KL ကိုသွားတောသား ၈


ကျန်းမာမှချမ်းသာရမယ်

မလေးရောက် ရွှေမြန်မာအလုပ်သမားတွေရဲ့ ကျန်းမာရေး အချက်အလက်တချို့ကို တင်ပြချင်ပါတယ်။ တရားဝင်အလုပ်သမား တယောက်အတွက် ကျန်းမာရေး ကို အလုပ်ရှင်က တရားဝင်ကျ ခံသင့်ပါတယ်။ ဒါပေမယ့် တကယ်တမ်းကျရင် အလုပ်ရှင် ကမသိချင်ယောင်ဆောင်နေတာ များပါတယ်။ ကိုယ့်ရွှေ မြန်မာတွေ အနေနဲ့ကလဲ ဘယ်တော့မှ တောင်းဆိုလေ့ မရှိတဲ့ အခါကျတော့ အလုပ်ရှင်ကကြိုက်တာပေါ့။ ဥပမာ- ရိုးရိုးတန်းတန်း ဖျားနာတဲ့ အခါ အလုပ်သမားတွေဟာ တွေ့ရာ ဆေးမှီးတိုလေးတွေနဲ့ ကိုယ့်ဟာကို ကုပါတယ်။ အဲဒီလိုဖျားနာနေလို့ ခွင့်ယူတဲ့အခါ တရားဝင်ခွင့်တိုင် တဲ့ အခါတရက်ပေးပါတယ်။ အကြောင်းတခုခုကြောင့် ခွင့်မတိုင်နိုင်ခဲ့ရင်တော့ နှစ်ရက်စာလောက် ခွင့်မဲ့ အဖြစ်လခထဲက ဖြတ်ပါတယ်။ တရက်ကနေနှစ်ရက်ဖျားလာတဲ့အခါ ခွင့်တိုင်ထားသည့်တိုင် အဲဒီရက်ကို လခထည့်သွင်းလေ့မရှိလဲ လစာမဲ့ခွင့် အဖြစ်သတ်မှတ်ပါတယ်။ အဲဒီတော့ အလုပ်သမားတွေ ခမြာ နီးစပ်ရာ ဆေးခန်းတွေမှာ ၂၅ ကျပ်ပေး ဆေးစာယူပြီး ၄၀ အဖြတ်ခံရမယ့် အစား ၁၅ ကျပ် ကျန်လဲမနဲအောင် အရင် ၂၅ ကျပ်ရင်း ပြီး ဆေးစာယူရပါတယ်။ အကယ်လို့ လက်ပြတ် ခြေပြတ် ဖြစ်လောက်အောင် ထိခိုက် ဒဏ်ရာ ရခဲ့ရင်လဲ အလုပ်ရှင်ဟာ အတတ်နိုင်ဆုံး သူနဲ့ မဆိုင်အောင် ရှောင်လေ့ရှိပါတယ်။ ရှောင်လို့ မဖြစ်လောက်အောင် ခိုင်မာနေတယ်ဆိုလဲ ၁၀၀၀ -၂၀၀၀ လောက်လက်သိတ် ထိုးပေးလို့ ၀တ်ကြေတမ်းကြေ လုပ်ပေးပါတယ်။ တကယ်ဆို ဒီထက်မက ရသင့်တဲ့ အခွင့်အရေးရှိပါတယ်။ မြန်မာ အလုပ်သမားတွေရဲ့ ဥပဒေရေးရာ အခွင့်အရေးတွေကို နားလည် ခြင်း မရှိသလို ပွဲစား အေးဂျင့်တွေရဲ့ လူလည်ကျ မှုတွေကြောင့် လက်တဖက်ဆုံး သွား တာ တောင် ဘာမဟုတ်တဲ့ လျှော်ကြေးလေးနဲ့ရန်ကုန်ပြန်သွား ရတဲ့ အလုပ်သမားတွေ အများကြီးပါ။ ပွဲစား တွေလူလည်ကျတယ်ဆိုတာ ဒဏ်ရာရလာတဲ့ အလုပ်သမား ဟာ အခွင့် အရေးကိုနားမလည် ပေမယ့် လျှော်ကြေးရနိုင်တယ်ဆို တာသိတော့ သက်ဆိုင်ရာ သူ့အေးဂျင့်ကိုဆက်သွယ်ပါတယ်။ အဲဒီအခါ အေးဂျင့်က မြွေမသေ ဒုတ်မကြိုး သူဌေး ကိုလဲမိတ်မပြတ်ရအောင် ၁၀၀၀၀ လောက်လျှော်ရမှာကို ၄-၅ ထောင်နဲ့ ညှိပါတယ်။ ပြီးတဲ့အခါ ခံရတဲ့ အလုပ်သမားကို တ၀က်လောက်ဘဲ ပေးပြီးညှိပါတယ်။ အဲဒီတော့ ခံရတဲ့ အလုပ်သမားဟာ နှစ်ပယ်နာပါတယ်။ ဒီအကြောင်းတွေကို သိကြလဲဘယ်လို မှ မတတ်နိုင်ကြတော့ဒီလို ဘဲ နေကြရတာပေါ့။ ကုလ နဲ့ တခြားအဖွဲ့အစည်းတွေက နေဖွင့်လှစ်ထား တဲ့ အခမဲ့ ဆေးခန်းတွေရှိပါတယ်။ ကြားရတာကောင်းပေမယ့် သွားလိုက်မိရင် သေချင်စော်နံသွားမယ်။ တလကိုတကြိမ်၊ ဒါမှ မဟုတ် တပတ်တကြိမ်လောက် ဘဲဖွင့်တဲ့ အဲ၏ဒီဆေး ခန်းတွေဟာ ရောက်လာတဲ့ လူနာတွေကို စမ်းသပ်၊ ဆေးပေး စတဲ့ ၀တ်ကြေတမ်းကြေ သာ လုပ်လေ့ရှိပြီး တကယ့် ကိုလိုအပ်တဲ့ ဆေးတွေကို ရဖို့တော့မလွယ် သလို ဘာရောဂါလာလာ ၉၆ ပါးပြောက်မယ့် ဆေးတမျိုးမျိုးကို သာပေးလေ့ရှိပါတယ်။ အဲဆေးရုံတင်ဖို့လို လာရင်တော့ လုပ်ပေးပါတယ်။ အဲဒါက တော့ လုံးဝကို မဖြစ်မနေ အခြေအနေရောက်မှပါ။ သေခါနီးမှ သဲပြကြပါလိမ့်မယ်။ အဲဒါလဲ အလုပ်သမားတွေက သွားလာ စရာမတတ်နိုင်တော့ အဲဒီဆေးခန်းတွေကို အားကိုးကြတာမဆန်းပါဘူးလေ။ တကယ်ဆို ဒီအဖွဲ့တွေအတွက် ရရှိထားတဲ့ ရံပုံငွေတွေ၊ ထောက်ပံ့ထားတဲ့ အရာတွေဟာ မနဲပါဘူး၊ တကယ်တန်း ကြည့်ရင် ကုလ အဖွဲ့လက်အောက်က အဲဒီ အဖွဲ့တွေဟာ စာရင်းကောက်ရုံသာ အလုပ်လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေဖြစ်နေတာ တွေ့နိုင်ပါတယ်။ ဒီကြားထဲ ကြိမ်ဒဏ် အတုလုပ်တဲ့ သူကလုပ်၊ တကယ်ရောဂါမရှိဘဲ အဟုတ်တရုတ်တွေနဲ့ ရောဂါရှိဟန်ဆောင် သူကဆောင် ၊အဲဒါတွေ တော့ အလုပ်ဖြစ်သဗျာ။ နောက်တော့ အဲဒီလူတွေက ကုလရုံမှာ ဒုက္ခ သည်လျှောက်ပေါ့။ မြန်မာတွေတော့နဲပါတယ်။ အဲဒါမျိုး လုပ်တာ မြန်မာ လူမျိုးနံမည်ခံ တိုင်းရင်းသားတစုပါ။ လူမျိုးတစုကောင်းစားရေး အတွက် တိုင်းပြည်မျက်နှာ အိုးမဲသုတ်တဲ့ အဖြစ်တွေပါ။ နောက်တော့ မြန်မာဆို လူလိမ် ထင်ကြပါတယ်၊ တကယ့်မြန်မာတွေ ဒါမျိုး လုပ်တာရှားပါတယ်။ တွေ့ခဲပါတယ်။ ကျန်းမာရေးကတော့ ကျွန်တော် အစောကပြောသလို မြန်မာ အလုပ်သမားတွေ အတွက် ထိရောက်တဲ့ စောင့်ရှောက်မှုမရှိပါဘူးခင်ဗျာ။ ကျန်းမာခြင်းဟာ လာဘ်တပါးဆို မလေးရောက်မြန်မာ အလုပ်သမားတွေဟာ လာဘ်တပါးဆုံးနေတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ နောက်တခါ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးလေးတွေ ပြောပါဦးမယ်။ဖ



1 comments:

စိုးထက် - Soe Htet ! said...

ကေအယ် စီးရီး အကုန် ဖတ်သွားပါတယ်ဗျို့ :D