစီင်္းရပ်ထားတာတွေ့ပါတယ်။ အဲဒီနားမှာ မြန်မာ့သစ်လုပ်ငန်းက ၁၀ ဘီးကားတွေက သစ်တွေ အပြည့်တင်ဆောင်ထားပြီး အရှေ့မှာ တော့ ဧရာဝတီတိုင်း လေဘေး ကယ်ဆယ်ရေး အထူးတာဝန် ဆို ပြီးရေးထားတဲ့ သစ်ကားပေါင်း ၃၀ ခန့်ရပ်နားထားတာတွေ့လိုက်ရတယ်။ အစားအစာ ၊ ဆေးဝါးနဲ့ အရေးပေါ် နေရေး ထိုင်ရေး အဓိကလိုအပ်နေကာ ကျန်းမာရေးစောင့်ရှောက်မှုကင်းဝေးနေတဲ့ လေဘေးသင့် ပြည်သူတွေ အတွက် အဲဒီသစ်တွေ ကဘယ်လို အကျိုးပြုမယ်ဆိုတာတော့ စီစဉ်သူတွေသိလောက်ပေမယ့် ကျွန်တော် တော့ အခုချိန်ထိလက်လှမ်းမှီသလောက်ပါဘဲ။ နောက်တော့ ဆေးရုံကဆင့် မြို့တွင်းရောက်လာတော့ အိမ်ကောင်းကောင်း တွေတောင်လေ ကြောင့်မှန်တွေ အမိုးတွေ ကွဲကြေပြိုပျက်နေပြီး ဈေးကတော့ အမိုးမဲ့ သွားတဲ့ လေဟာ ပြင်ဈေး ဖြစ်သွားပါတယ်။ ကမ်းနားပိုင်းတွေမှာ ရှိတဲ့ ရေစင်တွေ အဆောက်အအုံတွေ အကြောင်း ကတော့ မပြောချင်လောက်အောင် ပျက်ဆီးပါတယ်။ ထောက်ပံ့ရေး ယဉ်တန်းတွေ အဖြစ် တရား ၀င် သွားရောက်မယ့် စစ်ယဉ်တန်းတွေ တွေ့နေရပြီး ဘိုကလေး ကိုသွားမယ်လို့ပြောတာကြားပါတယ်။ ဆန်တွေ အဓိက ပါဝင်တယ်လို့ ပြောတာ လဲကြားပါတယ်။ ရေတပ်က စစ်ကားတစီးက ဖြတ်သွားရင်း ကျွန်တော်တို့ ကို လက်ပြနှုတ်ဆက်သွား တဲ့ ရဲဘော်တယောက်ကို တွေ့လိုက်ပါတယ်။ ကားပြင်ဆရာ ကိုတွေ့လို့ ကျွန်တော်တို့ ကားတန်းဆီပြန်လာ ခဲ့ကြရင်း ကွမ်းယာတစ်ယာလောက် ၀ယ်စားမယ်လို့ ကြံလိုက်ရင်း ရန်ကုန်မှာ ကြားခဲ့ ရတဲ့ ကာလ၀မ်းရောဂါ ဆိုတာကြီးကိုသွားသတိရတိုင်း ဘာတခုမှာ စားချင်စိတ်မရှိခဲ့ပါဘူး။ ကားကတော့ ဘယ်လိုမှ နာရီပိုင်းအတွင်း ပြင်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့ အတွက် အဲဒီကားကိုထားခဲ့မှ ဖြစ်တော့မှာပါ။ ရန်ကုန်ကို ပစ္စည်း လှမ်းမှာ၊ ပစ္စည်းရောက်ရင် ပြင်နဲ့တရက်တော့ကြာမှာ ဖြစ်တဲ့ အတွက် ကားနောက်က ကွန်တိန်နာကို သော့ ခတ် ဖို့ အလှူရှင်က စီစဉ်ခဲ့ ပြီး ကျွန်တော်တို့ ဆက်ထွက်ခဲ့ပါတယ်။ ကျွန်တော်တို့ ကားတန်းမှာ ပါလာတဲ့ အကူအညီ ပေးရေး ပစ္စည်းတန်ဖိုးက ကာလပေါက်ဈေး သိန်း ၄၀၀ ၀န်းကျင်မက ပါရှိလာတဲ့ အတွက် အလှူ ရှင်တွေက လဲ သူတို့ပစ္စည်းတွေ ကိုသူတို့ လှူလိုသူတွေလက်ထဲ ကိုရောက်အောင်ပေးချင်နေပါတယ်။

မိုးကလဲ ပြန်ရွာလာပါတယ်။ မိုးရေထဲကနေ ပြီး ဖျာပုံကထွက်လာပါတယ်။ ချောင်းလေးတခုကိုဖြတ်သန်း ပြီး တဲ့ နောက် ကိုးအိမ်တန်း တံတားရောက်တဲ့ အထိကားတွေပိတ် ၊ လမ်းကဆိုးနဲ့ ခရီက မတွင်သလို ၊ လမ်း တလျောက်မှာလဲ ၀က်တွေထားတဲ့ တဲလောက်သာ ဆောက်လုပ်နိုင်တဲ့ လေဘေးသင့် ပြည်သူတွေကို မြင်ရေ ရပြီး ကျွန်တော်တို့ ကို တပြုံး ပြုံးနဲ့လက်ပြနှုတ်ဆက်နေတာ ကိုမြင်ရပါတယ်။ မြန်မာလူမျိုး ပီပီ ဒီလောက် ခက် ခဲနေတဲ့ ကြားက အပြုံးတပွင့် ကို လွယ်ကူစွာချွေပြနိုင်တာ အရမ်းကြည်နူးမိပါတယ်။ လမ်းက ဆိုးသထက် ဆိုးလာ ပါတယ်။ ကားတွေလဲ ပိတ်သထပ်ပိတ်နေပါတယ်။ လမ်းက လလေးလေးတယောက်ကို စားလက်စ ထမင်း ( ချဉ်ပေါင်ကြော်နဲ့ ၊ ဘဲဥတဖဲ့ ) သာပါတဲ့ ကိုယ်တာထဲက နေ လမ်းပေးလိုက်ပါတယ်။ ကားက ခုန်သွား တော့ ဇွန်းနဲ့ ဘဲဥက အောက်က ဘွက်ထဲ ကျသွားတာတွေ့လိုက်ပါတယ်။ ဒါပေမယ့် ကလေးငယ်က ဇွန်းကိုလဲ ကောက်၊ လဲဥကိုလဲ ထမင်းဘူးထဲ ပြန်ထည့်လို့ စားလိုက်တာ ကိုယ်တိုင်မြင်လိုက်ရတော့ စိတ်ထဲ မှာတကယ့် ကို မကောင်းဖြစ်သွားရပါတယ်။ မြို့ပြထဲမှာလဲ လှည့်ပျော် နေပြီး ငါတို့ တိုင်းပြည် တော်တော်လေး ခေတ်မှီ သွားနေ ပြီ အောက်မေ့နေတာ လူတန်းစား တွေဒီလောက် ကွာခြားနေပြီး ငါတို့လူမျိုး တွေ အများကြီး ဆင်းရဲနေတာ ကို မသိကျိုးကျွံ ပြုမိနေတဲ့ ကျွန်တော်တို့ရဲ့မိုက်မဲ မှုတွေ ဘယ်လိုမှ ဆပ်လို့မကုန်တဲ့ အကြွေးတခုအဖြစ် သမိုင်းမှာ တင်နေခဲ့မိပြီဆိုတာ သတိထားမိတော့တယ်။

ဆက်ရန် - - - -


Type the rest of your post here.

4 comments:

Prince said...

When i read your, as a citizen, really sad and tears come out from my eyes.
Thanks for you and all supporters to help our people. Really appreciate all of your effort.

နိုင်းနိုင်းစနေ said...

ဂေါက်... ၀ဲတန်း
well done :)
အဆင်ပြေပါစေ..

Mr.Pooh @ မောင်ပွတ် said...

ကိုဂေါက်ရေ - တစ်ဦးချင်းပဲဖြစ်ဖြစ်၊ ဘလော့ဂါတွေ စည်းစည်းလုံးလုံးပဲ ဖြစ်ဖြစ် တတက်တအားပါဝင်ကူညီ နေကြတာသိရလို့ အထူးပဲ ဝမ်းသာပါတယ်။ ကျွန်တော်တို့ ကူညီနိုင်တာတွေ ကူညီဖို့ကိုလည်း စီစဉ်နေပါတယ်။ အများနဲ့ စုလုပ်ရတာဖြစ်လို့ ချက်ချင်းထပြီး လှူမယ်၊ သွားမယ်လုပ်လို့မရတာကို နားလည်ပေးနိုင်မယ် ထင်ပါတယ်။ ဗမာပြည်က အခြေအနေကို သတင်းတွေ ဖတ်ရတာထက် အခုလို မျက်မြင်ကိုယ်တွေ့တွေဆီက ဖတ်ရတာ ပိုပြည့်စုံသလို အလိုအပိုမရှိ လက်ခံဖြစ်ပါတယ်။ အစ်ကိုတို့အနေနဲ့လည်း အန္တရာယ်ကင်းင်းနဲ့ လိုချင်တဲ့ ပန်းတိုင်အထိ ကူညီသွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အစစအရာရာအတွက် ကျေးဇူးတင်လျက်ပါ။

Ko AungKyawLwin said...

ခင်ဗျားရေးထားတာဖတ်ရတာမျက်စေ့ထဲကွက်ကွက်ကွင်းကွင်း ကိုမြင်နေရပါတယ်။အတော်လေးကိုစိတ်ထဲမကောင်းပါဘူး။ တတ်နိုင်တဲ့ဘက်ကကူညီတာအလွန်လဲမွန်မြတ်မှပါတယ်။
လေးစားပါတယ်။