ကျွန်တော် ပြောချင်ရေး ချင်တာတွေ အများကြီးရှိပါသေးတယ်။ ဒီတလကို တော့ ကျွန်တော့ ပါစင်နယ် အလုပ်တခုကြောင့် ဘလောက်ရေးခြင်း နားပါမယ်။ တလပြည့်တဲ့ အခါ စိတ်သစ် လူသစ် အတွေးအခေါ် သစ်တွေနဲ့ ပြန်လည်ရေးသားပါမယ်။ လာရောက် ဖတ်ရှုတာ ကျေးဇူးပါ။
ဘလာဂေါက်
တဆောင်းကတော့ သစ်ပြန်ပြီ
အဟောင်းတွေ ဘဲ ဖြစ်ဖြစ်နေတဲ့
စိတ်ကူးတ၀က်နဲ့
ငါနှစ်သစ်ကို ကူးရဦးမယ်။ ။

နေ့တွေ နေ့တွေ တွားသွား
ညတွေ ညတွေ တအားများနေလဲ
ဘ၀ တွေ အလှ တွေ ကြားမှာ မော
ငါမြောမြော လာတာ အတော်ကြာပေါ့။ ။

မနက်ကတည်းက ညကို သွား
ညတည်းက မနက်ကို စောင့်စား
ပါးပါးလေး ခြားတဲ့ စည်းများက အလွှာခြား
အဟာရတပါး နဲ့ပျော်ပါး
စားသုံးမှုကတော်တော်များတယ်။ ။

အဟောင်းလဲ မဟုတ်
အသစ်လဲ မဖြစ်တဲ့
ဒီတနေရာကို ဖြတ်လာခဲ့တာ
၂၇ ကြိမ်ရှိပါပေါ့
သိပ်လဲ မထူးခြားပါဘူး။ ။

ပျော်တဲ့လူကပျော်
အော်တဲ့သူကအော်
ညစ်တဲ့ သူကညစ်
ချစ်တဲ့ သူကချစ်နဲ့
ထူးမခြားနား ပတ်ပျိုးမှာခုန်က
ဒစ်စကိုည တေးသွားတခုကို မျိုချ
စိတ်မပါ့တပါအော်ကြတဲ့
နယူးရီးယား ည။

လုပ်ချင်ရာတွေ လုပ်
မလုပ်ချင်တာလဲ လုပ်
ဟုတ်ချင်လဲ ဟုတ်
မဟုတ်ချင်လဲ ဟုတ်
ကိုယ့်ကိုကိုယ် မြူဆွယ်မှုမှာ မှုးရစ်
ဆူးဖြစ်နေတဲ့ အတ္တက နှလုံးသားမှာ စိုက်
ရူးရူး မိုက်မိုက် ဆက်သွား ရဦးမယ်
၂၀၀၈ မှာလဲ လေ။ ။

 

ကျွန်တော်ကြည့် ဖူးတဲ့ 1408 ကလွန်ခဲ့တဲ့ လေးလလောက် ကပထမဆုံးပေါ့။ သရဲကား ဆို တော်ယုံမကြည့် ဖူးတဲ့ ကျွန်တော် ဒီကားလေးကို သဘောကျတယ်။ ဘာလို့လဲ ဆိုတော့ သရဲ တွေ ၀ိညဉ်တွေ၊ ဘုရား သခင်၊ ပုံပြင်တွေ ကို သိပ်မယုံကြည် ချင်တဲ့ စာရေး ဆရာတယောက် တကယ် သရဲခြောက်ခံရတဲ့ အခါဖြစ် ပေါ်လာတဲ့ ကြောက်စိတ်၊ အားငယ်စိတ်၊ ရူးသွပ်စွာ သူရဲ ကောင်းဆန်လိုမှု၊ တွေဝေမှုတွေ အတုအယောင်တွေကို အစစ် ထင်နေတဲ့ သူ့ရဲ့ စိတ်ကို ထိန်း ကြောင်းရင်း အခက်အခဲကို ကြော်လွှား ဖို့ကြိုးစားပုံ၊ နောက်ဆုံး သူရဲ့ ရေးချင်နေတဲ့ ဇတ်သိမ်း ကို ရသွားပုံ၊ သူ့ရဲ့သေဆုံးသွားတဲ့ သမီးလေးနဲ့ သူပြန်တွေ့ပုံတွေကို ကြည့်ရင်း ကျွန်တော် အတင်းလိုက် ကြောက်အောင်ခြောက်လှန့်တတ်တဲ့ သမားရိုးကျ သရဲကားတွေက ခွဲထွက်နေတဲ့ အဲဒီကားကို သဘောကျမိတယ်။ ပထမကြည့်တော့ ဇာတ်သိမ်းက သူနောက်ဆုံး ထွက်လို့မရတဲ့ ဒီအခန်းထဲ ကနေ ထွက်ဖို့ ကြိုးစားတဲ့ အနေနဲ့ သရဲရော သူပါဇာတ်သိမ်း ဘဲ ဆိုပြီး အခန်းကို မီးရှို့တဲ့ အခါ မီးသတ်သမားတွေ ကယ်လို့ သူအသက်မသေဘူး၊ ချိုင်းထောက်နဲ့ ပတ်တီးအဖွေးသားနဲ့ ဖြစ်သွားပြီး အိမ်မှာ သူ့မိန်းမနဲ့ သူပစ္စည်း တွေ ရှင်းနေ ရာက မီးတပိုင်းတစ လောင်ထားတဲ့ တိတ်ရီကော်ဒါလေး ကိုပြန်သွားတွေ့တယ်။ အဲဒါလေးက သူ စာမရေးခင် အချက်အလက်တွေ စုဆောင်းတဲ့ အသံဖမ်းစက်လေးဘဲ။ ဒါလေးက အခန်း မီးလောင်တော့ ရှင်းလင်းရင်း မီးသတ်တွေက တွေ့လို့ ပြန်ပေးထားတဲ့ ဟာလေးပေါ့။ နောက်တော့ သူ့ မိန်းမနဲ့ သူဖွင့်ကြည့်လိုက်တဲ့အခါ သေသွာတဲ့ သူ့သမီးလေးနဲ့ သူနဲ့ အခန်း ထဲမှာ စကားပြောနေတဲ့ အသံတွေ ထွက်လာတယ်။ အဲဒီတော့မှ သူ့မိန်းမက သူ့ ယောက်ျားပြောတဲ့ အကြောင်းတွေအားလုံး ယုံပြီး တကယ်ဘဲ သရဲ ခြောက်ခံ ရတယ် ဆိုတဲ့ အတွေးနဲ့ မယုံကြည် နိုင်တဲ့ မျက်နှာထား ဖြစ်သွားပုံနဲ့ အဆုံးသတ်ထားတယ်။

ကျွန်တော်ပြောချင်တာ မနေ့က အဲဒီဇာတ်ကားကို ကျွန်တော် နောက်တခေါက် ပြန်ကြည့် ဖြစ်တယ်။  ဘာလို့လဲ ဆိုတော့ ကျွန်တော့ အမျိုးသမီး မဒန်ဂေါက် ကမြန်မာ စာတန်း ထိုး နဲ့ ဆိုပြီး ထပ်ဝယ်လာလို့ပါ။ ထူးခြားတာက ဒီတခါကြည့်တော့ အခန်းမီးလောင် သွားတဲ့ အထိ အားလုံး တူတူဘဲ ၊ နောက်တော့ ဒီတခါ ဇာတ်သိမ်းက တမျိုးဗျ။ အခန်းမီးလောင် သွားတော့ သူသေသွားပြီး၊ နောက်တော့ သူ့အသုဘမှာ ဟိုတယ် မန်နေဂျာ ကသူ့ရဲ့တိတ်ရီကော်ဒါလေး ကို ကျန်ရစ်တဲ့ သှူု့ အမျိုးသမီးကို လာပေးတယ်။ ဟိုက လက်မခံတော့ မန်နေဂျာလဲ ကားပေါ် ပြန်တက်ပြီး အဲဒီတိတ်ရီကော်ဒါလေးကို ဖွင့်ကြည့်တဲ့ အခါ သေသွားတဲ့ စာရေးဆရာနဲ့ သူ့ သမီးလေး အခန်းထဲမှာ စကားပြောနေတဲ့ အသံထွက်လာပါတယ်။ နောက်ကြည့်မှန် ထဲမှာ တောင် ကလေးမလေးပုံ ခဏလောက်ပေါ် လာပြီး၊ မန်နေဂျာကိုယ်တိုင် သရဲခြောက်ခံ လိုက် ရပါတယ်။ နောက်တော့ စာရေးဆရာကိုယ်တိုင် အခန်း ၁၄၀၈ မှာ သရဲ ပြန်ဖြစ်နေတာနဲ့ အဆုံးသတ်ပါတယ်။ ဒီတော့ ကျွန်တော် နှစ်ခါကြည့်တာ ဇာတ်သိမ်း နှမျိုး ဖြစ်နေလို့ ကြည့် ပြီင်္းသူများ ငြင်းကြရအောင် ပြန်ပြောလိုက်တာပါ။ ဒါကြောင့် ဇာတ်သိမ်း နှမျိုး ဖြစ်နေတဲ့ အတွက် ခွေကြောင့် လား၊ လို့ ထင်ပါတယ်။ တခါတရံမှာ ဒီဗီဒီ အခွေတွေထဲမှာ ဇာတ်သိမ်း နှမျိုး ကြည့်လို့ ရအောင်ထည့်ထားတတ်တာ ကြားဖူးပေမယ့် ကိုယ်လဲ တခါမှ မလုပ်ဖူးတော့

ခွေအစစ်နဲ့ ကြည့်ကြရသူများ က ဟုတ်လားမဟုတ်လား အဖြေလေးများ ပေးကြပါလို့ - - - ။

တက်တက်ပြောင်သွားတယ်၊ တက်တက်စင်အောင် လွဲတာဘဲ၊ လူစုံတက်စုံဘဲ
အစရှိသဖြင့်ကျွန် တော်တို့ ဒီစကားတွေကို သုံးစွဲနေကြဖြစ်ပါတယ်။
အဲဒီစကားတွေထဲ တက်တက်ပြောင် တယ် ဆိုတဲ့ စကားလေးတခုကတော့ ကျွန်တော်တို့
ဘလောက်ဂါရောင်းရင်း များကြား ရေပန်းစားတယ်ခင်ဗျ။ အရင့် အရင်အခါတွေတုန်းက
ပိုက်ဆံတပြားမှ မရှိအောင် မကျန်အောက် သောက်ကြတဲ့ အခါ ကိုတက်စလာကို
နောက်ပြောင်ကြတဲ့ စကားလေးကတော့ အစောကပြောတဲ့ တက်တက်ပြောင်၊ တက်တက်ကြီး
ပါလာသမျှပြောင် ကုန်တယ်ဆိုတဲ့ သဘောနဲ့ပါ။ မနေ့ကတော့ တက်တက် တင်မကဘဲ
အားလုံးပြောင်တဲ့ ညပါဘဲ၊ ဖြစ်ပုံကဒီလိုခင်ဗျ၊ မနေ့ကနေ့လည်လောက်မှ
ကျွန်တော် ဂျီတော့ နေရင်းကို မျက်လုံးကို တွေ့တာနဲ့ ထုံးစံ အတိုင်း
ညနေဘယ်လို လဲမေးတော့
မျက်- ရပါတယ်- လုပ်လေ
ဂေါက် - ဘယ်အချိန်လာမှာလဲဗျ
မျက် - ၆နာရီ-ခင်များ ကိုတက်ကို ဆက်ထားလိုက်
ဂေါက် - အိုကေ

ညနေ ၅ နာရီခန့်

ကလင်ကလင်
ဟဲလို
ကျွန်တော် စိုးဇေယျပါ
ပြောလေ
ခင်ဗျားတို့က တကယ်သောက်မှာလား ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး
ရပါတယ် လာမှာသာလာ ကိုမျက်စေ့ တိုက်မှာ
ပြီးရော- ခင်ဗျား ကားခပြန်ပေးရမယ်နေုာ်
လုပ်လိုက်စမ်းပါ၊ ဒါနဲ့ကိုတက်ကို ခင်ဗျား ဆက်လိုက်ဦး ၊ ကျွန်တော်ဆက်တာ
မရဘူးဖြစ်နေတယ်
အိုကေ - ဘိုင့်ဘိုင်

၆ နာရီကျော်ကျော်ခန့်တွင်

ဟလို
ကိုဂေါက်လား
ဟုတ်တယ် ကိုမျက်စေ့ပြော
ကျွန်တော်နဲနဲ နောက်ကျမယ် - သူငယ်ချင်းတယောက်နဲ့ ချိန်းလိုက်လို့
အိုကေ
ခင်ဗျားဘယ်မှာ စောင့်မှာလဲ
ကျွန်တော်ရုံးမှာ ဘဲရှိမယ်လေ
အိုကေဗျာ- ကိုတက်ရောတွေ့လား
မတွေ့သေးဘူး
ဒါဘဲနော်

၇ နာရီခွဲခါနီး

ဖုံးလာနေတယ်
အေးအေး ကိုင်လိုက်မယ်
ပြောပါ
ကျွန်တော် စိုးဇေယျပါ ခင်ဗျားတို့က ဘယ်မှာလဲ
ကျွန်တော် ရုံးမှာ
အော် - ကျွန်တော်က ရွှေမန်းမှာ သွားရှာနေတာ
မရှာနဲ့ ဘယ်သူမှ မရှိသေးဘူး
ဒါဆိုလာပြီ

ငါးမိနစ်အတွင်း ကိုစိုးဇေယျရောက်လာသည်။ သူ့လက်ထဲတွင် တရုတ် ဘီယာ
ပုလင်းတလုံး ကိုင်ထားလေ၏။
ထို့နောက် ကျွန်တော် ချက်နေသော ဂျီတော့ကို အတင်းထွက်ခိုင်းကာ
သူဝင်ထိုင်ပြီးချက်လေ တော့၏။
မကြာလိုက် ဂျီတော့ထဲတွင် ကိုတက်နှင့် အဆက်အသွယ်ရသွားသည်။
၈ နာရီခန့်တွင်ကျွန်တော်တို့ ရုံးပေါ်မှ ဆင်းလာခဲ့သည်။ ထိုနောက် ရွှေမန်း - -
ဒန်တန်တန့် တန် - -- -
ဘယ်သူမှ မတွေ့ - အာ ပြသနာဘဲ ကိုမျက်စေ့ကလဲ မလာ ၊ ကိုတက်ကလဲ နောက်ပြန်ပြီ၊
ဖုံးဆက်ကြည့်လိုက်သည်။
ကိုတက်လား ခုဘယ်မှာလဲ
ခင်ဗျားတို့ကရော ဘယ်မှာလဲ
အမယ် သူက ၊ ကျွန်တော်တို့က ရွှေမန်း နားမှာလေ၊
အော်- ကျွန်တော် လာနေဘီ- အဲဒီနားက အင်တာနက်ဆိုင် ပိတ်လို့ ဟိုဘက်သွားနေလို့
ဒါဆို ထိုင်နှင့်မယ်
အိုကေ စောင့်နေ

ကျွန်တော်နှင့် သတင်းထောက်ကြီး တယောက်တခွက်မှာ လိုက်ချိန်တွင်
ကိုတက်ရောက်လာသည်။ သို့သော် သူပြောလက်စဖုံး ကမပျက်သေး၊ အတော်ကြောအောင်
ပြောနေ သေး၏။ ထို နောက်တွင်တော့ ကျွန်တော်တို့ ရဲ့ထုံးစံပွဲကြီး စလေသည်။
ကိုမျက်စေ့ကား ပေါ်မလာသေးချေ။

သောက်နေရင်းမှ - ဟာ ဒါနဲ့ ကိုတက် ကျွန်တော့မှာ အာရကေ နဲနဲဘဲ ရှိတယ်။
ကျွန်တော်ကပြောတော့ သတင်းထောက်က ရှိုးမန်းနီးတွေ အတင်းထုတ်ပြလေသည်။
သူ့ရှိုးမန်းနီးက ယိုးဒယားတို့ စင်္ကာပူ တို့ ၀င်လောက်အောင် မပြည့်သေး၊
သူပြောသားဘဲ သူ့မှာ မရှိဘူလို့၊ ကျွန်တော်ကလဲ ကိုမျက်စေ့ အားကိုနဲ့
ထွက်လာတာ။ ကိုတက်ကလဲ သူ့မှာပါတာတွေ ထုတ်ရေ သည်။ ထို့နောက်
မျှော်လင့်ချက်ပါသော လေသံဖြင့် တယောက် သုံးလေး ခွက်လောက်တော့ ရမှာပါ။
ကျွန်တော်တို့ တယောက် သုံးခွက်သောက်ပြီးချိန်တွင်
တခါပိုက်ဆံရှင်းလိုက်သည်။ နောက်ထပ်သောက်ရင် အိမ်ပြန်စရာ မရှိနိုင်တော့။
ဒါနှင့် သတင်းထောက်ကြီး ယူလာသော တရုတ် ဘီယာ ပုလင်းကို
မျက်စောင်းထိုးလိုက်ကြသည်။ သူကတော့ မသောက်ချင်ဘူးငြင်းသည်။ သူဘာကြောင့်
ငြင်းလဲ သောက်မှဘဲ သိတော့သည်။ ဘီယာက ရေခဲတွေထည့် ကန်းထ၇ီး စတိုင်
ချနေတာတောင် တော်တော် ချိုရဲနေ၏။ မရှိတော့လဲ သောက်ရတာပေါ့ဟု ကြိတ်မှိတ်
သောက်လိုက်သည်။ ထိုအခိုက် ဖုံးဝင်လာသည်။ ကျွန်တော့် အကိုက ချောင်းသာသွား
မယ် လိုက်မလား မေးခြင်း ဖြစ်၏။ တကာလိုနေချိန်ဖြစ်တာနှင့် မင်းချောင်းသာ
နောက်မှ ထား၊ အခုလာခဲ့ ပြီး ငါ့ကို ဘီယာ လာတိုက်ဟု ကျွန်တော် ဆွဲစိ
လိုက်၏။

ဆိုင်လဲပိတ်နေလေ ပြီ ကျွန်တော့် အကိုကား ရောက်မလာသေး၊ လမ်းဘေးမှာဘဲ
ထိုင်ရမလို ဖြစ်နေတုန်း ကျွန်တော့ အကို ရောက်လာ၏ ၊
ဘယ်ဆိုင်သွားမလဲ
နာရီကြည့်လိုက်တော့ ၁၂ နာရီ ၁၀ မိနစ်
စမ်းချောင်းထဲ သွားမယ်လေ
စမ်းချောင်းလမ်းထဲ ၀င်လာလိုက်သည်။ ကံကောင်းချင်တော့ လမ်းထဲနဲနဲ
ဝင်ရုံလေးမှာ သိမ်းလက်စတန်းလန်း ဘီယာဆိုင်တခုကို တွေ့လိုက်လေသည်။
ကျွန်တော်တို့ ၀င်သွားကြသည်
ဆိုင်ပိတ်တော့မှာခင်ဗျ
အော် ခဏလေးပါဗျာ - ဘီယာတစ်လုံးနဲ့ ၀ီစကီတပြားချပါ။
ဘာစားဦးမလဲ
ပဲချမ်းသုတ်- ရေခဲ - ရေသန့်
မှာစရာတွေမှာ ပြီးနောက် သောက်ကြစားကြ စကားပြောကြနှင့်
ဘီယာလဲ ၃ လုံးလောက်ဖြစ်သွားသည်။ အရက်တပြား၊ ပဲချမ်းသုတ် နှစ်ပွဲ ၅၀၀၀
ကျော်ရှင်းလိုက်ကြသည်။ အဲဒီနောက် ထမင်းကြော်စားလိုက်သေး သလားမမှတ်မိတော့(
အဲဒီလို မူးမှ အိမ်ပြန်ကြတာ - ဟတ်ဟတ်)
နောက်တော့ အိမ်ပြန်ဖို့ ပိုက်ဆံကြည့်တော့ စက္ကူတရွက်တောင် အိတ်ထဲမှာ မကျန်တော့
သတင်းထောက်နှင့် ကျွန်တော့ အကိုကတော့ လက်ကျန်ပိုက်ဆံလေးတွေယူပြီး
အိမ်ရောက်မှ ရှင်မယ်ဆိုကာ ကားငှား သွားကြလေ၏ ။ ကျွန်တော် ကတော့ မငှားရဲ
အိမ်က မိန်းမက အိပ်နေပြီ၊ သွားနှိုးပြီး ပိုက်ဆံတောင်းရင် ညတွင်းခြင်း
ပြသနာတက်သွားနိုင်သည်။ ဒါကြောင့် တက်တက်ကြီး နဲ့ ကျွန်တော် နှစ်ယောက်
လမ်းလျောက် ပြန်လာခဲ့ကြလေသည်။ လမ်းတွင်တော့ ခွေး ၃ကောင်သာတွေ့ရအောင်ကို
ရှင်းနေပြီ။ အချိန်က ၃ နာရီ၊ ခွေးတွေ အူတော့တက်တက် ကသရဲကြောက်ချင်ယောင်
ဆောင်ပြီး ကျွန်တော့ လမ်းထိပ်အထိ လိုက်ပို့သွားသည်။ ခြေ လှမ်း ၂၀ လောက်
လျောက်ပြီး နောက်ကို လှည့်ကြည့်တဲ့ အခါ တက်တက်ကို အရိပ်အယောင်တောင် မတွေ့
တော့၊ သူလဲ အိမ်ကို ခြေလှမ်းကျဲကြီးတွေ နှင့် သုတ်ချေတင် ပြီထင်သည်။ ဘာဘဲ
ဖြစ်ဖြစ် တက်တက် ပြောင် သောညများ ထဲက အမှတ်တရ အဖြစ် ရေးသားလိုက်ပါသည်။
အခုပို့ရေး နေချိန်တွင်တော့ ကိုမျက်စေ့ ရောက် လာပြီး အဖြစ်အပျက်များ ကို
ဖတ်ကာ ဟားနေလေတော့ သည်။

ကိုတက်အတွက် ခတ္တခွဲခွာ ချိန်အမှတ်တရ

ရေးမယ်ရေးမယ်နဲ့ မအားတာနဲ့ မရေးဖြစ်သေးတဲ့ အကြောင်းလေးတွေ များနေဘီဗျို့။ ကျွန်တော် ကေအယ်ကနေထွက် လာခဲ့တော့ ဘန်ကောက်ရောက် ပါတယ်ဗျ။ ဘန်ကောက်မှာ ရောက်ရောက် ခြင်းသွားဖြစ်တာကတော့ ညဈေးပါဘဲ။ ညဈေးက အင်မတန်စည် သဗျို့၊ ညဈေးအကြောင်းလေးမစခင် လေဆိပ်အကြောင်းလေး ပြောချင်ပါတယ်။ လေဆိပ် အကြောင်း ပြော ရင်အဲ ယားအေးရှ အကြောင်းကလဲ မပါမပြီး ပြောရတော့မယ်။ ကျွန်တော်တို့ သိထားတာ အဲယားအေးရှ ဆိုတာ ဈေးသက်သာတဲ့ လေကြောင်းလိုင်းတခုဆိုတာကို လေ။ တကယ်တော့ မသွားခင် အချိန် တော်တော် ကြာကြာလောက်ကတည်းကနေ ကြိုတင် လက်မှတ်ဝယ်ထားမှ ဈေးသက်သာ တယ်ဆိုတာ ကျွန်တော်က မသိဘူးလေ။ ကိုယ်ကိုတိုင်က ညံ့တာပေါ့ဗျာ။ ကေအယ်မှာ လက်မှတ် ၀ယ်တော့ အဲအေးရှ လက်မှတ်ဝယ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ မလေးရှား အဲယားလိုင်းက ဈေးနဲနဲလေး ပိုကြီးလို့ပါ။ အဲဒီအကြောင်း ပြချက်ကြောင့်တင်မဟုတ် ဘဲ ကျွန်တော် ချက်ခြင်း ကို သွားချင်နေတာကြောင့် သွားချင်တဲ့ အချိန်ရတဲ့အဲယားအေးရှ ကိုဝယ်လိုက်တာပါ။ ကေအယ်ဘန်ကောက်ကို ၆၁၀ ရင်းဂစ်ပေးရပါတယ်။ အဲပို့တက်စ် တွေဘာတွေ အပါအ၀င်ဘဲပေါ့။ ကျွန်တော် လက်မှတ်ဝယ်ပြီး နောက်မနက်မှာဘဲ ဘန်ကောက်ကို သွားဖို့ရာ လေဆိပ်ကို ထွက်လာခဲ့ပါတယ်။ လေယဉ်က နေ့လည် ၁နာရီ၄၅ ထွက်မှာပါ။ ကျွန်တော် မနက် စောစောပိုင်း လောက်မှာဘဲ လေဆိပ်သွားဖို့ အိမ်ကနေ ကေအယ် စင်ထရယ် ဘူတာ၊ အဲဒီကနေတဆင့် လေဆိပ်သွားတဲ့ ကားကို ဆက်စီးလာခဲ့တာ ၁၁း၃၀ လောက်မှာ လေဆိပ်ရောက်ပါတယ်။ လေဆိပ်က ကျွန်တော်လာတုံးက လေဆိပ် အကောင်းစားမဟုတ်ဘဲ သူ့ဘေးက ဘက်ဂျက်လေဆိပ်လို့ခေါ်တဲ့ KLLT မှာပါ။ ရောက်တာနဲ့ကို ကျွန်တော် စိတ်ညစ်သွားပါတယ်။ ရန်ကုန်လေဆိပ်လောက် တောင် မကောင်းတဲ့ ဂိုထောင်ကြီးတခုကို လေဆိပ်ဖြစ်အောင်ပြုပြင်ထားတဲ့ အဆောက်အအုံင်္ကြီးတခု ပါ။ ၀န်ဆောင်မှုက အင်မတန်ညံ့ပါတယ်။ လေအေးပေးစက် ကလဲ မအေးဘူးဗျာ။



ရောက်တာ နဲ့ ထွက်ခွာမယ့် လေကြောင်း ခရီးစဉ်တွေကို ကြည့်တော့ ကျွန်တော်သွားမယ့် ခရီးစဉ်က အချိန်ပြောင်းထားတာ တွေ့ရပါတယ်။ အဲဒီတော့ ကောင်တာ မဖွင့်သေးတာနဲ့ ရှေ့ကစားသောက် ဆိုင် မှာ မုန့်စားမယ်ဆိုပြီး စားကြတဲ့ အခါ ၁၄၅ ရင်းဂစ်တောင် ကျပါတယ်။ ဈေးကလဲကြီးလိုက်တာဗျာ။ ကျွန်တော်ရယ် လိုက်ပို့တဲ့ သူငယ်ချင်းရယ် စားကြတာပါ။ ဂျူတီဖရီးဆိုင် တဆိုင်ရှိပြီး ဈေး တွေတန်တာတွေ့ပါတယ်။ နောက်တော့ စားသောက်ပြီး ထိုင်မယ်လုပ်တော့ ခရီးသည်တွေနားနေစရာ ထိုင်ခုံတွေ လေဆိပ်ထဲမှာ မတွေ့ရပါဘူး။ အဲဒါနဲ့ အပြင်ခဏထွက်ထိုင်နေလိုက် ကြပြီး ကောင်တာဖွင့်တဲ့ အချိန်ရောက်တော့ ကျွန်တော့် အိတ်ကို အလေးချိန်သွားချိန်ရပါတယ်။ အဲဒီမှာ ကျွန်တော့ အိတ်က ၂၁ ကီလိုဖြစ်နေတာနဲ့ ၀ိတ်ပိုကြေး ၉၀ ရင်းဂစ် ထပ်ပေးလိုက်ရပါတယ်။ ပေးတဲ့ အခါကျွန်တော် ကဒေါ်လာနဲ့ ရှင်းတာလက်မခံလို့ တခါငွေပြန်လဲပြီး ရင်းဂစ်ချေရပါတယ်။ ကျွန်တော် တော်တော် လေးစိတ်ပျက်ပါတယ်။ သူက လူတယောက်ကို ၁၅ ကီလိုဘဲ ပေးသယ် ပါတယ်။ ကျွန်တော်က ၂၀လောက် ပေးတယ်ထင်လို့ တအိတ်ထဲ လုံးထည့်လာခဲ့တာပေါ့။ အားလုံးပေါင်းတော့ ကျွန်တော်လက်မှတ်ဖိုး ၇၀၀ ကျသွားတဲ့ သဘောပါဘဲ။ နောက်တော့ သတ်မှတ်တဲ့ အချိန်မတိုင်ခင်လေး ကျွန်တော် အင်မီဂရေးရှင်း ဖြတ်လာလိုက်တော့မှ ထိုင်စရာ ခုံတွေ့ပါတော့တယ်။ လေယဉ်ပေါ်တက်ဖို့အတွက်ကျွန်တော်တို့ ပထမ လမ်းလျောက်သွားရပါတယ်။ နောက် တော့ ကားတခါထပ်စီး ပြီးတဲ့ အခါ လေယဉ်ပေါ်တက်ဖို့လှေကားရောက်ပါတယ်။ လက်မှတ်မှာ ထိုင်ခုံနေရာမပါ ပါဘူး၊ ကြိုက်တဲ့ နေရာဝင်ထိုင်ရပါတယ်။ ထွက်မယ့် အချိန်နဲ့ ၂ နာရီလောက် နောက်ကျတဲ့ အခါမှာတော့ လေယဉ်စထွက်ပါတော့တယ်။ လေယဉ်ပေါ်မှာ ဘာမှ မကျွေးမှန်း ကျွန်တော်ကြိုသိထားပါတယ် ၊ ၀ယ်စားမယ်လုပ်တော့ သူတို့က ရင်းဂစ်နဲ့ ဘဲရောင်းတာ မို့ ဘာမှ မစားရဘဲ ဘန်ကောက်ရောက်တဲ့ အထိ ဒီအတိုင်းလိုက်လာခဲ့ရပါတယ်ဗျာ။ နောက်ဆို အဲယားအေးရှ မစီတော့ဘူလို့တောင် စိတ်ထဲမှာ ဆုံးဖြတ်မိပါတယ်။ ဒါတောင် နောက်တကြိမ်မှာလဲ ကျွန်တော် အဲယားအေးရှဘဲ ပြန်စီခဲ့ရပါတယ်။ ကျွန်တော်ပြောချင်တာ အဲယားအေးရှ ကသက်သာတာနဲနဲပါ. ၀န်ဆောင်မှုတွေကျတော့ ကျွန်တော်တို့ တခြားလိုင်းမှာကျွန်တော်တို့ ပိုပေးထား ရတာထက် အများကြီးကွာတယ်ဆိုတာ သိရပါတယ်။ အခုလဲ ဆီဈေးတွေတက်နေတော့ အဲယားအေးရှဈေးတွေ ကဘာမှ မကွာတဲ့ အနေအထားကို ရောက်နေပြီလို့ ပြောချင်လို့ပါ။ ကျွန်တော့ အတွေ့ အကြုံ ဖြစ်ပါတယ်။ အခြားကောင်းတာတွေလဲ ရှိချင်ရှိမှာ ပါ။ နောက်သွားမယ့် သူတွေ ရွေးချယ်နိုင် အောင် ပြောတာပါ။ နောက်တခေါက်ရေးမှာကတော့ ဘန်ကောက်က ညအကြောင်းတွေ ပါ။ ပျောစရာကောင်းတဲ့ ဘန်ကောက်ည တွေထဲက နာမည်ကြီး နေရာလေးတခုအကြောင်း ဖောက်သည်ချချင်တယ်ဗျို့။ ။
Singapore
Bangkok
Kuala Lumpur
အေကယ်မှာ တလကျော်လောက် နေပြီးကျွန်တော် ဘန်ကောက်သွား စရာဖြစ်လာပါတယ်။ ကျွန်တော် ကေအယ်ပြန်လာဖို့ အစီအစဉ်ရှိသလို စလုံးကိုဆက်သွားဖို့လဲ ကြံစည်နေပါတယ်။ လောလော ဆယ်တော့ အတော်ကြာနေလာ ခဲ့တဲ့ ကေအယ်ကို နှုတ်ဆက်ခဲ့ပါတယ်။ ဘိုင့် ဘိုင် ကေအယ် - - - -

Type the rest of your post here.

ကျန်းမာမှချမ်းသာရမယ်

မလေးရောက် ရွှေမြန်မာအလုပ်သမားတွေရဲ့ ကျန်းမာရေး အချက်အလက်တချို့ကို တင်ပြချင်ပါတယ်။ တရားဝင်အလုပ်သမား တယောက်အတွက် ကျန်းမာရေး ကို အလုပ်ရှင်က တရားဝင်ကျ ခံသင့်ပါတယ်။ ဒါပေမယ့် တကယ်တမ်းကျရင် အလုပ်ရှင် ကမသိချင်ယောင်ဆောင်နေတာ များပါတယ်။ ကိုယ့်ရွှေ မြန်မာတွေ အနေနဲ့ကလဲ ဘယ်တော့မှ တောင်းဆိုလေ့ မရှိတဲ့ အခါကျတော့ အလုပ်ရှင်ကကြိုက်တာပေါ့။ ဥပမာ- ရိုးရိုးတန်းတန်း ဖျားနာတဲ့ အခါ အလုပ်သမားတွေဟာ တွေ့ရာ ဆေးမှီးတိုလေးတွေနဲ့ ကိုယ့်ဟာကို ကုပါတယ်။ အဲဒီလိုဖျားနာနေလို့ ခွင့်ယူတဲ့အခါ တရားဝင်ခွင့်တိုင် တဲ့ အခါတရက်ပေးပါတယ်။ အကြောင်းတခုခုကြောင့် ခွင့်မတိုင်နိုင်ခဲ့ရင်တော့ နှစ်ရက်စာလောက် ခွင့်မဲ့ အဖြစ်လခထဲက ဖြတ်ပါတယ်။ တရက်ကနေနှစ်ရက်ဖျားလာတဲ့အခါ ခွင့်တိုင်ထားသည့်တိုင် အဲဒီရက်ကို လခထည့်သွင်းလေ့မရှိလဲ လစာမဲ့ခွင့် အဖြစ်သတ်မှတ်ပါတယ်။ အဲဒီတော့ အလုပ်သမားတွေ ခမြာ နီးစပ်ရာ ဆေးခန်းတွေမှာ ၂၅ ကျပ်ပေး ဆေးစာယူပြီး ၄၀ အဖြတ်ခံရမယ့် အစား ၁၅ ကျပ် ကျန်လဲမနဲအောင် အရင် ၂၅ ကျပ်ရင်း ပြီး ဆေးစာယူရပါတယ်။ အကယ်လို့ လက်ပြတ် ခြေပြတ် ဖြစ်လောက်အောင် ထိခိုက် ဒဏ်ရာ ရခဲ့ရင်လဲ အလုပ်ရှင်ဟာ အတတ်နိုင်ဆုံး သူနဲ့ မဆိုင်အောင် ရှောင်လေ့ရှိပါတယ်။ ရှောင်လို့ မဖြစ်လောက်အောင် ခိုင်မာနေတယ်ဆိုလဲ ၁၀၀၀ -၂၀၀၀ လောက်လက်သိတ် ထိုးပေးလို့ ၀တ်ကြေတမ်းကြေ လုပ်ပေးပါတယ်။ တကယ်ဆို ဒီထက်မက ရသင့်တဲ့ အခွင့်အရေးရှိပါတယ်။ မြန်မာ အလုပ်သမားတွေရဲ့ ဥပဒေရေးရာ အခွင့်အရေးတွေကို နားလည် ခြင်း မရှိသလို ပွဲစား အေးဂျင့်တွေရဲ့ လူလည်ကျ မှုတွေကြောင့် လက်တဖက်ဆုံး သွား တာ တောင် ဘာမဟုတ်တဲ့ လျှော်ကြေးလေးနဲ့ရန်ကုန်ပြန်သွား ရတဲ့ အလုပ်သမားတွေ အများကြီးပါ။ ပွဲစား တွေလူလည်ကျတယ်ဆိုတာ ဒဏ်ရာရလာတဲ့ အလုပ်သမား ဟာ အခွင့် အရေးကိုနားမလည် ပေမယ့် လျှော်ကြေးရနိုင်တယ်ဆို တာသိတော့ သက်ဆိုင်ရာ သူ့အေးဂျင့်ကိုဆက်သွယ်ပါတယ်။ အဲဒီအခါ အေးဂျင့်က မြွေမသေ ဒုတ်မကြိုး သူဌေး ကိုလဲမိတ်မပြတ်ရအောင် ၁၀၀၀၀ လောက်လျှော်ရမှာကို ၄-၅ ထောင်နဲ့ ညှိပါတယ်။ ပြီးတဲ့အခါ ခံရတဲ့ အလုပ်သမားကို တ၀က်လောက်ဘဲ ပေးပြီးညှိပါတယ်။ အဲဒီတော့ ခံရတဲ့ အလုပ်သမားဟာ နှစ်ပယ်နာပါတယ်။ ဒီအကြောင်းတွေကို သိကြလဲဘယ်လို မှ မတတ်နိုင်ကြတော့ဒီလို ဘဲ နေကြရတာပေါ့။ ကုလ နဲ့ တခြားအဖွဲ့အစည်းတွေက နေဖွင့်လှစ်ထား တဲ့ အခမဲ့ ဆေးခန်းတွေရှိပါတယ်။ ကြားရတာကောင်းပေမယ့် သွားလိုက်မိရင် သေချင်စော်နံသွားမယ်။ တလကိုတကြိမ်၊ ဒါမှ မဟုတ် တပတ်တကြိမ်လောက် ဘဲဖွင့်တဲ့ အဲ၏ဒီဆေး ခန်းတွေဟာ ရောက်လာတဲ့ လူနာတွေကို စမ်းသပ်၊ ဆေးပေး စတဲ့ ၀တ်ကြေတမ်းကြေ သာ လုပ်လေ့ရှိပြီး တကယ့် ကိုလိုအပ်တဲ့ ဆေးတွေကို ရဖို့တော့မလွယ် သလို ဘာရောဂါလာလာ ၉၆ ပါးပြောက်မယ့် ဆေးတမျိုးမျိုးကို သာပေးလေ့ရှိပါတယ်။ အဲဆေးရုံတင်ဖို့လို လာရင်တော့ လုပ်ပေးပါတယ်။ အဲဒါက တော့ လုံးဝကို မဖြစ်မနေ အခြေအနေရောက်မှပါ။ သေခါနီးမှ သဲပြကြပါလိမ့်မယ်။ အဲဒါလဲ အလုပ်သမားတွေက သွားလာ စရာမတတ်နိုင်တော့ အဲဒီဆေးခန်းတွေကို အားကိုးကြတာမဆန်းပါဘူးလေ။ တကယ်ဆို ဒီအဖွဲ့တွေအတွက် ရရှိထားတဲ့ ရံပုံငွေတွေ၊ ထောက်ပံ့ထားတဲ့ အရာတွေဟာ မနဲပါဘူး၊ တကယ်တန်း ကြည့်ရင် ကုလ အဖွဲ့လက်အောက်က အဲဒီ အဖွဲ့တွေဟာ စာရင်းကောက်ရုံသာ အလုပ်လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေဖြစ်နေတာ တွေ့နိုင်ပါတယ်။ ဒီကြားထဲ ကြိမ်ဒဏ် အတုလုပ်တဲ့ သူကလုပ်၊ တကယ်ရောဂါမရှိဘဲ အဟုတ်တရုတ်တွေနဲ့ ရောဂါရှိဟန်ဆောင် သူကဆောင် ၊အဲဒါတွေ တော့ အလုပ်ဖြစ်သဗျာ။ နောက်တော့ အဲဒီလူတွေက ကုလရုံမှာ ဒုက္ခ သည်လျှောက်ပေါ့။ မြန်မာတွေတော့နဲပါတယ်။ အဲဒါမျိုး လုပ်တာ မြန်မာ လူမျိုးနံမည်ခံ တိုင်းရင်းသားတစုပါ။ လူမျိုးတစုကောင်းစားရေး အတွက် တိုင်းပြည်မျက်နှာ အိုးမဲသုတ်တဲ့ အဖြစ်တွေပါ။ နောက်တော့ မြန်မာဆို လူလိမ် ထင်ကြပါတယ်၊ တကယ့်မြန်မာတွေ ဒါမျိုး လုပ်တာရှားပါတယ်။ တွေ့ခဲပါတယ်။ ကျန်းမာရေးကတော့ ကျွန်တော် အစောကပြောသလို မြန်မာ အလုပ်သမားတွေ အတွက် ထိရောက်တဲ့ စောင့်ရှောက်မှုမရှိပါဘူးခင်ဗျာ။ ကျန်းမာခြင်းဟာ လာဘ်တပါးဆို မလေးရောက်မြန်မာ အလုပ်သမားတွေဟာ လာဘ်တပါးဆုံးနေတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ နောက်တခါ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးလေးတွေ ပြောပါဦးမယ်။ဖ





ပင်လယ် ကမ်းစပ်တခု၊ နေကတော့ တော်တော်ပူတယ်။ လေညှင်းလား လေပြင်းလားနဲ့ သယ်ဆောင်တိုက်ခတ် ကျွန်တော့်စိတ်တွေ လေးလံနေသယောင်။ ပုံမှန်မဟုတ်တဲ့ ဗျစ်ရည်တွေ မြို မော့ထားတဲ့ ခေါင်းကရီဝေ လုံးထွေး ငါလျှောက်လာခဲ့တယ်။ စိတ်တွေကို လှိုင်းထဲချ မျှော ရင်းငါ လမ်းဆက်လျှောက်၊ နေပူကျဲထဲ ခေါင်းငုံ့လျှောက် ၊ အောက်မှာ ငါ့ခြေရာတွေ တအိအိနဲ့ သဲသောင်ထဲနစ်ဝင်၊ ပြုံးသရောင် မျက်နှာထားနဲ့ ငါခေါင်းမော့လို့ ကောင်းကင်ကို မော့ကြည့်၊ ငါဆက်လျှောက်လာဆဲဘဲ။ ဘာကြောင့်မှ အကြောင်းမပြ ငါလှမ်းလင့်မှုတွေ ခဏ တုံ့ဆိုင်းချိန်၊ အောက်ကို ပြန်ကြည့်၊ ငါ့ခြေရာ ရှိနေဆဲဘဲ။ ငါစိတ်ထဲ ငါမယုံ နောက်ကို လှည့်တော့ ကမ်းခြေက ငါ့ခြေရာတွေ ဘယ်ရောက် ကုန်တယ် မသိဘူး။ ငါမျှော်လင့်မထားတဲ့ မျှော် လင့်ချက်ဟာ ငါလျှောက်တဲ့ လမ်းဟာ အရာထင်ကျန်ခဲ့မယ်ဆိုတာ။ အားမရှိတဲ့ အတ္တထွေကို ခ၀ါချ၊ ငါတဒင်္တဂ လေးတွေဝေသွား ခဲ့ တယ်။ ခြေအစုံကို ပြေးဝင်လာတဲ့ လှိုင်းက ငါ့ကိုပြောတယ်။ ငါ့ကိုတော့ အပြစ်မတင်လေနဲ့တဲ့ မင်းလျှောက်နေ တာ ကမ်းစပ်မှာလေတဲ့။ တဖက် ကပင်လယ်ပြင်ကိုငါ့မျက်လုံးတွေ ပြေးလွှား တချို့ကလဲ ဟိုဘက်သွားဖို့ မျှော်လင့် ခဲ့မယ်ထင်တယ်။ ခေါင်းကို အသာငဲ့စောင်း၊ ကိုယ့်ကိုကိုယ် မြုစွယ်ရင်း ဆက်လျှောက်လာတယ်။ ဒီတခါလဲ တွေးနေဆဲဘဲ ခြေရာတွေသာ မရှိတာ ငါသွားသလောက်တော့ ရောက်နေသားဘဲ လို့။ သူငယ်ချင်းတွေလဲ အဝေးမှာ မှုံပြပြ ကျန်ခဲ့တယ်။ အင်းလေ - နောက်တော့လဲ ဆက်လျှောက်နေရဦးမှာဘဲ။



ဟိုကနှုတ်တယ် ဒီကဖြတ်တယ် ငါ့ရဲ့လစာ ကုန်ပြီဟယ်

လစာတွေက ရန်ကုန်ကနေပွဲစားနဲ့ လာတဲ့ သူတွေကို ပြောထားတဲ့ အထဲမှာ နှုတ်တာတွေထည့်မပြောထားပါဘူး၊ အခြေခံလစာ ၇၅၀ ရင်းဂစ်ကနေ ၉၀၀ - ၁၀၀၀ ဆိုတာ အမှန်တွေထဲမှာ ဂိတ်ဆုံးပါဘဲ၊ ၁၅၀၀ ကျော်တဲ့ အလုပ်တွေလဲ ရနိုင်သလို ဒီထက်မက ရအောင်လဲ ရှာနိုင်ပါတယ်။ အဲဒီလိုဆိုရင်တော့ ကိုယ့်ဟာကို ထွက်ရှာ ရပါမယ်။ ဒီတော့ နှုတ်လဲ နှုတ်ပါစေဆို ပြီး မလုပ်ချင်လုပ်ချင်နဲ့ လုပ်ရတော့တာပေါ့။ ရတာက ပုံမှန် ၇၅၀ - မြန်မာငွေ ၃ သိန်းကျော်လောက်ပါ။ အမှန်သာ အပြည့်ရောက်ရ ရင်ရန်ကုန်ကို ၂ သိန်းထက်မနဲပို့နိုင်ပါတယ်။ အကယ်လို့ ချေးငှားလာတာ ဆိုရင် ၆လ- ရ လလောက် လုပ်ရင် အရင်းကျေ တယ်ပေါ့နော်။ နောက်တော့ ၇၅၀ မှာ လဲဗီးကြေးဆိုတဲ့ ပါမစ်လျှောက်ထားပေးခ ၁၂၀၀ ရင်းဂစ် အတွက် သူဌေးက တလ ၂၀၀ ပြန်ဖြတ်ပါတယ်။ သံရုံးကို အခွန် ၁၀ ရာခိုင်နှုန်းဆောင်ရပါတယ်။ နောက်ကျ ကြေး ဖြတ်တာ။ ခွင့်မယ့်ပျက်တာလေးတွေ ၊ စားစရိတ်လေး နှုတ်လိုက်တယ်ဆိုရင် ၄၀၀ - ၅၀၀ လောက် ကျန် အောင် မနဲလုပ်ရပါတယ်။ အဲဒီတော့ ရန်ကုန်ကို တလ ၁သိန်း ၊ ၁ သိန်းခွဲ ရောက်အောင် မနဲ ပို့ရပါတယ်။ အဲဒီငွေနဲ့ ကြွေးဆပ်ဖို့၊ အတိုးပေးဖို့၊ အိမ်က မိန်းမနဲ့ မိသားစု အတွက် ဘာကျန်တော့မှာလဲ၊ အဲဒီလိုလဲ ကျရော ထွက်ပြေးကြပြီး ပိုရတဲ့ အလုပ်တွေ လုပ်ကြတာတွေ ရှိပါတယ်။ ထွက်ပြေးတယ်ဆိုမှတော့ ပတ်စပို့လဲ ပါမလာတော့၊ ဂျလန်း ကတ်လဲ တရား မ၀င် ၊ အိုဗာစတေး (နေထိုင်ခွင့်ကျော်လွန်) နဲ ရင်တထိတ်ထိတ်နေကြရတယ်ပေါ့။ အလုပ်ရှင်တွေက ဒီအကြောင်းသိတော့ ဒီလိုလူတွေကို ချက်ခြင်းအလုပ်ခန့်ပါတယ်။ ဒါပေမယ့် ပိုက်ဆံကတော့ မထင်လေနဲ့ ၅၀ ပေးလိုက် ၁၀၀ ပေးလိုက်ပါဘဲ။ ကိုယ်ရစရာတွေများနေလို့ အတင်းသွားတောင်းရင် ရဲခေါ်ဖမ်းခိုင်းပါတယ်။အဲဒီလို ဒုက္ခတွေနဲ့ အကြွေးကလဲ မကြေ၊ ပြန်ဖို့က လမ်းစားရိတ် မရှိ၊ ထမင်းလေးစားရယုံ၊ ဟိုဟာလုပ် ဒီဟာလုပ်နဲ့ ဘ၀ တွေပျက်ပြီး မြန်မာအချင်းချင်း တောင်းစားနေကြရတဲ့ သူတွေကို ကေအယ်မြို့လည်က ဇေယျာဆိုင် တ၀ိုက်မှာ တွေ့နိုင်ပါတယ်။ အဲဒီနားမှာလဲ လူမဆန်တဲ့ ပွဲစားတွေ အများကြီးရှိသလို၊ မလည်မ၀ယ် လုပ်နေလို့က တော့ ရောင်းစားခံကြရတဲ့ မွန်မလေးတွေ၊ ရခိုင်မလေးတွေ အများကြီးရှိပါတယ်။ တကယ်ပါ။ ပိုက်ဆံ ရှိရင် ကေအယ်မှာ မိန်းကလေးတယောက်လောက် ၀ယ်ထားနိုင်သလို ပြန်ရောင်းရင်လဲ ဖြစ်တယ်ခင်ဗျ။ ယောကျားလေးလဲ အရောင်းအ၀ယ်ရှိပါ့၊ အဲဒီတော့ ရန်ကုန်ထက် ၀င်ငွေ ကောင်းတယ် ဆိုပြီး ဒီလာ လိုက်တာ ပိုဆိုးနေလို့ ရန်ကုန်သားတွေက မလေးရှားဆို နိုးပါ။ အများစုက နယ်က လူတွေများတယ်။ အဲလိုလူတွေများလေ ပွဲစားတွေ ချမ်းသာလေ၊ လူမျိုး အောက်ကျလေ၊ ရဲတွေငွေပေါလေပေါ့ဗျာ။ ဒီတော့ ရတဲ့လခ ကျန်အောင် အခွန်မဆောင်တာတွေ ရှိလာပါတယ်။ အခွန်မဆောင်တော့ ရန်ကုန်ပြန်ရင် ပြသနာပေါ့ဗျာ။ ဗမာပီပီ နောက်ကိစ္စနောက်ရှင်းမယ်ဆိုပြီး အခွန်မဆောင်ကြတော့ပါဘူး။ နောက်ဆို ဒီကိုလာမယ်ဆိုရင် ဒါတွေ ထည့်တွေး၊ ထည့်မေးထား စေချင်တယ်ဗျာ။



တောင်ကျော်တာလွယ်မယ်ထင်လား

လခကလဲ မဟန်၊ ရဲကလဲကြံနေတော့ မထူးပါဘူး ရန်ကုန်ပြန်မယ်စိတ်ကူး ကြပြီး လမ်းစားရိတ်ရအောင်ရှာ အောက်လမ်းဆိုတဲ့ တောင်ကျော်ပြန်မယ်ဆိုတော့ ၊ လမ်းစားရိတ် က ၂၀၀၀ ရင်းဂစ်လောက်ကျပါတယ်.။ ပွဲစားနဲ့ပါ။ ကေအယ်ကနေ ကားစီးပြီး ထိုင်းနယ်စပ်ကို သွားရတာပါ။ နောက်တော့ တောလမ်းကနေ တဆင့် ထိုင်းကို ၀င်ကြရပါတယ်တဲ့၊ ထိုင်းကနေ ကားထပ်စီး မြန်မာနယ်စပ်ကို ဆက်သွားရပါတယ်။ မြန်မာနယ်စပ်ကနေ လဲ တောလမ်းက နေဖြတ်လို့ ပြည်တွင်းဝင် အဲဒီနောက် ရန်ကုန် ကိုပြန်ပေါ့နော်။ လွယ်တော့ မလွယ်ပါဘူး နယ်စပ်တွေ မှာ အရမ်း စရိုက်ဆိုးပါတယ်၊ အခပ်မသင့်ရင်တောထဲမှာ သတ်ပြီး ကိုယ့်မှာ ပါတဲ့ ဟာတွေလုခံရတတ်ပါတယ်။ ဒါလဲ ရွေးချယ်စရာမရှိတော့ရင် ဒီလမ်းကြောင်းကိုရွေးရပါတယ်။ စာအုပ် ပြန်လုပ်ပြီး ပြန်မယ်ဆိုရင် ရင်းဂစ် ၆၀၀၀ လောက် ကုန်မှ ရန်ကုန်ရောက်ပါမယ်။ ဘယ်လို အဲဒီပိုက်ဆံရှာမလဲ၊ ထီထိုးပေါ့နော်၊ မြန်မာ အပါအ၀င် နိုင်ငံခြားအလုပ် သမားတွေ ၊ မလေးငပြင်းတွေ ဟာ ဒီထီကိုဘဲ သဲသဲ မဲမဲ ထိုးကြပါတယ်။ ဒါကလဲ နောက်ဆုံးမျှော်လင့်ချက်ဖြစ်လေတော့ မဖြစ်မနေ ကံစမ်းကြရင်း ပေါက်တဲ့ သူတွေ ကအလွယ်တကူပြန်သွားကြပါတယ်။ ငွေကလဲ မနဲပါဘူး ၁ ကျပ်ထိုးရင် ၆ လုံးထီမှာ ဆို ၁၀၀၀၀၀ လျှော်ပါတယ်။ ၄ လုံးဆို အပေါ်အောက် ၂ ကျပ်ထိုးထား၇င် ၆၀၀၀ ရပါတယ်။ ၅လုံးဆို ၃၀၀၀၀ ရပါတယ်။ ကြိုက်သလောက်ထိုးလို့ ၇ပါတယ်။ တောင် ကျော်မယ့် ရည်မှန်းချက် ၊ အိမ်ကို ပြန်ချင်ဇောနဲ့ တပတ် သုံးခါထွက်တဲ့အဲဒီထီကို ထိုးကြရင်း အိမ်ပြန်လမ်းဝေးနေသူတွေ တပုံကြီးကို ထီဆိုင်တွေမှာ တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံသား ကောင်လေးတယောက်တော့ ၆ လုံးထီတခါပေါက်သွားတယ်လို့ ပြောပါတယ်။ သူပေါက်တာ ၁၃ ကျပ်ဖိုးတဲ့ နော်။ တွက်ကြည့်ပေါ့ဘယ်လောက်လဲ။

ရဲကတော့ ရဲဘဲပေါ့

အိုဗာစတေးသမားတွေ၊ ဂျလန်းကတ် ဒိတ်အောက်နေသူတွေ၊ အတုလုပ်ထား သူတွေ၊ ဒုက္ခသည် လက်မှတ်ကိုင်ထားသူတွေ အားလုံး ၇ဲကို လန့်ကြတာချည်းပါဘဲ။ မလေး စကားလေး နဲနဲ တတ်။ အချိုးပြေပြေလေးနေရင်တော့ ဘာကတ်မှမရှိလဲ နေလိုကရပါတယ် ၅၀ လောက်တော့ ဆောင်ထားပေါ့နော်။ မီးတန်းလို့ ခေါ်တဲ့ ရဲကားကို အဝေးကမြင်တာနဲ့ မြန်မာအပါ အ၀င် နိုင်ငံ ခြား အလုပ်သမားတွေက ဝေးဝေး ရှောင်ကြပါတယ်။ သူတို့က နဲနဲ တော့ အေးဆေးပါ။ တယောက်ကခြောက် တယောက်ကမြောက်နဲ့ အမှန်က ငွေညှစ်တာပါ။ အဖမ်းခံ ရရင် ၅၀ - ၁၀၀ လောက်နဲ့ လွတ်ပါတယ်။ သဘောကောင်းတဲ့သူနဲ့ တွေ့ရင် ဆေးလိပ်လောက်တိုက်တာနဲ့ လွတ်ပါတယ်။ အမြင်ကတ် ပုဒ်မနဲ့အဖမ်းခံ ရတယ်ဆိုရင်တော့ တမျိုးပေါ့နော်။ ရဲကတော့ အဘန်း( အကိုကြီး) ဆရာ ဘလန်ဂျာ (ကျွန်တော်ပြုစုပါမယ်) ဒီလောက်ပြောလိုက်ရင် အေးဆေးပါဘဲလို့ ပြောကြပါတယ်။ ကြောက်ရတာက ရာလာ လို့ဆိုတဲ့ စွတ်ဖမ်းတဲ့ ကောင်တွေရယ် ၊ အော်ပရာစီ ဆိုတဲ့ စီမံချက် တွေရယ်ကိုပါ။ အဲဒီလိုဆို လွတ်ဖို့မလွယ်ပါဘူး။ ရာလာဆိုတာ အခု ဘာဒါဝီ ၀န်ကြီးချုပ်ဖြစ်တဲ့ အချိန်မှာပေါ်လာတဲ့ အလုပ်လက်မဲ့ သူ့နိုင်ငံသားတွေကို လုပ်အားပေး ဖမ်း ခိုင်းတဲ့ အဖွဲဖြစ်ပါတယ်။ သူတို့က ရဲတွေမဟုတ်ပါဘူး။ မင်းတို့ အလုပ်မရှိတာ ဒီလိုအလုပ်သမားတွေရှိလို့ဆိုတဲ့ ပေါက်ကရ စွတ်စွဲချက်နဲ့ စည်းရုံးထားပြီး တရားမ၀င်အလုပ် သမားတယောက် ဖမ်းပေးနိုင်ရင် မလေးရင်းဂစ် ၈၀ ရတယ်လို့ပြောပါတယ်။ တကယ်တော့ သူတို့မလေးတွေက ပြင်းပြီး မလုပ်တာပါ. အလုပ်တွေပေါမှပေါပါ။ မလေးလူမျိုးတယောက်ဟာ စက်ရုံတရုံမှာ အလုပ်လိုချင်လို့ သွားတောင်းတဲ့ အခါ ခန့်ပေးရပါတယ်။ အဲဒီလို ဥပဒေလဲ ရှိ၊ အလုပ်တွေလဲ ပေါရဲ့သားနဲ့ အလုပ်ကြတာပါ။ နောက်တခုက သူတို့ နိုင်ငံတိုးတက်လာတာ ဒီလို နိုင်ငံခြား အလုပ်သမားတွေရဲ့ အားကြောင့်ဆိုတာ မမေ့သင့်ပါဘူး၊ လက်ရှိလဲ အလုပ်အကိုင်တွေက ပေါများနေဆဲပါ။ အဲဒီလို ရာလာတွေဟာ မှန်တာမှားတာ နောက်မှပြော၊ စခန်းရောက်မှ ရှင်းဆိုတဲ့ ကောင်တွေပါ။ တကယ့် ရမ်းရမ်းကားကားတွေမို့ ဒေသခံရဲတွေနဲ့ မကြာခဏ ပြသနာတတ်ပါတယ်။ ဒုက္ခသည်များဆိုင်ရာ အသိအမှတ်ပြုရေး စာချုပ်ကို မလေး အစိုးရက လက်မှတ် ထိုးမထားတဲ့ အတွက် သူ့နိုင်ငံအတွင်းက တခါတလေ အမြင်ကတ်လို့ ဖမ်းမိတဲ့ ဒုက္ခသည်တွေကို ထိုင်းနယ်စပ်က ဒုက္ခ သည်စခန်းတွေဆီ သွားပို့ပစ်ပါတယ်။ အဲဒီလို အပစ်ခံရတဲ့ အထဲမှာ တရားမ၀င် အလုပ်သမားတွေလဲ ရောပါသွားတတ်ပါတယ် .။ ပါသွားလို့ကတော့လမ်းဆုံးဖို့ များသွားပါပြီ.။ ဘာလို့လဲ ဆိုရင် နယ်စပ်ကို ရောက်လာတဲ့လူတွေကို ပွဲစားတွေက လာကောက်ပါတယ်။ သဘောက ဘယ်လိုဘာကို ထက်ပြီး အဆက်အသွယ် လုပ်ရမှန်းမသိတဲ့ သူတွေကို စားစရာကြွေးနေစရာပေးခေါ် ထားတာပါ။ နောက်တော့မှ ငါးဖမ်းလှေတွေကိုရောင်း စားခံရတာပါ။ ယောက်ျားရော မိန်းမရောပါဘဲ။ ရောင်းစားခံရတဲ့ သူတွေ အတွက် ဘယ်လိုအကူအညီပေးရမယ်ဆို တာထက် ရောင်းစားမခံရအောင် ဘယ်လို လုပ်ကြမယ်ဆို တာကို ကျွန်တော်တို့ စဉ်းစား ပေးသင့်ပါတယ်။ အဲဒီလို လာပစ်တဲ့ လူတွေအတွက်ရဲတွေဟာ တယောက်ကို ရင်းဂစ် ၅၀၀ ကနေ ၁၀၀၀ ကျော်အထိရ နိုင်ပါတယ်။ ပွဲစားတွေက တော့ သောင်းဂဏန်းလောက်နဲ့ ရောင်းစားကြတာပါ။ မိန်းကလေးဆို လှေသမားတွေရဲ့ အပျော် မယား အဖြစ်ရောင်းခံကြရတာပါ။ သူတို့တွေဟာ လှေကမ်းကခွာတယ်ဆိုတာနဲ့ အသက်ရှင်လျက် ပြန်လာရဖို့ မလွယ် တော့ပါဘူး။ တလှေမှာ ၆လလောက်လုပ်ရပါတယ်။ အဲဒီခြောက်လပြည့်လို့ လှေက ကမ်းကို ပြန်ဖို့ဖြစ်ဖြစ်။ နောက်လှေကို လွှဲပြောင်းလိုက်လို့ ဖြစ်ဖြစ် ကမ်းဘက်ကို ပြန်မလိုက်ရပါဘူး၊ ပြန်မယ့်လှေဆို ကဲ့လှေလို့ခေါ်တဲ့ နောက်တခါပင်လယ် ထွက်မယ့်လှေကို လွှဲပေးလိုက်ပါတယ် ၊ ပင်လယ်ထဲမှာပါဘဲ၊၊ အဲဒီအခါနောက်လှေနဲ့ ပင်လယ်ပြန်လိုက်သွား ရပြန် ပါတယ်။ ယောကျားတွေဟာ ဘာလစာမှမရဘဲ အလုပ်လုပ် ရပါတယ်။ မလုပ်နိုင်တဲ့အခါ ပင်လယ်ထဲ ကန်ချခံရတာတို့ အသတ်ခံရတာတို့ နဲ့ ဖျောက်ပစ်လိုက်ပါတယ်။ မိန်းကလေးတွေလဲ ဒီလိုပါဘဲ၊ လှေမှာပါတဲ့ ယောကျားတွေအားလုံး နဲ့ အပျော်အပါး ကိစ္စကို အသုံးခံရပါတယ်။ သူလဲ မလုပ်နိုင်ရင် ပြန်ရောင်းခံ ရတာ၊ အသတ်ခံ ရတာတွေ ခံရပါတယ်။ အဲဒီတော့ ရဲအဖမ်းခံရတာ ဟာလွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ကြိမ်ဒဏ်ပေးတယ်ဆိုတာ အမာရွက်ပါ သွားယုံပါ။ နယ်စပ် အပို့ခံရရင် မလွယ်ပါဘူး။ ကြိမ်ဒဏ်ကလဲကြောက်ဖို့ကောင်းပါတယ်။ ပုံလေးကြည့်ပါ။ အဲဒီလို ပြစ်ဒဏ်ဟာ အခုလို ယဉ် ကျေးတဲ့ လူ့အသိုင်းအ၀ိုင်းမှာ မထားသင့်တော့တဲ့ အရာလို့ထင်ပါတယ်။ ဆိုးတဲ့ ရဲနဲ့ တွေ့လို့ ဘ၀ပျက်သွားနိုင် သလို ကောင်းတဲ့ ရဲကလဲ ကောင်းပါတယ်။ သူတို့တွေဟာ နိုင်ငံခြားသား အလုပ်သမားတွေကို အမှန်သမားရော မမှန်သမား ရောထံက ငွေညှစ်တတ်ပါတယ် ။ ၁၀ ရရင် ၁၀၊ ၁၀၀ ရရင် ၁၀၀ ယူပါတယ်။ ဘာမှမပါရင် တော့လမ်းစားရိတ် ပေးတာ ပြန်လိုက်ပို့ပေးတာ တွေလုပ်ပေးလေ့ရှိပါတယ်။ တကယ်တော့ မလေးလူမျိုးတွေဟာ ပြင်းတာကလွဲလိုကောင်းတဲ့ အချက် တွေလဲ ရှိပါတယ်။ အထူးသဖြင့် မြန်မာစစ်စစ်အလုပ်သမားတွေနဲ့ ရဲတွေဟာ တည့်ပါတယ်။ မြန်မာတွေက လူလည် များတယ်လေ။ ပြန်တိုင်လို့ ပြုတ်တဲ့ ရဲတွေအများကြီးပါ။ ပြုတ်သွားရင်တော့ မလေးမှာ အလုပ်တခုပြန်ခန့်ခံရဖို့ မလွယ်တော့တဲ့ အတွက်ရဲတွေက ကြောက်ကြပါတယ်။အူတူတူနဲ့ အိကျီအပွတွေဝတ်။ ဘောင်းဘီအကြပ်တွေ၊ စတိုင် ဘောင်းဘီဝတ် ဝေါ့ကင်းရှုးစီး ဦးထုပ်ဆောင်းတဲ့ တောသား ကြောင်တောင်တောင် တွေကို တွေ့ရင်ရဲတွေပျော်ပါတယ်။
ငွေတောင်းလို့ကောင်းတယ်လေ၊ ကြည့်လိုက်တာနဲ့ မြန်မာ အလုပ်သမား တောသားမှန်းသိတယ်။ ရဲတွေက မြန်မာ စကား အတော်များများကို နားလည်နေကြတာ ကိုကြည့်ရင် မြန်မာနဲ့ မလေးရဲ ဆက်ဆံရေးသိနိုင်ပါတယ်။ နောက်တခု အော်ပရာ စီဆိုတဲ့ စီမံချက်တွေဆို ပုရွက်ဆိတ်တောင် မလွတ်အောင်ဖမ်းပါတယ်။ တော်တော် လေးပြင်ဆင်ပြီးမှ အလုပ်သမားတွေ နေတဲ့ နေရာတွေကို ၀င်စီးကြပါတယ်။ နောက်တခုက အလုပ်သမားတွေ ဆူညံတာ။ အချိုးမပြေတာတွေကို ကြည့်မရတဲ့ အိမ်နီးချင်းကတိုင်ရင်လဲ အော်ပရာစီတတ်ပါတယ်။ မလေးမှာ အော်ဆိုရင် တော့ ရာလာတွေ ပါလာတတ်ပါပြီ။ အဲဒီတော့ အော်ပရာစီရင် လွတ်ဖို့ရယ်လမ်း မမြင်ပါဘူး။

ဂျလန်းကြမယ် ဂျလန်း

မင်းဘယ်ကိုလဲ မေးရင် ဂျလန်း မယ်ဆိုတဲ့ ဝေါဟာရကတော့ မလေးရောက် ရွှေတွေရဲ့ပါးစပ်မှာ ရင်းနှီးနေပီးသားပါ။ ဂျလန်းဆိုတာ မလေးလို လမ်းကို ခေါ်ပါတယ်။ ဂျလန်းကတ်ဆိုတာ မလေးအင်မီဂရေးရှင်းမှာ အလုပ်ရှင်ကထောက် ခံပေး ထားလို့ထုတ်ပေးထားတဲ့ လမ်းသွားလာခွင့်ကတ်ပါ။ ပတ်စပို့အစား သုံးတာပါ။ တရားဝင်အလုပ်သမား ဖြစ်ကြောင်း ထောက်ခံချက်လဲဖြစ်ပါတယ်။ အဲဒီကတ်ကို ပြရင် ရဲကလွတ်ပေးတတ်ပါတယ်။ ဖမ်းခံရရင်လဲ အလုပ်ရှင် လာထုတ် ရင် ရပါတယ်။ သက်တမ်းကုန်နေရင်တော့ မရပါဘူး။ အဲဒါကြောင့် ပတ်စပို့ အသိမ်းခံထားရတဲ့ တရားဝင် အလုပ်သမားတွေ ဟာ မိမိဂျလန်း ကတ် ဒီတ်ကုန်မကုန် အမြဲ သတိထားဖို့လိုပါတယ်။ သူက အတုလဲ ထွက်ပါတယ်။ ကတ်အတုအစစ် ကို လမ်းမှာ လျှောက်လာတဲ့ ရဲက စစ်ရင် မသိပေမယ့်။ ကားနဲ့ လာတဲ့ ရဲကမသင်္ကာလို့ စစ်ရင် မိပါတယ်။ သူတို့ကားထဲမှာ အတုအစစ် ခွဲခြားတဲ့ စက်ပါ ပါတယ်။ တခါက ရွှေသုံးယောက် ဘက်စ်ကား စီးရင် ဘလောက်ချက်လို့ ခေါ်တဲ့ ကားတွေကို တားပြီးစစ်တဲ့ စီမံချက်နဲ့တွေ့ကြပါတယ်တဲ့။ သုံးယောက်မှာ နှစ်ယောက်က ဂျလန်းကတ် အတုနဲ့ပါ. အဲဒီမှာ ပြေးလို့ ကမရတော့ သုံးယောက်လုံးကို ရဲက ကားပေါ်တတ်အစစ်မှာ အတုသမားနှစ်ယောက်ရဲ့ကတ်က တောက်တောက် ပြောင် ပြောင်နဲ့ဆိုတော့ အစစ်ထင်ပြီး အစစ်ကိုင်ထားတဲ့ကောင်ကို အတုထင်ပြီး ဆွဲချသွားပါတယ်တဲ့။ ကဲအတုနဲ့ အစစ် ဘယ် လောက်ကွာလဲ။ ဂျလန်းကတ်လေးမှန်မှန်နဲ့ ဂျလန်းနေတဲ့ ရွှေတယောက်ဟာ ခေါင်းမော့ပြီးသွားနိုင်ပါတယ်။ ဟဲဟဲ visit visa နဲ့လူဆိုရင်တော့ ရဲကို နားရင်းတောင်တီးလို့ရတယ်ခင်ဗျ။ သူတို့နိုင်ငံရဲ့ ဥပဒေတွေက လဲအဆန်းပါနော် ကလေး တယောက်ကို သှူုမိဘက ရိုက်တာ ဘေးအိမ်ကတိုင်ရင် ရဲကချက်ခြင်းလာ ဖမ်းပါသတဲ့ဗျာ။

ပျော်စရာတွေချည်း ပြောပြောနေရတာ အားနာလာပါတယ်ဗျာ။ တကယ်တော့ မြန်မာပြည်ကနေ မလေးကို လာအလုပ်လုပ်နေကြတဲ့ မြန်မာပြည်သူပြည်သား တွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေ ကို ကြားကြရင် ၊ သိကြရင် ဘယ်တော့မှ မလေးရှားဆို အဝေးသွားလို တဲ့စိတ်ပေါက်သွားနိုင်ပါတယ်။ စုံတာမှ တော်တော်စုံတယ်၊ မြင်သမျှကြားသမျှ ဖောက်သည်ချ ပြရင်တော့။

ကောလင်းပါခင်ဗျ၊ ကောလင်းပါ

ကောလင်း( calling ) ရယ်လို့ကျွန်တော်တို့ ရွှေတွေ (မြန်မာတွေ) ခေါ်နေကြတဲ့ တရားဝင်အလုပ်ခေါ် စာနဲ့လာတဲ့ အလုပ်သမားတွေက ရန်ကုန် ၊ မန်းနဲ့ တခြား နယ်မြို့ကြီး တွေမှာ ရှိနေတဲ့ ပွဲစား၊ တစ်ပွဲစား၊ နှစ်ပွဲစား လူလည်တွေ ကနေတဆင့် ဆက်သွယ်မှ ရနိုင်တဲ့ တရားဝင်လတ်မှတ်တခုပါ။ ကျွန်တော်ပြောထားမယ်နော် အားလုံးဟာ လူလိမ်တွေလို့ မပြောပါဘူး၊ မှန်ပါတယ် ဆိုတဲ့ပွဲစား တွေ သွင်းပေးထားတဲ့ အလုပ်တွေမှာတောင် ပြသနာ ရှိနေပါတယ်၊ဒီတော့ အလိမ်ခံရ တယ်ဆိုရင်တော့ သေပြီမှတ် တော့။ ကဲ ပြန်စတာပေါ့၊ အဲဒီကောလင်းထဲမှာ ရိုးရိုး ကောလင်း နဲ့ ဖရီးကောလင်း ဆိုတာနှစ်မျိုးရှိပါတယ်။ ကျွန်တော် ပထမကောလင်းကို စပြောပါမယ်။ ရိုးရိုးကောလင်းဆိုတာ သတင်းစာ၊ ပွဲစားကနေတဆင့်၊ ကိုယ့်ဟာကို စုံစမ်းရင်း ဖြစ်စေ ၀န်ဆောင် ခ တရားဝင်ပေးပြီး လာတဲ့ အလုပ်အကိုင်အတွက် အလုပ်ခေါ်စာပါ။ အဲဒီခေါ်စာနဲ့ မလေးရှားကို ၀င်တဲ့အခါ လေဆိပ်မှာ သက်ဆိုင်ရာ သူဌေးက လာရောက် ခေါ်ယူရပါတယ်။ အဲဒီလိုမှ လာမခေါ် ရင်တော့ ပြန်ပေတော့ မစဉ်းစားနဲ့။ မပြန်ဘဲ လေဆိပ်ထဲက ထွက်လာလိုက်လို့ကတော့ ခေတ်သစ် ကျွန်တွေ ဖြစ်ဖို့ ၈၀ ရာခိုင်နှုန်းလောက် သေချာ သွားပါပြီ။ လေဆိပ်ရောက်မှ လာမခေါ်ဘဲ အလိမ်ခံရလို့ ဘယ်သူ့ အဖေခေါ်ရမှန်း မသိ၊ ရေတောင် အိမ်သာထဲ သွားသောက်၊ လေဆိပ်ထဲက အေးနေတဲ့ ကြွေပြားပေါ်မှာအိပ်၊ မနေနိုင်တဲ့ အဆုံး ရအောင်ထွက်လို့ ဘ၀ပျက်သွားတဲ့ သူတွေက တပုံတပင်နဲ့ ၊ ကျွန်တော်လာရင်းတောင် လေဆိပ်မှာ ရာနှင့်ချီတဲ့ လာခေါ်မခံ ရသေးတဲ့ မြန်မာ၊ ဘင်္ဂလား၊ အင်ဒိုစတဲ့ အလုပ်သမားတွေကို မျက်လုံးကလေး ကလည်ကလည်နဲ့ တွေ့ခဲ့ ရပါသေးတယ်ခင်ဗျ။ ကဲနောက်တခု ကဖရီးကောလင်းပါ။ free ဆိုတဲ့အတိုင်း သူကတော့ ငွေများများ ပေးပြီးလုပ်ထားတော့ လွတ်လပ်တယ်ပေါ့။ ကိုယ်ကြိုက်တဲ့ အလုပ်ရှာ လုပ်ပေါ့ ဗျာ။ အဲဒီလို မက်လုံးတွေ ပေးပြီး ပွဲစားတွေက လုပ်ပေးထားတဲ့ ကောလင်းတခုပါ။ တကယ်တော့ သူ့မှာပါတဲ့ အလုပ်၊ ဥပမာ - ကားစက်ရုံဆိုရင် ကားစက်ရုံတရုံမှာ မလုပ်ဘဲ ပန်းကန် သွားဆေး နေတာ စစ်ဆေးတွေ့ ရှိလို့ကတော့ အဖမ်းခံရပါတယ်။ အကယ်လို့ သူကိုရဲက မသင်္ကာလို့ဖမ်းလိုက်တဲ့ အခါ လက်မှတ်မှာပါတဲ့ သက်ဆိုင်ရာ သူဌေးက လာရောက်ခေါ် ယူပေးရပါတယ်။ မဟုတ်ရင် အဖမ်းခံရပါတယ်။ ကဲဒီလောက်ဆို ကောလင်းဆိုတာလေး အကျဉ်းလောက်သိမယ်ထင်ပါတယ်။ ကုန်ကျစားရိတ် (၀န်ဆောင်ခပေါ့ဗျာ) အဲဒါကတော့ ရန်ကုန်ကနေ လုပ်ရင် ပုံမှန် အလုပ်တခုအတွက် မြန်မာငွေ ၁၃ သိန်းလောက် ကုန်ပါတယ်။ ဖရီးကောလင်းလဲ ဒီလောက်ပေါက်ပါတယ်။ နောက်ထူးခြားတာက ကောလင်းနှစ်ခုလုံးကို ဒီရောက်မှ လုပ်လို့ရပါတယ်။ ဈေး ကလဲ ဒီလောက်ဘဲ။ စိုက်ပျိုးရေး ကောလင်းဆိုရင် ဈေးသက်သာပါတယ်။



ဘယ်ကိုပြန်ရမှာလဲ ဘယ်လိုပြန်ရမှာလဲ

တဆင့်ခြင်းသွားကြတာပေါဗျာ၊ နော်- ခုထပ်ပြေပြချင်တာ ကတော့ လေဆိပ်ကို ရောက်ခါစ အလုပ်သမားတွေရဲ့ အဲဒီမှာစတွေ့တာဘဲ ဆိုတဲ့ ကျွန်တော်တို့ လူငယ်တွေ ပြောပြောနေတဲ့ စကား ထဲကလိုဘဲ ဒုက္ခစတွေ့တဲ့ အခန်းလေးပေါ့။ ရန်ကုန်လေဆိပ်ကနေ လေယဉ်ဘီးလေး လေထဲကြွသွားပြီဆိုတာနဲ့ စတင်ခံစားရတဲ့ ပျော်ရွှင်ခြင်း၊ နဲနဲလောက်ကြာတဲ့အခါမှာ အစဉ်ပြေပါ့မလား ဆိုတဲ့ တွေဝေခြင်း၊ ဟိုမှာအလုပ်လုပ်လို့ ပိုက်ဆံတွေရ ရင်တော့လေ -ငါတော့ အကြွေးလေးကြေအောင်ဆပ်၊ မိန်းမကို လက်ဆောင်ဝယ်ပေး ၊ ယောက္ခမကို မျက်နှာလုပ်၊ ငါလဲ လုပ်ချင်ရာ လုပ်၊ ဟဲ ဟဲ- နောက်ပြီး မ- မလေးတွေနဲ့ (မလေးရှား မလေးတွေ) ဆိုပြီး ပြုံးပြုံးကြီး ကြည်နူး နေချိန်မှာဘဲ လေယဉ်မယ်ရောက်လာတဲ့ ဘာသုံးဆောင်မလဲ ဆိုတဲ့ အမေးကို ဘာဖြေလို့ဖြေရမလဲ မသိတဲ့ပြသနာနဲ့ စတွေ့ကြရာမှာ မလေးရှားလေဆိပ်ရောက်တဲ့ အထိကိုးလို့ကန့်လန့်ဖြစ်ကြ ပါတယ်။ လေဆိပ်ရောက်တဲ့ အခါ လာကြိုမယ့်သူမရှိသေးတဲ့ အခါ ၊ သူလိုကိုလို ကောလင်းသမားတွေနဲ့ရောနှော ထိုင်စောင့်ကြရပါတယ်၊တချို့ကလဲ မကြာခင်လာရောက်ခေါ်ဆောင်သွားတာ ခံရသလို တချို့တွေကတော့ တရက်၊ နှစ်ရက်လောက် ကြာမှ လာခေါ်တာလဲရှိပါတယ်။ အဆိုးဆုံးကတော့ ဘယ်သူမှလာမခေါ်လို့ ငိုရမလိုရီ ရမလိုဖြစ်တဲ့ သူတွေအများကြီးပါ။ လည်လည်ဝယ်ဝယ်ရှိတဲ့ သူကတော့ ရန်ကုန်ပြန်လစ်ပါတယ်။ ဒါကလဲ အတော် လေးလူရည်လည်တဲ့သူပါ။ အဲဒီလို လူတောင်ရန်ကုန်မှာအလိမ်ခံ လိုက်ရတာနော်၊ ရောက်မှ ရှင်းပေတော့ဘဲ၊ မလည်တဲ့သူ၊ ငွေကို ချေးငှားလာတဲ့ သူတွေကတော့ မထူးဇတ် ခင်းပြီး လာရောက်စောင့်နေကြတဲ့ (လာကောက်တဲ့) ပွဲစားတွေကနေတဆင့် အပြင်ထွက်ရအောင်ကြိုးစား၊ အလုပ်လုပ် ကြွေးဆပ်ပေါ့နော်။ အဲဒီလိုလုပ်ရတဲ့ သူတွေအများကြီး။ အဲဒီတော့ အကြွေးက နှစ်ထပ် ဖြစ်ပြီး လူလုံးမပေါ်တော့ ဘူးပေါ့ဗျာ။ အဲဒီလေဆိပ်ထဲမှာ စားစရာလဲ ၀ယ်လို့မရပါဘူး၊ သောက်စရာ ရေကလဲ အိမ်သာထဲမှာ သွားသောက်ကြရပါတယ်။ ပိုက်ဆံနဲနဲ ပိုပေးရင်တော့ ၊ စကားလေးနဲနဲ ပြောတတ်ရင်တော့ စားစရာကို လေဆိပ် သန့်ရှင်းရေး ကုလားတွေကနေတဆင့် ၀ယ်နိုင်ပါတယ်။ များသောအားဖြင့် ကပိုက်ဆံပါမလာတဲ့ သူကများတော့ အတော် ဒုက္ခခံ ကြရပါတယ်။ ကျွန်တော် စိတ်မကောင်းတာ တခြားနိုင်ငံရောက်လာတဲ့ ကိုယ့် လူမျိုးတွေဟာ လူရည်မလည်ကြတာကိုပါ။ အတော်လေး ဗဟုသုတ ခေါင်းပါးတဲ့အတွက် လူလိမ်ခံရ၊ ဒီကြားထဲ ထမင်းစားရေသောက်လေးတောင် ကိုယ်သွားမယ့်နိုင်ငံရဲ့ဘာသာစကားနဲ့ မပြောတတ်။ ထားပါလေ မလေးလိုမတတ်သေးတာ အင်္ဂလိပ်လိုကျပြန်တော့လဲ မရ၊ ကဲဘာသွားလုပ်မလဲ၊ မင်းဒီ နိုင်ငံ ၀င်လို့မရဘူး၊ ပြန်တော့ ဆိုတာတောင် ဘယ်လိုပြန်ရမလဲ မသိတော့ တော်တော်လေးဆိုးရွားတယ်လို့ဘဲ ပြောချင်ပါတယ်။ အဲဒီထဲမှာမိန်းကလေးတွေ အတော်လေး သနားဖို့လဲ ကောင်း ၊ နားရင်းရိုက်ဖို့လဲကောင်းတာတွေ့ရပါတယ်။ သူတိုက ကိုယ်ကဒီကို ဘာလာလုပ်တယ်ဆိုတာ ကိုသေသေချာချာ မသုံးသပ်ဘဲ နိုင်ငံခြားသွားမယ်ဆိုတာနဲ့ စကတ် တိုတိုလေးတွေ ၀တ်၊ အလှတွေပြင်။ အတတ်နိုင်ဆုံး မပေါ့် တပေါ်ပေါ့နော်။ လေဆိပ်မှာ အလုပ်ရှင်မလာလို့ ညလဲ အိပ်ရမယ်ဆိုရော စကတ်ကတိုတော့ ထိုင်လို့မရ၊ ခုံပေါ်လဲ လှဲနေလို့ မသင့်တော်။ မလုံ့တလုံဆိုတော့ ချမ်းကလဲချမ်း၊ ကဲဗျာ ကောင်းကြသေးရဲ့လား။ အကောင်းဆုံးကတော့ မတ်တပ်ဘဲ အိပ်တော့လို့၊ နောက်ပြီး ငိုလိုက်တာလဲ ဟူဆန်ကျဲနေတာဘဲ တဲ့ဗျ။ နောက်တော့ လေ ဆိပ်ကလဲထွက်လို့ရရော သူတို့မဟုတ်တဲ့အတိုင်းဘဲလည်လေးမော့လို့ ။ မျက်နှာထားက ချက်ခြင်းပြောင်းသွားတာဘဲ၊အင်းပေါ့လေ အလုပ်မှ မဆင်းရသေးဘဲကိုး။

ပြောတော့တမျိုးလုပ်တော့ နှစ်မျိုး

ကောလင်းလေးမှန်တဲ့ အခါ ကိုယ်လုပ်ရမယ့် သက်ဆိုင်ရာ အလုပ်ခွင်ကိုရောက်ပါတယ်။ ပြောထားတော့ စတိုးဆိုင် ၊ ရောက်တော့ စက်ရုံ။ ပြောတော့စက်ချုပ် လုပ်ရတော့ ငါးပုဇွန်ရွေး။ ပုံ မှန် အလုပ်ချိန်က ရန်ကုန်မှာတော့ တနေ့ ၈ နာရီပေါ့။ အချိန်ပို ဆင်းရင် နောက် ၂ နာရီ ၊ ထမင်းစားချိန်ပြန်နှုတ် ၁ နာရီ။ စုစုပေါင်း အလုပ်ခွင်မှာ ၁၀နာရီ အလုပ်လုပ် ရမယ်ပေါ့၊ ဒီရောတော့ မနက် ၈ နာရီခွဲဆို အလုပ် အရောက်ဝင်ရပါတယ်။ နေ့လည် ထမင်းစားချိန် ၁ နာရီ ရပါတယ်။ အဲဒါ သိပ်ကောင်းပါတယ်ဆိုတဲ့ အလုပ်တွေမှာနော်။ ကျန်တဲ့ အလုပ်တွေဆို စားချိန်မမှန်ပါဘူး။ အချိန်ပိုကလဲ ည ၁၀ နာရီထိ ဆင်းပေးမှ ရပါတယ်။ ပြန်တော့ ၁၀ နာရီခွဲနေပြီ။ အိမ်ရောက်မှ စားဖို့သောက်ဖို့ချက်ရ၊ မနက်ကျ စောစောပြန်အလုပ်ဝင် ၊ ကြည့်ပေတော့ ဘယ်မှာလဲ နားချိန်။ ပြောတော့ တပတ်တခါနားရမလို၊ အလုပ်ကဘဲ တပတ်တရက် ပိတ်တော့မလို၊ နောက်တော့ ၁၅ ရက်တခါမှ ခွင့်ပေးပါတယ်။ ခွင့်ကလဲ အမှန်သမားဆို ဂျလန်းကတ် ရှိတဲ့သူတွေမှ မြို့ထဲ လျှောက်လည်နိုင်ပါတယ်။ မရှိတဲ့သူတွေ ဆိုမလွယ်ပါဘူး။ နောက်တခုက တချို့ မလုပ်က အဲဒီခွင့်ကိုတောင် နေ့တ၀က်ဘဲ ပေးတာရှိပါတယ်။ ဘယ်လိုမှ အချိန်အားမရှိအောင် လုပ်ကြရပြီး အလုပ်သမားတွေဟာ ပြင်ပလောကနဲ့ လုံးဝအဆက် အသွယ်ပြတ်နေတော့တာပါ။ စက်ရုံသမားဆို ပိုဆိုးပါတယ်။ မနက်ထဲကမိုးချုပ် အလုပ်ထဲမှာဘဲ နေနေရတာပါ။ နေစား ငြိမ်းတွေုဖြစ်တော့ ဘယ်မှထွက်လို့မလွယ်သလို ပတ်စပို့ကို သူဌေးတွေက သိမ်းထားတော့ ဂျလန်းကတ် မရသေးရင်ဘယ်လိုမှ အပြင်ထွက်လို့ အဆင်မပြေပါဘူး။ နေစားငြိမ်းတာ ရှိသလို နေတာဘဲ ငြိမ်းတဲ့ ဟာတွေလဲ ရှိပါတယ်။ နေရတော့လဲ ကျောတနေရာစာလေး လူတွေစုနေရတယ်။ စားစားရိတ်ငြိမ်းဆိုလဲ မသေယုံ ကြွေးတာပါ။ တကယ့်ကို လောကငရဲတွေပါ။ ဟိုကနေ မျော်လင့်ချက် တခွဲ သားနဲ့ထွက်လာခဲ့တာ ဒီလဲရောက်ရော အိမ်မပြန်ချင်တဲ့ သူရှိလားလို့မေးရင် ၉၉ ယောက်က ပြန်မယ်လို့ ပြောစေရမယ်ဗျာ၊ တကယ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ပြန်လို့မလွယ်ကြလို့ပါ။
ကောလင်းမမှန်ဘဲ ကြုံရာ ၀င်ရောက်လုပ်ကိုင်တဲ့ သူတွေဆို ဒီထက်ဆိုးတဲ့ အခြေအနေ တွေနဲ့ဘဲ လုံးလည်ချာလည် လိုက်နေတော့တာပါဘဲ။ နောက်နေ့မှာဂျလန်းကတ် အကြောင်း၊ လစာ အကြောင်း၊ ရဲတွေရဲ့ ရန်ကို ပြောပြပါမယ်။
မနက်က ဘာညာ့ ဘလောက် သွားတော့ ပိတ်ထားတာတွေ့ပါတယ်။ သူပြင်နေတယ် ထင်တာပါ။ နောက်တော့ မှ သူနဲ့ တွေ့ပီး သူဖြတ်လိုက်တယ်ဆိုတာ သိပါတယ်။ နောက် ဒီမို နဲ့ တိုလီလေး ပြောပြလို့ အကြောင်းစုံ သိပြီး မောင် ပွတ်ဘလောက်သွားမှ ဘဲ ဇတ်ရည်လည်သွားပါတယ်။ ဘာလို့ ဒီလို အောက်တန်းကျတဲ့ အလုပ်တွေ လုပ် ချင်ကြတာလဲ ဆိုတာ မတွေးတော့ ပါဘူးဗျာ။ ဘာဘဲ ဖြစ်ဖြစ် ဘာညာ ဘလောက် ပြန်ရေးနိုင်အောင် ကျွန်တော် တို့ သူငယ်ချင်းများ ၀ိုင်းဝန်း တိုက်တွန်းသွားကြပါမယ်။ ဘာမှ စိတ်ထဲမထားနဲ့ ဘာညာရေ ၊ ကျွန်တော် ဘလောက်တွေ တွင်တွင်ရေးတတ်အောင် ကူညီခဲ့ တဲ့ ကျွန်တော့် ဘလောက်ဂါမိခင်ကြီး ဘလောက် ဖျားနေတယ် လို့ဘဲ မှတ်ထားလိုက်ပါမယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားကြပါစို့ဗျာ။ ခွေးလှေး ခုန်လို့ ဖုန်မထ ပါဘူး။
Type the rest of your post here.