KL ကိုသွားတောသား ၆

ပျော်စရာတွေချည်း ပြောပြောနေရတာ အားနာလာပါတယ်ဗျာ။ တကယ်တော့ မြန်မာပြည်ကနေ မလေးကို လာအလုပ်လုပ်နေကြတဲ့ မြန်မာပြည်သူပြည်သား တွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေ ကို ကြားကြရင် ၊ သိကြရင် ဘယ်တော့မှ မလေးရှားဆို အဝေးသွားလို တဲ့စိတ်ပေါက်သွားနိုင်ပါတယ်။ စုံတာမှ တော်တော်စုံတယ်၊ မြင်သမျှကြားသမျှ ဖောက်သည်ချ ပြရင်တော့။

ကောလင်းပါခင်ဗျ၊ ကောလင်းပါ

ကောလင်း( calling ) ရယ်လို့ကျွန်တော်တို့ ရွှေတွေ (မြန်မာတွေ) ခေါ်နေကြတဲ့ တရားဝင်အလုပ်ခေါ် စာနဲ့လာတဲ့ အလုပ်သမားတွေက ရန်ကုန် ၊ မန်းနဲ့ တခြား နယ်မြို့ကြီး တွေမှာ ရှိနေတဲ့ ပွဲစား၊ တစ်ပွဲစား၊ နှစ်ပွဲစား လူလည်တွေ ကနေတဆင့် ဆက်သွယ်မှ ရနိုင်တဲ့ တရားဝင်လတ်မှတ်တခုပါ။ ကျွန်တော်ပြောထားမယ်နော် အားလုံးဟာ လူလိမ်တွေလို့ မပြောပါဘူး၊ မှန်ပါတယ် ဆိုတဲ့ပွဲစား တွေ သွင်းပေးထားတဲ့ အလုပ်တွေမှာတောင် ပြသနာ ရှိနေပါတယ်၊ဒီတော့ အလိမ်ခံရ တယ်ဆိုရင်တော့ သေပြီမှတ် တော့။ ကဲ ပြန်စတာပေါ့၊ အဲဒီကောလင်းထဲမှာ ရိုးရိုး ကောလင်း နဲ့ ဖရီးကောလင်း ဆိုတာနှစ်မျိုးရှိပါတယ်။ ကျွန်တော် ပထမကောလင်းကို စပြောပါမယ်။ ရိုးရိုးကောလင်းဆိုတာ သတင်းစာ၊ ပွဲစားကနေတဆင့်၊ ကိုယ့်ဟာကို စုံစမ်းရင်း ဖြစ်စေ ၀န်ဆောင် ခ တရားဝင်ပေးပြီး လာတဲ့ အလုပ်အကိုင်အတွက် အလုပ်ခေါ်စာပါ။ အဲဒီခေါ်စာနဲ့ မလေးရှားကို ၀င်တဲ့အခါ လေဆိပ်မှာ သက်ဆိုင်ရာ သူဌေးက လာရောက် ခေါ်ယူရပါတယ်။ အဲဒီလိုမှ လာမခေါ် ရင်တော့ ပြန်ပေတော့ မစဉ်းစားနဲ့။ မပြန်ဘဲ လေဆိပ်ထဲက ထွက်လာလိုက်လို့ကတော့ ခေတ်သစ် ကျွန်တွေ ဖြစ်ဖို့ ၈၀ ရာခိုင်နှုန်းလောက် သေချာ သွားပါပြီ။ လေဆိပ်ရောက်မှ လာမခေါ်ဘဲ အလိမ်ခံရလို့ ဘယ်သူ့ အဖေခေါ်ရမှန်း မသိ၊ ရေတောင် အိမ်သာထဲ သွားသောက်၊ လေဆိပ်ထဲက အေးနေတဲ့ ကြွေပြားပေါ်မှာအိပ်၊ မနေနိုင်တဲ့ အဆုံး ရအောင်ထွက်လို့ ဘ၀ပျက်သွားတဲ့ သူတွေက တပုံတပင်နဲ့ ၊ ကျွန်တော်လာရင်းတောင် လေဆိပ်မှာ ရာနှင့်ချီတဲ့ လာခေါ်မခံ ရသေးတဲ့ မြန်မာ၊ ဘင်္ဂလား၊ အင်ဒိုစတဲ့ အလုပ်သမားတွေကို မျက်လုံးကလေး ကလည်ကလည်နဲ့ တွေ့ခဲ့ ရပါသေးတယ်ခင်ဗျ။ ကဲနောက်တခု ကဖရီးကောလင်းပါ။ free ဆိုတဲ့အတိုင်း သူကတော့ ငွေများများ ပေးပြီးလုပ်ထားတော့ လွတ်လပ်တယ်ပေါ့။ ကိုယ်ကြိုက်တဲ့ အလုပ်ရှာ လုပ်ပေါ့ ဗျာ။ အဲဒီလို မက်လုံးတွေ ပေးပြီး ပွဲစားတွေက လုပ်ပေးထားတဲ့ ကောလင်းတခုပါ။ တကယ်တော့ သူ့မှာပါတဲ့ အလုပ်၊ ဥပမာ - ကားစက်ရုံဆိုရင် ကားစက်ရုံတရုံမှာ မလုပ်ဘဲ ပန်းကန် သွားဆေး နေတာ စစ်ဆေးတွေ့ ရှိလို့ကတော့ အဖမ်းခံရပါတယ်။ အကယ်လို့ သူကိုရဲက မသင်္ကာလို့ဖမ်းလိုက်တဲ့ အခါ လက်မှတ်မှာပါတဲ့ သက်ဆိုင်ရာ သူဌေးက လာရောက်ခေါ် ယူပေးရပါတယ်။ မဟုတ်ရင် အဖမ်းခံရပါတယ်။ ကဲဒီလောက်ဆို ကောလင်းဆိုတာလေး အကျဉ်းလောက်သိမယ်ထင်ပါတယ်။ ကုန်ကျစားရိတ် (၀န်ဆောင်ခပေါ့ဗျာ) အဲဒါကတော့ ရန်ကုန်ကနေ လုပ်ရင် ပုံမှန် အလုပ်တခုအတွက် မြန်မာငွေ ၁၃ သိန်းလောက် ကုန်ပါတယ်။ ဖရီးကောလင်းလဲ ဒီလောက်ပေါက်ပါတယ်။ နောက်ထူးခြားတာက ကောလင်းနှစ်ခုလုံးကို ဒီရောက်မှ လုပ်လို့ရပါတယ်။ ဈေး ကလဲ ဒီလောက်ဘဲ။ စိုက်ပျိုးရေး ကောလင်းဆိုရင် ဈေးသက်သာပါတယ်။



ဘယ်ကိုပြန်ရမှာလဲ ဘယ်လိုပြန်ရမှာလဲ

တဆင့်ခြင်းသွားကြတာပေါဗျာ၊ နော်- ခုထပ်ပြေပြချင်တာ ကတော့ လေဆိပ်ကို ရောက်ခါစ အလုပ်သမားတွေရဲ့ အဲဒီမှာစတွေ့တာဘဲ ဆိုတဲ့ ကျွန်တော်တို့ လူငယ်တွေ ပြောပြောနေတဲ့ စကား ထဲကလိုဘဲ ဒုက္ခစတွေ့တဲ့ အခန်းလေးပေါ့။ ရန်ကုန်လေဆိပ်ကနေ လေယဉ်ဘီးလေး လေထဲကြွသွားပြီဆိုတာနဲ့ စတင်ခံစားရတဲ့ ပျော်ရွှင်ခြင်း၊ နဲနဲလောက်ကြာတဲ့အခါမှာ အစဉ်ပြေပါ့မလား ဆိုတဲ့ တွေဝေခြင်း၊ ဟိုမှာအလုပ်လုပ်လို့ ပိုက်ဆံတွေရ ရင်တော့လေ -ငါတော့ အကြွေးလေးကြေအောင်ဆပ်၊ မိန်းမကို လက်ဆောင်ဝယ်ပေး ၊ ယောက္ခမကို မျက်နှာလုပ်၊ ငါလဲ လုပ်ချင်ရာ လုပ်၊ ဟဲ ဟဲ- နောက်ပြီး မ- မလေးတွေနဲ့ (မလေးရှား မလေးတွေ) ဆိုပြီး ပြုံးပြုံးကြီး ကြည်နူး နေချိန်မှာဘဲ လေယဉ်မယ်ရောက်လာတဲ့ ဘာသုံးဆောင်မလဲ ဆိုတဲ့ အမေးကို ဘာဖြေလို့ဖြေရမလဲ မသိတဲ့ပြသနာနဲ့ စတွေ့ကြရာမှာ မလေးရှားလေဆိပ်ရောက်တဲ့ အထိကိုးလို့ကန့်လန့်ဖြစ်ကြ ပါတယ်။ လေဆိပ်ရောက်တဲ့ အခါ လာကြိုမယ့်သူမရှိသေးတဲ့ အခါ ၊ သူလိုကိုလို ကောလင်းသမားတွေနဲ့ရောနှော ထိုင်စောင့်ကြရပါတယ်၊တချို့ကလဲ မကြာခင်လာရောက်ခေါ်ဆောင်သွားတာ ခံရသလို တချို့တွေကတော့ တရက်၊ နှစ်ရက်လောက် ကြာမှ လာခေါ်တာလဲရှိပါတယ်။ အဆိုးဆုံးကတော့ ဘယ်သူမှလာမခေါ်လို့ ငိုရမလိုရီ ရမလိုဖြစ်တဲ့ သူတွေအများကြီးပါ။ လည်လည်ဝယ်ဝယ်ရှိတဲ့ သူကတော့ ရန်ကုန်ပြန်လစ်ပါတယ်။ ဒါကလဲ အတော် လေးလူရည်လည်တဲ့သူပါ။ အဲဒီလို လူတောင်ရန်ကုန်မှာအလိမ်ခံ လိုက်ရတာနော်၊ ရောက်မှ ရှင်းပေတော့ဘဲ၊ မလည်တဲ့သူ၊ ငွေကို ချေးငှားလာတဲ့ သူတွေကတော့ မထူးဇတ် ခင်းပြီး လာရောက်စောင့်နေကြတဲ့ (လာကောက်တဲ့) ပွဲစားတွေကနေတဆင့် အပြင်ထွက်ရအောင်ကြိုးစား၊ အလုပ်လုပ် ကြွေးဆပ်ပေါ့နော်။ အဲဒီလိုလုပ်ရတဲ့ သူတွေအများကြီး။ အဲဒီတော့ အကြွေးက နှစ်ထပ် ဖြစ်ပြီး လူလုံးမပေါ်တော့ ဘူးပေါ့ဗျာ။ အဲဒီလေဆိပ်ထဲမှာ စားစရာလဲ ၀ယ်လို့မရပါဘူး၊ သောက်စရာ ရေကလဲ အိမ်သာထဲမှာ သွားသောက်ကြရပါတယ်။ ပိုက်ဆံနဲနဲ ပိုပေးရင်တော့ ၊ စကားလေးနဲနဲ ပြောတတ်ရင်တော့ စားစရာကို လေဆိပ် သန့်ရှင်းရေး ကုလားတွေကနေတဆင့် ၀ယ်နိုင်ပါတယ်။ များသောအားဖြင့် ကပိုက်ဆံပါမလာတဲ့ သူကများတော့ အတော် ဒုက္ခခံ ကြရပါတယ်။ ကျွန်တော် စိတ်မကောင်းတာ တခြားနိုင်ငံရောက်လာတဲ့ ကိုယ့် လူမျိုးတွေဟာ လူရည်မလည်ကြတာကိုပါ။ အတော်လေး ဗဟုသုတ ခေါင်းပါးတဲ့အတွက် လူလိမ်ခံရ၊ ဒီကြားထဲ ထမင်းစားရေသောက်လေးတောင် ကိုယ်သွားမယ့်နိုင်ငံရဲ့ဘာသာစကားနဲ့ မပြောတတ်။ ထားပါလေ မလေးလိုမတတ်သေးတာ အင်္ဂလိပ်လိုကျပြန်တော့လဲ မရ၊ ကဲဘာသွားလုပ်မလဲ၊ မင်းဒီ နိုင်ငံ ၀င်လို့မရဘူး၊ ပြန်တော့ ဆိုတာတောင် ဘယ်လိုပြန်ရမလဲ မသိတော့ တော်တော်လေးဆိုးရွားတယ်လို့ဘဲ ပြောချင်ပါတယ်။ အဲဒီထဲမှာမိန်းကလေးတွေ အတော်လေး သနားဖို့လဲ ကောင်း ၊ နားရင်းရိုက်ဖို့လဲကောင်းတာတွေ့ရပါတယ်။ သူတိုက ကိုယ်ကဒီကို ဘာလာလုပ်တယ်ဆိုတာ ကိုသေသေချာချာ မသုံးသပ်ဘဲ နိုင်ငံခြားသွားမယ်ဆိုတာနဲ့ စကတ် တိုတိုလေးတွေ ၀တ်၊ အလှတွေပြင်။ အတတ်နိုင်ဆုံး မပေါ့် တပေါ်ပေါ့နော်။ လေဆိပ်မှာ အလုပ်ရှင်မလာလို့ ညလဲ အိပ်ရမယ်ဆိုရော စကတ်ကတိုတော့ ထိုင်လို့မရ၊ ခုံပေါ်လဲ လှဲနေလို့ မသင့်တော်။ မလုံ့တလုံဆိုတော့ ချမ်းကလဲချမ်း၊ ကဲဗျာ ကောင်းကြသေးရဲ့လား။ အကောင်းဆုံးကတော့ မတ်တပ်ဘဲ အိပ်တော့လို့၊ နောက်ပြီး ငိုလိုက်တာလဲ ဟူဆန်ကျဲနေတာဘဲ တဲ့ဗျ။ နောက်တော့ လေ ဆိပ်ကလဲထွက်လို့ရရော သူတို့မဟုတ်တဲ့အတိုင်းဘဲလည်လေးမော့လို့ ။ မျက်နှာထားက ချက်ခြင်းပြောင်းသွားတာဘဲ၊အင်းပေါ့လေ အလုပ်မှ မဆင်းရသေးဘဲကိုး။

ပြောတော့တမျိုးလုပ်တော့ နှစ်မျိုး

ကောလင်းလေးမှန်တဲ့ အခါ ကိုယ်လုပ်ရမယ့် သက်ဆိုင်ရာ အလုပ်ခွင်ကိုရောက်ပါတယ်။ ပြောထားတော့ စတိုးဆိုင် ၊ ရောက်တော့ စက်ရုံ။ ပြောတော့စက်ချုပ် လုပ်ရတော့ ငါးပုဇွန်ရွေး။ ပုံ မှန် အလုပ်ချိန်က ရန်ကုန်မှာတော့ တနေ့ ၈ နာရီပေါ့။ အချိန်ပို ဆင်းရင် နောက် ၂ နာရီ ၊ ထမင်းစားချိန်ပြန်နှုတ် ၁ နာရီ။ စုစုပေါင်း အလုပ်ခွင်မှာ ၁၀နာရီ အလုပ်လုပ် ရမယ်ပေါ့၊ ဒီရောတော့ မနက် ၈ နာရီခွဲဆို အလုပ် အရောက်ဝင်ရပါတယ်။ နေ့လည် ထမင်းစားချိန် ၁ နာရီ ရပါတယ်။ အဲဒါ သိပ်ကောင်းပါတယ်ဆိုတဲ့ အလုပ်တွေမှာနော်။ ကျန်တဲ့ အလုပ်တွေဆို စားချိန်မမှန်ပါဘူး။ အချိန်ပိုကလဲ ည ၁၀ နာရီထိ ဆင်းပေးမှ ရပါတယ်။ ပြန်တော့ ၁၀ နာရီခွဲနေပြီ။ အိမ်ရောက်မှ စားဖို့သောက်ဖို့ချက်ရ၊ မနက်ကျ စောစောပြန်အလုပ်ဝင် ၊ ကြည့်ပေတော့ ဘယ်မှာလဲ နားချိန်။ ပြောတော့ တပတ်တခါနားရမလို၊ အလုပ်ကဘဲ တပတ်တရက် ပိတ်တော့မလို၊ နောက်တော့ ၁၅ ရက်တခါမှ ခွင့်ပေးပါတယ်။ ခွင့်ကလဲ အမှန်သမားဆို ဂျလန်းကတ် ရှိတဲ့သူတွေမှ မြို့ထဲ လျှောက်လည်နိုင်ပါတယ်။ မရှိတဲ့သူတွေ ဆိုမလွယ်ပါဘူး။ နောက်တခုက တချို့ မလုပ်က အဲဒီခွင့်ကိုတောင် နေ့တ၀က်ဘဲ ပေးတာရှိပါတယ်။ ဘယ်လိုမှ အချိန်အားမရှိအောင် လုပ်ကြရပြီး အလုပ်သမားတွေဟာ ပြင်ပလောကနဲ့ လုံးဝအဆက် အသွယ်ပြတ်နေတော့တာပါ။ စက်ရုံသမားဆို ပိုဆိုးပါတယ်။ မနက်ထဲကမိုးချုပ် အလုပ်ထဲမှာဘဲ နေနေရတာပါ။ နေစား ငြိမ်းတွေုဖြစ်တော့ ဘယ်မှထွက်လို့မလွယ်သလို ပတ်စပို့ကို သူဌေးတွေက သိမ်းထားတော့ ဂျလန်းကတ် မရသေးရင်ဘယ်လိုမှ အပြင်ထွက်လို့ အဆင်မပြေပါဘူး။ နေစားငြိမ်းတာ ရှိသလို နေတာဘဲ ငြိမ်းတဲ့ ဟာတွေလဲ ရှိပါတယ်။ နေရတော့လဲ ကျောတနေရာစာလေး လူတွေစုနေရတယ်။ စားစားရိတ်ငြိမ်းဆိုလဲ မသေယုံ ကြွေးတာပါ။ တကယ့်ကို လောကငရဲတွေပါ။ ဟိုကနေ မျော်လင့်ချက် တခွဲ သားနဲ့ထွက်လာခဲ့တာ ဒီလဲရောက်ရော အိမ်မပြန်ချင်တဲ့ သူရှိလားလို့မေးရင် ၉၉ ယောက်က ပြန်မယ်လို့ ပြောစေရမယ်ဗျာ၊ တကယ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ပြန်လို့မလွယ်ကြလို့ပါ။
ကောလင်းမမှန်ဘဲ ကြုံရာ ၀င်ရောက်လုပ်ကိုင်တဲ့ သူတွေဆို ဒီထက်ဆိုးတဲ့ အခြေအနေ တွေနဲ့ဘဲ လုံးလည်ချာလည် လိုက်နေတော့တာပါဘဲ။ နောက်နေ့မှာဂျလန်းကတ် အကြောင်း၊ လစာ အကြောင်း၊ ရဲတွေရဲ့ ရန်ကို ပြောပြပါမယ်။

0 comments: