KL ကိုသွားတောသား ၇

ဟိုကနှုတ်တယ် ဒီကဖြတ်တယ် ငါ့ရဲ့လစာ ကုန်ပြီဟယ်

လစာတွေက ရန်ကုန်ကနေပွဲစားနဲ့ လာတဲ့ သူတွေကို ပြောထားတဲ့ အထဲမှာ နှုတ်တာတွေထည့်မပြောထားပါဘူး၊ အခြေခံလစာ ၇၅၀ ရင်းဂစ်ကနေ ၉၀၀ - ၁၀၀၀ ဆိုတာ အမှန်တွေထဲမှာ ဂိတ်ဆုံးပါဘဲ၊ ၁၅၀၀ ကျော်တဲ့ အလုပ်တွေလဲ ရနိုင်သလို ဒီထက်မက ရအောင်လဲ ရှာနိုင်ပါတယ်။ အဲဒီလိုဆိုရင်တော့ ကိုယ့်ဟာကို ထွက်ရှာ ရပါမယ်။ ဒီတော့ နှုတ်လဲ နှုတ်ပါစေဆို ပြီး မလုပ်ချင်လုပ်ချင်နဲ့ လုပ်ရတော့တာပေါ့။ ရတာက ပုံမှန် ၇၅၀ - မြန်မာငွေ ၃ သိန်းကျော်လောက်ပါ။ အမှန်သာ အပြည့်ရောက်ရ ရင်ရန်ကုန်ကို ၂ သိန်းထက်မနဲပို့နိုင်ပါတယ်။ အကယ်လို့ ချေးငှားလာတာ ဆိုရင် ၆လ- ရ လလောက် လုပ်ရင် အရင်းကျေ တယ်ပေါ့နော်။ နောက်တော့ ၇၅၀ မှာ လဲဗီးကြေးဆိုတဲ့ ပါမစ်လျှောက်ထားပေးခ ၁၂၀၀ ရင်းဂစ် အတွက် သူဌေးက တလ ၂၀၀ ပြန်ဖြတ်ပါတယ်။ သံရုံးကို အခွန် ၁၀ ရာခိုင်နှုန်းဆောင်ရပါတယ်။ နောက်ကျ ကြေး ဖြတ်တာ။ ခွင့်မယ့်ပျက်တာလေးတွေ ၊ စားစရိတ်လေး နှုတ်လိုက်တယ်ဆိုရင် ၄၀၀ - ၅၀၀ လောက် ကျန် အောင် မနဲလုပ်ရပါတယ်။ အဲဒီတော့ ရန်ကုန်ကို တလ ၁သိန်း ၊ ၁ သိန်းခွဲ ရောက်အောင် မနဲ ပို့ရပါတယ်။ အဲဒီငွေနဲ့ ကြွေးဆပ်ဖို့၊ အတိုးပေးဖို့၊ အိမ်က မိန်းမနဲ့ မိသားစု အတွက် ဘာကျန်တော့မှာလဲ၊ အဲဒီလိုလဲ ကျရော ထွက်ပြေးကြပြီး ပိုရတဲ့ အလုပ်တွေ လုပ်ကြတာတွေ ရှိပါတယ်။ ထွက်ပြေးတယ်ဆိုမှတော့ ပတ်စပို့လဲ ပါမလာတော့၊ ဂျလန်း ကတ်လဲ တရား မ၀င် ၊ အိုဗာစတေး (နေထိုင်ခွင့်ကျော်လွန်) နဲ ရင်တထိတ်ထိတ်နေကြရတယ်ပေါ့။ အလုပ်ရှင်တွေက ဒီအကြောင်းသိတော့ ဒီလိုလူတွေကို ချက်ခြင်းအလုပ်ခန့်ပါတယ်။ ဒါပေမယ့် ပိုက်ဆံကတော့ မထင်လေနဲ့ ၅၀ ပေးလိုက် ၁၀၀ ပေးလိုက်ပါဘဲ။ ကိုယ်ရစရာတွေများနေလို့ အတင်းသွားတောင်းရင် ရဲခေါ်ဖမ်းခိုင်းပါတယ်။အဲဒီလို ဒုက္ခတွေနဲ့ အကြွေးကလဲ မကြေ၊ ပြန်ဖို့က လမ်းစားရိတ် မရှိ၊ ထမင်းလေးစားရယုံ၊ ဟိုဟာလုပ် ဒီဟာလုပ်နဲ့ ဘ၀ တွေပျက်ပြီး မြန်မာအချင်းချင်း တောင်းစားနေကြရတဲ့ သူတွေကို ကေအယ်မြို့လည်က ဇေယျာဆိုင် တ၀ိုက်မှာ တွေ့နိုင်ပါတယ်။ အဲဒီနားမှာလဲ လူမဆန်တဲ့ ပွဲစားတွေ အများကြီးရှိသလို၊ မလည်မ၀ယ် လုပ်နေလို့က တော့ ရောင်းစားခံကြရတဲ့ မွန်မလေးတွေ၊ ရခိုင်မလေးတွေ အများကြီးရှိပါတယ်။ တကယ်ပါ။ ပိုက်ဆံ ရှိရင် ကေအယ်မှာ မိန်းကလေးတယောက်လောက် ၀ယ်ထားနိုင်သလို ပြန်ရောင်းရင်လဲ ဖြစ်တယ်ခင်ဗျ။ ယောကျားလေးလဲ အရောင်းအ၀ယ်ရှိပါ့၊ အဲဒီတော့ ရန်ကုန်ထက် ၀င်ငွေ ကောင်းတယ် ဆိုပြီး ဒီလာ လိုက်တာ ပိုဆိုးနေလို့ ရန်ကုန်သားတွေက မလေးရှားဆို နိုးပါ။ အများစုက နယ်က လူတွေများတယ်။ အဲလိုလူတွေများလေ ပွဲစားတွေ ချမ်းသာလေ၊ လူမျိုး အောက်ကျလေ၊ ရဲတွေငွေပေါလေပေါ့ဗျာ။ ဒီတော့ ရတဲ့လခ ကျန်အောင် အခွန်မဆောင်တာတွေ ရှိလာပါတယ်။ အခွန်မဆောင်တော့ ရန်ကုန်ပြန်ရင် ပြသနာပေါ့ဗျာ။ ဗမာပီပီ နောက်ကိစ္စနောက်ရှင်းမယ်ဆိုပြီး အခွန်မဆောင်ကြတော့ပါဘူး။ နောက်ဆို ဒီကိုလာမယ်ဆိုရင် ဒါတွေ ထည့်တွေး၊ ထည့်မေးထား စေချင်တယ်ဗျာ။



တောင်ကျော်တာလွယ်မယ်ထင်လား

လခကလဲ မဟန်၊ ရဲကလဲကြံနေတော့ မထူးပါဘူး ရန်ကုန်ပြန်မယ်စိတ်ကူး ကြပြီး လမ်းစားရိတ်ရအောင်ရှာ အောက်လမ်းဆိုတဲ့ တောင်ကျော်ပြန်မယ်ဆိုတော့ ၊ လမ်းစားရိတ် က ၂၀၀၀ ရင်းဂစ်လောက်ကျပါတယ်.။ ပွဲစားနဲ့ပါ။ ကေအယ်ကနေ ကားစီးပြီး ထိုင်းနယ်စပ်ကို သွားရတာပါ။ နောက်တော့ တောလမ်းကနေ တဆင့် ထိုင်းကို ၀င်ကြရပါတယ်တဲ့၊ ထိုင်းကနေ ကားထပ်စီး မြန်မာနယ်စပ်ကို ဆက်သွားရပါတယ်။ မြန်မာနယ်စပ်ကနေ လဲ တောလမ်းက နေဖြတ်လို့ ပြည်တွင်းဝင် အဲဒီနောက် ရန်ကုန် ကိုပြန်ပေါ့နော်။ လွယ်တော့ မလွယ်ပါဘူး နယ်စပ်တွေ မှာ အရမ်း စရိုက်ဆိုးပါတယ်၊ အခပ်မသင့်ရင်တောထဲမှာ သတ်ပြီး ကိုယ့်မှာ ပါတဲ့ ဟာတွေလုခံရတတ်ပါတယ်။ ဒါလဲ ရွေးချယ်စရာမရှိတော့ရင် ဒီလမ်းကြောင်းကိုရွေးရပါတယ်။ စာအုပ် ပြန်လုပ်ပြီး ပြန်မယ်ဆိုရင် ရင်းဂစ် ၆၀၀၀ လောက် ကုန်မှ ရန်ကုန်ရောက်ပါမယ်။ ဘယ်လို အဲဒီပိုက်ဆံရှာမလဲ၊ ထီထိုးပေါ့နော်၊ မြန်မာ အပါအ၀င် နိုင်ငံခြားအလုပ် သမားတွေ ၊ မလေးငပြင်းတွေ ဟာ ဒီထီကိုဘဲ သဲသဲ မဲမဲ ထိုးကြပါတယ်။ ဒါကလဲ နောက်ဆုံးမျှော်လင့်ချက်ဖြစ်လေတော့ မဖြစ်မနေ ကံစမ်းကြရင်း ပေါက်တဲ့ သူတွေ ကအလွယ်တကူပြန်သွားကြပါတယ်။ ငွေကလဲ မနဲပါဘူး ၁ ကျပ်ထိုးရင် ၆ လုံးထီမှာ ဆို ၁၀၀၀၀၀ လျှော်ပါတယ်။ ၄ လုံးဆို အပေါ်အောက် ၂ ကျပ်ထိုးထား၇င် ၆၀၀၀ ရပါတယ်။ ၅လုံးဆို ၃၀၀၀၀ ရပါတယ်။ ကြိုက်သလောက်ထိုးလို့ ၇ပါတယ်။ တောင် ကျော်မယ့် ရည်မှန်းချက် ၊ အိမ်ကို ပြန်ချင်ဇောနဲ့ တပတ် သုံးခါထွက်တဲ့အဲဒီထီကို ထိုးကြရင်း အိမ်ပြန်လမ်းဝေးနေသူတွေ တပုံကြီးကို ထီဆိုင်တွေမှာ တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံသား ကောင်လေးတယောက်တော့ ၆ လုံးထီတခါပေါက်သွားတယ်လို့ ပြောပါတယ်။ သူပေါက်တာ ၁၃ ကျပ်ဖိုးတဲ့ နော်။ တွက်ကြည့်ပေါ့ဘယ်လောက်လဲ။

ရဲကတော့ ရဲဘဲပေါ့

အိုဗာစတေးသမားတွေ၊ ဂျလန်းကတ် ဒိတ်အောက်နေသူတွေ၊ အတုလုပ်ထား သူတွေ၊ ဒုက္ခသည် လက်မှတ်ကိုင်ထားသူတွေ အားလုံး ၇ဲကို လန့်ကြတာချည်းပါဘဲ။ မလေး စကားလေး နဲနဲ တတ်။ အချိုးပြေပြေလေးနေရင်တော့ ဘာကတ်မှမရှိလဲ နေလိုကရပါတယ် ၅၀ လောက်တော့ ဆောင်ထားပေါ့နော်။ မီးတန်းလို့ ခေါ်တဲ့ ရဲကားကို အဝေးကမြင်တာနဲ့ မြန်မာအပါ အ၀င် နိုင်ငံ ခြား အလုပ်သမားတွေက ဝေးဝေး ရှောင်ကြပါတယ်။ သူတို့က နဲနဲ တော့ အေးဆေးပါ။ တယောက်ကခြောက် တယောက်ကမြောက်နဲ့ အမှန်က ငွေညှစ်တာပါ။ အဖမ်းခံ ရရင် ၅၀ - ၁၀၀ လောက်နဲ့ လွတ်ပါတယ်။ သဘောကောင်းတဲ့သူနဲ့ တွေ့ရင် ဆေးလိပ်လောက်တိုက်တာနဲ့ လွတ်ပါတယ်။ အမြင်ကတ် ပုဒ်မနဲ့အဖမ်းခံ ရတယ်ဆိုရင်တော့ တမျိုးပေါ့နော်။ ရဲကတော့ အဘန်း( အကိုကြီး) ဆရာ ဘလန်ဂျာ (ကျွန်တော်ပြုစုပါမယ်) ဒီလောက်ပြောလိုက်ရင် အေးဆေးပါဘဲလို့ ပြောကြပါတယ်။ ကြောက်ရတာက ရာလာ လို့ဆိုတဲ့ စွတ်ဖမ်းတဲ့ ကောင်တွေရယ် ၊ အော်ပရာစီ ဆိုတဲ့ စီမံချက် တွေရယ်ကိုပါ။ အဲဒီလိုဆို လွတ်ဖို့မလွယ်ပါဘူး။ ရာလာဆိုတာ အခု ဘာဒါဝီ ၀န်ကြီးချုပ်ဖြစ်တဲ့ အချိန်မှာပေါ်လာတဲ့ အလုပ်လက်မဲ့ သူ့နိုင်ငံသားတွေကို လုပ်အားပေး ဖမ်း ခိုင်းတဲ့ အဖွဲဖြစ်ပါတယ်။ သူတို့က ရဲတွေမဟုတ်ပါဘူး။ မင်းတို့ အလုပ်မရှိတာ ဒီလိုအလုပ်သမားတွေရှိလို့ဆိုတဲ့ ပေါက်ကရ စွတ်စွဲချက်နဲ့ စည်းရုံးထားပြီး တရားမ၀င်အလုပ် သမားတယောက် ဖမ်းပေးနိုင်ရင် မလေးရင်းဂစ် ၈၀ ရတယ်လို့ပြောပါတယ်။ တကယ်တော့ သူတို့မလေးတွေက ပြင်းပြီး မလုပ်တာပါ. အလုပ်တွေပေါမှပေါပါ။ မလေးလူမျိုးတယောက်ဟာ စက်ရုံတရုံမှာ အလုပ်လိုချင်လို့ သွားတောင်းတဲ့ အခါ ခန့်ပေးရပါတယ်။ အဲဒီလို ဥပဒေလဲ ရှိ၊ အလုပ်တွေလဲ ပေါရဲ့သားနဲ့ အလုပ်ကြတာပါ။ နောက်တခုက သူတို့ နိုင်ငံတိုးတက်လာတာ ဒီလို နိုင်ငံခြား အလုပ်သမားတွေရဲ့ အားကြောင့်ဆိုတာ မမေ့သင့်ပါဘူး၊ လက်ရှိလဲ အလုပ်အကိုင်တွေက ပေါများနေဆဲပါ။ အဲဒီလို ရာလာတွေဟာ မှန်တာမှားတာ နောက်မှပြော၊ စခန်းရောက်မှ ရှင်းဆိုတဲ့ ကောင်တွေပါ။ တကယ့် ရမ်းရမ်းကားကားတွေမို့ ဒေသခံရဲတွေနဲ့ မကြာခဏ ပြသနာတတ်ပါတယ်။ ဒုက္ခသည်များဆိုင်ရာ အသိအမှတ်ပြုရေး စာချုပ်ကို မလေး အစိုးရက လက်မှတ် ထိုးမထားတဲ့ အတွက် သူ့နိုင်ငံအတွင်းက တခါတလေ အမြင်ကတ်လို့ ဖမ်းမိတဲ့ ဒုက္ခသည်တွေကို ထိုင်းနယ်စပ်က ဒုက္ခ သည်စခန်းတွေဆီ သွားပို့ပစ်ပါတယ်။ အဲဒီလို အပစ်ခံရတဲ့ အထဲမှာ တရားမ၀င် အလုပ်သမားတွေလဲ ရောပါသွားတတ်ပါတယ် .။ ပါသွားလို့ကတော့လမ်းဆုံးဖို့ များသွားပါပြီ.။ ဘာလို့လဲ ဆိုရင် နယ်စပ်ကို ရောက်လာတဲ့လူတွေကို ပွဲစားတွေက လာကောက်ပါတယ်။ သဘောက ဘယ်လိုဘာကို ထက်ပြီး အဆက်အသွယ် လုပ်ရမှန်းမသိတဲ့ သူတွေကို စားစရာကြွေးနေစရာပေးခေါ် ထားတာပါ။ နောက်တော့မှ ငါးဖမ်းလှေတွေကိုရောင်း စားခံရတာပါ။ ယောက်ျားရော မိန်းမရောပါဘဲ။ ရောင်းစားခံရတဲ့ သူတွေ အတွက် ဘယ်လိုအကူအညီပေးရမယ်ဆို တာထက် ရောင်းစားမခံရအောင် ဘယ်လို လုပ်ကြမယ်ဆို တာကို ကျွန်တော်တို့ စဉ်းစား ပေးသင့်ပါတယ်။ အဲဒီလို လာပစ်တဲ့ လူတွေအတွက်ရဲတွေဟာ တယောက်ကို ရင်းဂစ် ၅၀၀ ကနေ ၁၀၀၀ ကျော်အထိရ နိုင်ပါတယ်။ ပွဲစားတွေက တော့ သောင်းဂဏန်းလောက်နဲ့ ရောင်းစားကြတာပါ။ မိန်းကလေးဆို လှေသမားတွေရဲ့ အပျော် မယား အဖြစ်ရောင်းခံကြရတာပါ။ သူတို့တွေဟာ လှေကမ်းကခွာတယ်ဆိုတာနဲ့ အသက်ရှင်လျက် ပြန်လာရဖို့ မလွယ် တော့ပါဘူး။ တလှေမှာ ၆လလောက်လုပ်ရပါတယ်။ အဲဒီခြောက်လပြည့်လို့ လှေက ကမ်းကို ပြန်ဖို့ဖြစ်ဖြစ်။ နောက်လှေကို လွှဲပြောင်းလိုက်လို့ ဖြစ်ဖြစ် ကမ်းဘက်ကို ပြန်မလိုက်ရပါဘူး၊ ပြန်မယ့်လှေဆို ကဲ့လှေလို့ခေါ်တဲ့ နောက်တခါပင်လယ် ထွက်မယ့်လှေကို လွှဲပေးလိုက်ပါတယ် ၊ ပင်လယ်ထဲမှာပါဘဲ၊၊ အဲဒီအခါနောက်လှေနဲ့ ပင်လယ်ပြန်လိုက်သွား ရပြန် ပါတယ်။ ယောကျားတွေဟာ ဘာလစာမှမရဘဲ အလုပ်လုပ် ရပါတယ်။ မလုပ်နိုင်တဲ့အခါ ပင်လယ်ထဲ ကန်ချခံရတာတို့ အသတ်ခံရတာတို့ နဲ့ ဖျောက်ပစ်လိုက်ပါတယ်။ မိန်းကလေးတွေလဲ ဒီလိုပါဘဲ၊ လှေမှာပါတဲ့ ယောကျားတွေအားလုံး နဲ့ အပျော်အပါး ကိစ္စကို အသုံးခံရပါတယ်။ သူလဲ မလုပ်နိုင်ရင် ပြန်ရောင်းခံ ရတာ၊ အသတ်ခံ ရတာတွေ ခံရပါတယ်။ အဲဒီတော့ ရဲအဖမ်းခံရတာ ဟာလွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ကြိမ်ဒဏ်ပေးတယ်ဆိုတာ အမာရွက်ပါ သွားယုံပါ။ နယ်စပ် အပို့ခံရရင် မလွယ်ပါဘူး။ ကြိမ်ဒဏ်ကလဲကြောက်ဖို့ကောင်းပါတယ်။ ပုံလေးကြည့်ပါ။ အဲဒီလို ပြစ်ဒဏ်ဟာ အခုလို ယဉ် ကျေးတဲ့ လူ့အသိုင်းအ၀ိုင်းမှာ မထားသင့်တော့တဲ့ အရာလို့ထင်ပါတယ်။ ဆိုးတဲ့ ရဲနဲ့ တွေ့လို့ ဘ၀ပျက်သွားနိုင် သလို ကောင်းတဲ့ ရဲကလဲ ကောင်းပါတယ်။ သူတို့တွေဟာ နိုင်ငံခြားသား အလုပ်သမားတွေကို အမှန်သမားရော မမှန်သမား ရောထံက ငွေညှစ်တတ်ပါတယ် ။ ၁၀ ရရင် ၁၀၊ ၁၀၀ ရရင် ၁၀၀ ယူပါတယ်။ ဘာမှမပါရင် တော့လမ်းစားရိတ် ပေးတာ ပြန်လိုက်ပို့ပေးတာ တွေလုပ်ပေးလေ့ရှိပါတယ်။ တကယ်တော့ မလေးလူမျိုးတွေဟာ ပြင်းတာကလွဲလိုကောင်းတဲ့ အချက် တွေလဲ ရှိပါတယ်။ အထူးသဖြင့် မြန်မာစစ်စစ်အလုပ်သမားတွေနဲ့ ရဲတွေဟာ တည့်ပါတယ်။ မြန်မာတွေက လူလည် များတယ်လေ။ ပြန်တိုင်လို့ ပြုတ်တဲ့ ရဲတွေအများကြီးပါ။ ပြုတ်သွားရင်တော့ မလေးမှာ အလုပ်တခုပြန်ခန့်ခံရဖို့ မလွယ်တော့တဲ့ အတွက်ရဲတွေက ကြောက်ကြပါတယ်။အူတူတူနဲ့ အိကျီအပွတွေဝတ်။ ဘောင်းဘီအကြပ်တွေ၊ စတိုင် ဘောင်းဘီဝတ် ဝေါ့ကင်းရှုးစီး ဦးထုပ်ဆောင်းတဲ့ တောသား ကြောင်တောင်တောင် တွေကို တွေ့ရင်ရဲတွေပျော်ပါတယ်။
ငွေတောင်းလို့ကောင်းတယ်လေ၊ ကြည့်လိုက်တာနဲ့ မြန်မာ အလုပ်သမား တောသားမှန်းသိတယ်။ ရဲတွေက မြန်မာ စကား အတော်များများကို နားလည်နေကြတာ ကိုကြည့်ရင် မြန်မာနဲ့ မလေးရဲ ဆက်ဆံရေးသိနိုင်ပါတယ်။ နောက်တခု အော်ပရာ စီဆိုတဲ့ စီမံချက်တွေဆို ပုရွက်ဆိတ်တောင် မလွတ်အောင်ဖမ်းပါတယ်။ တော်တော် လေးပြင်ဆင်ပြီးမှ အလုပ်သမားတွေ နေတဲ့ နေရာတွေကို ၀င်စီးကြပါတယ်။ နောက်တခုက အလုပ်သမားတွေ ဆူညံတာ။ အချိုးမပြေတာတွေကို ကြည့်မရတဲ့ အိမ်နီးချင်းကတိုင်ရင်လဲ အော်ပရာစီတတ်ပါတယ်။ မလေးမှာ အော်ဆိုရင် တော့ ရာလာတွေ ပါလာတတ်ပါပြီ။ အဲဒီတော့ အော်ပရာစီရင် လွတ်ဖို့ရယ်လမ်း မမြင်ပါဘူး။

ဂျလန်းကြမယ် ဂျလန်း

မင်းဘယ်ကိုလဲ မေးရင် ဂျလန်း မယ်ဆိုတဲ့ ဝေါဟာရကတော့ မလေးရောက် ရွှေတွေရဲ့ပါးစပ်မှာ ရင်းနှီးနေပီးသားပါ။ ဂျလန်းဆိုတာ မလေးလို လမ်းကို ခေါ်ပါတယ်။ ဂျလန်းကတ်ဆိုတာ မလေးအင်မီဂရေးရှင်းမှာ အလုပ်ရှင်ကထောက် ခံပေး ထားလို့ထုတ်ပေးထားတဲ့ လမ်းသွားလာခွင့်ကတ်ပါ။ ပတ်စပို့အစား သုံးတာပါ။ တရားဝင်အလုပ်သမား ဖြစ်ကြောင်း ထောက်ခံချက်လဲဖြစ်ပါတယ်။ အဲဒီကတ်ကို ပြရင် ရဲကလွတ်ပေးတတ်ပါတယ်။ ဖမ်းခံရရင်လဲ အလုပ်ရှင် လာထုတ် ရင် ရပါတယ်။ သက်တမ်းကုန်နေရင်တော့ မရပါဘူး။ အဲဒါကြောင့် ပတ်စပို့ အသိမ်းခံထားရတဲ့ တရားဝင် အလုပ်သမားတွေ ဟာ မိမိဂျလန်း ကတ် ဒီတ်ကုန်မကုန် အမြဲ သတိထားဖို့လိုပါတယ်။ သူက အတုလဲ ထွက်ပါတယ်။ ကတ်အတုအစစ် ကို လမ်းမှာ လျှောက်လာတဲ့ ရဲက စစ်ရင် မသိပေမယ့်။ ကားနဲ့ လာတဲ့ ရဲကမသင်္ကာလို့ စစ်ရင် မိပါတယ်။ သူတို့ကားထဲမှာ အတုအစစ် ခွဲခြားတဲ့ စက်ပါ ပါတယ်။ တခါက ရွှေသုံးယောက် ဘက်စ်ကား စီးရင် ဘလောက်ချက်လို့ ခေါ်တဲ့ ကားတွေကို တားပြီးစစ်တဲ့ စီမံချက်နဲ့တွေ့ကြပါတယ်တဲ့။ သုံးယောက်မှာ နှစ်ယောက်က ဂျလန်းကတ် အတုနဲ့ပါ. အဲဒီမှာ ပြေးလို့ ကမရတော့ သုံးယောက်လုံးကို ရဲက ကားပေါ်တတ်အစစ်မှာ အတုသမားနှစ်ယောက်ရဲ့ကတ်က တောက်တောက် ပြောင် ပြောင်နဲ့ဆိုတော့ အစစ်ထင်ပြီး အစစ်ကိုင်ထားတဲ့ကောင်ကို အတုထင်ပြီး ဆွဲချသွားပါတယ်တဲ့။ ကဲအတုနဲ့ အစစ် ဘယ် လောက်ကွာလဲ။ ဂျလန်းကတ်လေးမှန်မှန်နဲ့ ဂျလန်းနေတဲ့ ရွှေတယောက်ဟာ ခေါင်းမော့ပြီးသွားနိုင်ပါတယ်။ ဟဲဟဲ visit visa နဲ့လူဆိုရင်တော့ ရဲကို နားရင်းတောင်တီးလို့ရတယ်ခင်ဗျ။ သူတို့နိုင်ငံရဲ့ ဥပဒေတွေက လဲအဆန်းပါနော် ကလေး တယောက်ကို သှူုမိဘက ရိုက်တာ ဘေးအိမ်ကတိုင်ရင် ရဲကချက်ခြင်းလာ ဖမ်းပါသတဲ့ဗျာ။

0 comments: