ရွှေရောင်ကတိ

၁၉၄၁ - စစ်ကြီး မဖြစ်ခင်ကာလအကြို ရန်ကုန်မြို့ ကြီးသည် ပုံမှန်လှုပ်ရှား သွားလာနေသူများ နှင့် အသက်ဝင်နေသည်။ နေရာတကာတွင် အိန္ဒိယတိုင်းသား ကုလား လူမျိုးများအများ အပြားတွေ့ နေရခြင်းက မြန်မာပြည်လား အိန္ဒိယ လား သူ့ကိုယ်သူပြန်ပြန် မေးမိနေတတ်သည့် မေးခွန်းတစ်ခုဖြစ်လို့နေသည်။
အညာမှာ ဒီအချိန်ဆို အမတို့တော့ ငါ့ကိုစိတ်ပူနေမှာဘဲ ၊ အင်းငါတော့ မြို့တတ် လာ လိုက်တာ မှားနေပြီထင်တယ်။


ကိုမောင်ဝင်းတစ်ယောက် တွေးချင်ရာတွေးပြီး ဆူးလေတ၀ိုက်တွင် လမ်းလျှောက်နေမိသည်။ ဒီရက်ပိုင်းတော့ အညာပြန်တော့မယ်ဟု စိတ်ကူးထား သဖြင့်ရန်ကုန်မြို့ထဲ နောက်ဆုံး အကြိမ် လည်ပတ်နေခြင်းလဲဖြစ်သည်။ တွေ့လိုက်သည့် နေရာတွေမှာ ပြိုးပြိုး ပျက်ပျက် အရောင်တလက်လက်နှင့် ကားတွေ၊ ဖိတ်ဖိတ်တောက်နေသည့် ကုန်တိုက်ကြီးများ၊ ၀တ်ကောင်းစားလှနှင့် သွားလာနေသော ရန်ကုန်သူ အမျိုးသမီးတွေ ၊ သူ့အိမ်မက်တွေလက်လျော့ ကာပြန်ရတော့မည်။ အလုပ်လုပ်ချင်လို့ သာရန်ကုန်တက်လာခဲ့တယ် ၊ ကိုယ်က ဘာမှမယ်မယ်ရရ လုပ်တက် တာမဟုတ်၊ ကုန်ရောင်းကုန်ဝယ်လုပ်ရအောင်လဲ သိပ်နားမလည်၊ ရှိစေတော့လေ။ ၀ိတိုရိယပန်းခြံထဲ ၀င်ဦးမည်စိတ်ကူးမိသေးသည်၊ ဟိုက်ကုတ်၏ ၀င့်ထည်မှု့ ၊ မြို့တော်ခန်းမ၏ ခန့်ညားမှု့၊
သာယာ သပ်ရပ် သန့်ရှင်းသည့် လမ်းတွေ အပေါ်သူ မိန်းမောနေမိ ပြီးမြို့ပြ အပေါ် သူ့ စိတ်ကူးတွေ လျော့လိုက်ရမှာ နှမြောမိသေးနေသလိုလို။ စကော့ဈေးဘက် ၀င်ကြည့်မယ် ပြီးရင် ဘူတာကြီး ဘက်သွား၊ မောင်ဂိုမာရီလမ်းတလျောက် ဓါတ်ရထားစီး၊ သူတည်းနေသည့် ပုဇွန်တောင်ပန်းခြံနားက ညောင်တုန်းဘုန်းကြီး ကျောင်း ပြန်မည်ဟု တကိုယ်တည်း အစီအစဉ်စွဲကာ ထထွက်လာခဲ့ လေသည်။ ဟိုကြည့်ဒီကြည့်နှင့်ဒံပေါက်စားချင်လာပြန်သည်။ ဆရာတော်ကတော့ ပြောဖူးတယ် ၊ မြို့ထဲရောက်လို့ ဒံပေါက်စားချင်ရင် မဂိုလမ်းက ဘလီအောက်မှာ ကောင်းတယ်ဆိုဘဲ၊ မဂိုလမ်း ဘယ်နားလဲ သိပ်မသိတော့ ဟိုလူ့မေးဒီလူ့မေးနှင့်ဒံပေါက်ဆိုင်များ၊ ကုလားအချိုမုန့်များ ၊ ပလီတက်ရာတွင်သုံးသောပစ္စည်းများရောင်းသည့် ဆိုင်များ၊ ခေါင်းကိုက်လောက်အောင်မွှေးသည့် ကုလားရေမွှေးဆိုင်များ စီတန်းထားရာ ပလီတစ်ခုအောက်သို့ သူရောက်လာသည်။ လမ်းတဖက်မှာတော့ စိန်တိုက်ကြီးတွေ၊ ရွှေရောင်းသည့်ဆိုင်တွေ၊ စိန်ဘာဘူကုလားတွေ ယက်တောင် တဖျက်ဖျက်ခပ်ပြီးထိုင်နေတာတွေ တွေ့သောအခါ၊ ငါလဲတနေ့ ချမ်းသာဦးမှ ဒီဘာဘူတွေဆီစိန်လာဝယ်ပြီး ရွာက ဘုရားမှာ ထီးတင်ပစ်မဟဲ့ လို့စိတ်ထဲကြုံးဝါး လိုက်သေးသည်။
နေကလဲပူလိုက်တာ၊ မြန်မြန်စားမြန်မြန်ပြန် မယ်
ပြောပြောဆိုဆိုနှင့်ဆိုင်ထဲဝင်လာခဲ့ ပြီးအနားရှိကုလားလေးတယောက်ကို ဒံပေါက်တပွဲမှာလိုက်လေသည်။ မြန်မာလိုပြောသည်ကို နားမလည်သဖြင့်၊ ကိုရင်ကြီးသင်ပေးထားသော ဟင်ဒူလို ပြောမှ အချား ဟုဆိုကာ ထွက်သွားလေ၏။
အော် ရန်ကုန်ရန်ကုန် ၊ ကုလားလိုမှနဲနဲ မတတ်ဘဲ လျောက်သွားလို့ကတော့ ဒန်ပေါက်တောင်မှာစားလို့ ရမယ်မထင်ဘူး။
သူထိုင်နေသော စားပွဲတွင် ဘယ်အချိန်ရောက်နေမှန်းသတိမထားမိသည့် ဘုန်းကြီးအိုကြီးတပါးလဲ ထိုင်နေသည်ကို တွေ့ရလေသည်။ မကြာခင် ကုလားလေး ဒန်ပေါက်လာချ ပေးသောအခါ
ဘာရယ်မသိမိမိ စိတ်ကပေါ်လာသော သဒ္ဒါ တရားတစ်ခုကြောင့် ဘုန်းကြီးအိုကြီးအား ဆွမ်းဘုန်းပေးပါရန် ကပ်မိလေသည်။ ဘုန်းကြီးလဲ နေမွန်းမတည့်သေးသဖြင့် အသာတကြည်လက်ခံ လိုက်ကာ သာဓု သုံးခါခေါ်ပြီး သူဟာသူ မြိန်ယှက်စွာ ဘုန်းပေးနေလေ၏။ သူကတော့နောက်တစ်ပွဲထပ်မှာပြီး ဘုန်းကြီးကို ကြည့်လိုက်၊ စားလိုက်နှင့် ပီတိဖြစ်နေလေသည်။
စားပြီးသောအခါ ကျသင့်သော ငွေသုံးမတ်အား ပေးနေစဉ် ဘုန်းကြီးအိုကြီးလဲ ရုတ်ချည်းပျောက်သွားလေတော့၏။
အော် သူလဲသွားစရာရှိပေမပေါ့၊
ဘုန်းကြီးအားသူ ဘယ်အရပ်မှ လာကြောင်း၊ ဘွဲအမည်မည်သို့ရှိကြောင်းစပ်စု ချင်သေးသည်။ ဒါကသူ့ ၀ါသနာကိုး။
စကော့ဈေးဘက် ကို ဘယ်သို့ဆက်သွားရမည်ဆိုသည်ကို အနီးရှိ ဗမာတယောက်ကို မေးရာ မဖြေချင် ဖြေချင်နှင့် ဟိုတန်းတန်းလျောက် ၊ အဲဒါစကော့ဈေးဘဲ ဟု ဆောင့်အောင့်ဖြေသွား လေ၏။
အင်း - မြို့က လူများတယ် စိတ်ဆတ်သကိုး၊ ဒါလေးမေးတာ ဒေါသထွက်ရသလား၊
သူဆက်ထွက်လာလိုက်ရင်း နောက်က တစုံတယောက်က သူ့ပုခုန်းကို လှမ်းဆွဲလိုက်သဖြင့် လန့်ဖြန့်ပြီး နောက်လှည့်ကြည့်လေသော် အစောက ဘုန်းကြီးအိုကြီးဖြစ်နေသည်ကို အံ့အား သင့်စွာ တွေ့ရလေသည်။
ဒကာလေး - ရွှေကြက်ယက်ဘုရားသိရင်တဆိတ်လမ်းညွှန်ပါ ကွယ်။ ဘုန်းကြီးအဲဒီကိုသွားချင်လို့
အရှင်ဘုရား တပည့်တော်က ရွာခံမဟုတ်တော့ မသိဘူးဘုရား
ဒါနဲ့ ဒကာကဘယ်အရပ်ကတုန်း
ကျောက်ဆည်ကပါဘုရာ့ ၊ အညာသားပါ ဟဲ ဟဲ
အေးလေ ၊ မသိတော့လဲ ဘယ်လိုလုပ်မလဲ
အို- ရပါတယ် တပည့်တော် ကူညီပေးပါ့မယ် ၊ ဒီနား ကလံချားသမားတွေ သိမယ်ထင်တယ်
ကောင်းပါ့ကွယ်၊ မင်းကစေတနာကောင်းသလို ကူညီချင်စိတ်လဲရှိသားဘဲ အကျိုးပေးလိမ့်မယ်
ရပါတယ်ဘုရား။
ထို့နောက် မလှမ်းမကမ်းတွင်ရှိသော လန်ချားကုလားကို မေးလေရာ အင်မတန်စုတ်ပဲ့သော ဟင်ဒူ စကားများဖြစ်သဖြင့်လန်ချား ကုလားလဲ ခေါင်းကိုတွင်တွင်ကြီးခါ ကာအသိအမှတ်ပြုလေ၏
ကံကောင်းချင်တော့ ထိုအနားတွင် ရပ်နေသော ဗမာလူငယ်လေးတစ်ဦးမှ ၀င်ရောက်ပြောဆိုပေးပါမှ အဆင်ပြေလေသည်။ ထိုလူရွယ်လေးအားကျေးဇူးတင်ပါ့။
သူတို့ပြောတာ တာဝါလိန်းလမ်းက ဘုရားကိုပြောတာ မင်းသွားနိုင်မလား ဟုကုလားလိုရော ဗမာလိုပါ ပြောဆိုလိုက်လေသည်
ဘုန်းကြီးက
ကဲဒကာလေးသွားဦးမယ်၊ ဒါနဲ့ သွားစရာအရေးမကြီးရင် ငါနဲ့လိုက်ခဲ့ပါလားကွယ်၊ မင့်လဲ ရောက်ဘူးတာပေါ့
ဘုန်းကြီး၏ ပြောဆိုမှု့များသည် သူ့ကိုသံလိုက်ဓါတ်ပမါ ညှို့ထားသလို မငြင်းဝံ့ဘဲ လိုက်လာခဲ့လေတော့သည်။
သူသိသော မောင်ဂိုမာရီလမ်းတလျောက် မှ ကုန်းတံတား တခုကိုဖြတ် ပြီးနောက် တည့်တည့်ကြီးထွက်လာရင်း ကန်တော်ကြီးဘက်ရောက်လာ လေသည်။ ကန်တော်ကြီးတော့သူ သိသည်။ ရန်ကုန်ရောက်စက ရွှေတိဂုံ၊ ကန်တော်ကြီး ကိုသူပထမဆုံးရောက်ခဲ့သည်မဟုတ်ပါလား။
ထိုမှ ကန်တော်ကြီးကိုပတ်လာရင်းတနေရာအရောက်တွင် လမ်းချိုးလေး တစ်ခုကိုချိုးဝင်လိုက်သည်၊ သူမှတ်မိသည်မှာ လမ်းထိပ်ကုန်းမြင့်ပေါ်တွင် အိမ်ကြီးတစ်လုံးရှိနေသည်။
တောတောင်ကဲ့သို့ ၇ိပ်ကြီးမြိုင်ကြီးဖြစ်နေသည်။ ခဏအကြာ လန်ချားရပ်သွားလေသည်။ ဘုန်းကြီးနှင့်သူ ဆင်းလိုက်ကြပြီးနောက် ဘုန်းတော်ကြီးသည် ကုလားဘက်သို့လှည့်ကာ ဘာမှန်းမသိသော စကားတစ်ခွန်းလှမ်းပြောလိုက်လေ၏။ သူ့လေသံကတော့မာကြောသည်ထင်ရသည်။ ထိုအခါ ကုလားသည် ဆလံအကြိမ်ကြိမ်ပေးလျက် သူပေးသော ငွေကိုမယူဘဲ လှည့်ပြန်သွားသည်ကိုထူးဆန်းစွာတွေရလေတော့သည်။
ကဲတက်ကြစို့
ဘုန်းကြီးကပြောပြီးရှေ့ကတက်သွားသည်။ ဘုရားလေးသည် ကုန်းကမူလေးတစ်ခုပေါ်တွင်တည်ထားခြင်းဖြစ်ပြီး လူသူလေးပါးကိုလဲ အနီးအပါးတွင်မတွေ့ရချေ။
ဘုရားပေါ်ရောက်လေသော်
ရော့ ဒကာ မင်းဒါယူထား၊ ငါဝတ်ပြုဦးမယ်၊ နဲနဲတော့ကြာမယ်ထင်တယ်
ဘယ်တုန်းကဘုန်းကြီး၏ူ့လက်ထဲတွင်ကိုင်ထားသည်ဟုမမြင်မိသော လွယ်အိတ်နီကြီးတစ်လုံးကို သူ့လက်ထဲထိုးထည့်ရင်း ပြောလေသည်။
တင့်ပါ့ဘုရား၊ တပည့်တော်လဲ ဘုရားရှိခိုးပြီး ဟိုဇရပ်ပေါ်ကစောင့်နေမယ်
ဘုရားကို ၀တ်ပြုပြီးနောက်တစ်ကိုယ်တည်း ဇရပ်ဟောင်းလေးတွင် ထိုင်နေရင်း အိပ်ချင်လာလေသည်။ ထို့နောက်မည်မျှကြာသွားသည်မသိ၊ ဘုန်းကြီးလာနှိုးမှထထိုင်လေသောအခါ အတော်ပင်နေစောင်းနေပြီဖြစ်ကြောင်းသိရလေသည်။
ဟဲ့ ဒကာ ထထ မိုးချုပ်တော့မယ်
ကမန်းကတန်းထပြီးနောက်၊ ကဲ ငါသွားတော့မယ် မင်းဒီအထုတ်ယူလိုက်တော့ ၊ မင်းနဲ့ထိုက်လို့မင်းရတယ်လို့မှတ်၊ ဟုတ်ပြီလား
သူ့စိတ်တွေဇဝေဇ၀ါဖြစ်သွားလေသည်၊ ဘာအထုတ်မှန်းလဲ မသိ၊ ဘာကိုထိုက်လို့ဘာကိုရမည်လဲ မသိ၊ တပြုးပြုံး နှင့်ကြည့်နေသောဘုန်းကြီးအိုကြီး ကိုကြည့်ရင်းလက်မှလဲ အထုတ်ကြီး ကိုနှုက်ထုတ်လေသည်။ အေးစက်စက်မာကြောကြော အရာတွေ
ဟင် - ရွှေ - -ရွှေ
ရွှေမကျည်းသီးတောင့်တွေ မနည်းပါလား
ပါးစပ်က အံ့သြ မှုနှင့်အတူ ထွက်လာသော စကားသံများကို ဘယ်သူမှမတားနိုင်ချေ။
ဟုတ်တယ် ဒကာရဲ့ မင်းနဲ့ ထိုက်လို့ငါပေးလိုက်တယ် ၊ မင်းကသူတော်ကောင်းစိတ်ရှိတယ်၊ သာသနာပြုချင်တယ်၊ တကယ်လဲမင်းပြုရလိမ့်ဦးမည်၊ဒါ့ကြောင့်ပေးတာ။
နှစ်ပိသာရှိတယ် မင်းလိုသလိုသုံးပေတော့၊ ဟုတ်လား။
တင်ပါ့ဘုရား
သူ့စိတ်ကိုသူငြိမ်အောင်ပြန်ထိမ်းလိုက်သည်။ သူအခုတွေ့နေရသူမှာ နယ်နယ်ရရ မဟုတ်မှန်းသူသိသွားပြီ၊
သူ့သွေးတို့ဆူဝေနေသည်၊ မျက်လုံးများမှာလဲ မျှော်လင့်ခြင်းအရောင်တွေတဖျက်ဖျက်ခတ်လျက်
အရှင်ဘုရား တပည့်တော်ကိုရွှေဖြစ်နည်းများသိရင်ချီးမြှင့်ပါလား ဘုရား
ဘာ ရယ်၊
အော လောဘ လောဘ ၊ အေးလေ မင်းနဲ့ငါ ကပဋ္ဌာန်းဆက်ရှိနေတော့ ငြင်းရတော့ခက်သား၊ တောင်းဝံ့တဲ့လူကလဲတောင်းနေသကိုး၊ ဒါလဲ မင်းရဲ့ ဖြူစင်မှုဘဲ၊ လိုချင်ရင်တောင်း ပေါ့ဟုတ်လား၊ ခိုးတာထက်စာရင် တော်ပါသေးတယ်။ ကောင်းပြီလေ၊ ဘာတွေဖြစ်မယ်တော့ ငါသိပါတယ်၊ မင်းလဲနောင်အခါ နားလည်လာမှာပါ။ ရှိစေတော့ ငါပြမယ်၊ တစ်ခုရှိတာ မင်းငါ့ကို ကတိတခုပေးရမယ်၊ပေးနိုင်ပါ့မလား
ပေးနိုင်ပါတယ်ဘုရား ပြောမှာသာပြောပါ
အေး မင်းကိုငါသင်ပေးတာဘယ်သူမှမပြောရဘူး၊ ရလာတဲ့ရွှေတွေကို သာသနာအကျိုး အများအကျိုးဆောင်ရွက်ပါ့မယ်ဆိုတာ ခုဘဲဘုရားမှာ သစ္စာဆိုပါ။ ငါမင်းကိုခွင့်လွှတ်ပေးထားမှာက ဖောက်ဖျက်ခဲ့သော် မင်းအနေနဲ့ တရားထူးရနိုင်သံဝေဂရနိုင်ပါစေ ဆိုတာဘဲ၊ ဘယ်လိုလဲ
သူတော်တော် ပျော်သွားလေ၏။ လွယ်လိုက်တဲ့ ဆုတောင်း၊ ဘယ်လိုမဆိုပေးလို့ရတဲ့ သစ္စာ-
ကောင်းပါပြီဘုရား တပည့်တော် သစ္စာပြုပါ့မယ်
နှစ်ဦးသား သစ္စာပြုကြပြီးနောက် သူတည်းခိုရာ ညောင်တုန်းဘုန်းကြီးကျောင်းသို့ လမ်းမှာတွေ့သော မြင်းလှည်းတစီးငှားကာ ပြန်ခဲ့ကြလေသည်။

ကျောင်းရောက်သော အခါ ဆရာတော်ထံသွားကြပြီး တည်းခိုခွင့်ရရန်လျောက် သောအခါ ဆရာတော်လဲ ခွင့်ပြုလေ၏။
တပည့်တော်တို့ ကဆေးဖော်မှာပါဘုရား၊ တပတ် ဆယ်ရက်ဆို တပည့်တော်လဲ ကျောက်ဆည်ပြန် တော့မှာပါ။
အေးလေ မင်းကောင်းသလိုလုပ် ပေါ့၊ ဒါနဲ့ မင်းခေါ်လာတဲ့ ကိုယ်တော်ကြီးက ဘွဲ့တော်ဘာတဲ့တုန်း
ဟာ ဒုက္ခ သိဘူးဘုရား ၊ မေ့နေတယ်
အင်း လူငယ်တွေတယ်ခက်သေးတာကိုး သွားတော့သွားတော့ အရေးရှိလဲ လာခဲ့ပေါ့ကွာ တရပ်ထဲသား ဆွေမျိုး တွေလဲဖြစ် ၊ ငါ့ရဟန်း ဒကာတွေလဲဖြစ်တဲ့ မင်းအမ နဲ့ အဘ ကိုယ်စား ငါစောင့်ရှောက်ရမှာပေါ့။
တင့်ပါ့ဘုရား၊ တပည့်တော်တို့ ကျောင်းဒေါင့်နားမှာ တဲလေးတစ်လုံးထိုးမယ်နော်ဘုရား
ဘာလုပ်ဖို့တုန်း
ဖိုထိုးကြမှာပါဘုရား
ဟေ -- - -- -။

ကျောင်းရောက်ပြီးနောက်တရက်မှစကာ ဘုန်းကြီးအိုကြီးနှင့် သူနှစ်ဦးသား ဖိုကိုစကျင် ကြလေသည်။ ထူးဆန်းစွာပင် သုံးရက်အတွင်း ပြဒါး ငိုလေ၏။ သွပ်ဖမ်းခြင်း၊ သံဖမ်းခြင်း စသောနည်းများကိုလဲ ဘုန်းကြီးက အချိန်ရှိတိုင်း ပြောပြနေလေသည်။ သို့ရာတွင် သူသိပ်စိတ်မ၀င်စား၊ ရွှေ - ရွှေ သာဘယ်လိုမြန်မြန်ဖြစ် မှာလဲ။
ဒါကသာ သူသိချင်နေသော သော့ချက်ဟု မှတ်ယူထားလေသည်။ လိုအပ်သော မီးသွေး၊ လုံ၊ ဒြပ်ပစ္စည်း များကို နေရာအနှံ့အပြားမှ ၀ယ်ချမ်းထားသောကြောင့် ပထမဆုံး ရွှေမကျည်းသီးတောင့်လေးမှာ ကုန်လုနေပေပြီ။
ရွှေ အထည်ဖြတ်ပုံမှ အစ ရွှေအကြောင်းကို ဘုန်းတော်ကြီး နားလည်လိုက်ပေစွဟု အံ့သြနေသေးသည်။ များမကြာမီ ၈ -၇က်မြောက်နေ့တွင် လုံထဲရှိ ပြဒါး သည်ပြာအံ လေတေယ့သည်။
အင်း--ရတော့မယ်
ဘုန်းတော်ကြီးကရေရွက်နေသည်။ သူလည်းမျက်တောင်မခတ် စိုက်ကြည့်နေလေ၏။ လုံထဲမှ ချော်ကို ပုံစံခွက် တစ်ခုထဲလောင်းထည့်လိုက်လေသည်။ ပြီးနောက် မည်သည့်အရည်တမျိုးနှင့် မသိအနည်းငယ်လောင်းချလိုက် လေသော် ရှဲခနဲ မီးခိုးလုံးကြီးထသွားလေ၏။ မီးခိုးများပျောက်ကွယ်သော အခါတွင်တော့ ထိုခွက်လေးထဲ တွင် ၀ါ ၀ါရောင် အတုန်းလေးတစ်ခု ကိုတွေ့ရလေ၏။
ဒါရွှေပေါ့နော်
မဟုတ်သေးဘူးကွ ရွှေမဖြစ်သေးဘူး၊ ဒါပေမယ့်နဲနဲဘဲ လိုတော့တယ်။ မင်း အင်္ဂလိပ်ကျောင်းတက်ဘူးလား
မတက်ဘူးပါဘူးဘုရား
ဒါဆို ဘုန်းကြီးကျောင်းထွက်ပေါ့ ဟုတ်လား
တင်ပါ့
အေး လောကဓါတ် ပညာအလိုအရတော့ ပြဒါးမှာပါတဲ့ အက်တမ်လို့ ခေါ်တဲ့ အင်မတန်သေးငယ်တဲ့ ဒြပ်တစ် ခုကို ဖယ်ထုတ်လိုက်ရင် ရွှေဖြစ်သွားနိုင်တယ်တဲ့၊ သဘောက မင်းသိထားတဲ့ အတိုင်းဆို ပြဒါးကိုသေအောင် သတ်ပေးရမယ် ဆိုတဲ့သဘော၊ အဲဒီလိုသတ်တဲ့အခါ ပြဒါး က အခိုးအဖြစ်ထထွက်သွားနိုင်တယ်၊ ဒါကြောင့် အဲဒီနေရာမှာ ဒြထွက်မသွားနိုင်အောင် ဖမ်းခြင်းက အရေးကြီးတယ်။
ဒါဆို သံသေတာရောဘုရား
သံသေတပြည်ဝ ၊ ပြဒါးသေ တဆွေဝတဲ့ ၊ မင်းအတွက်သံသေဖို့ မလိုဘူးထင်တယ်
သူလဲ ဘာမှမပြေ၀ံ့တော့ဘဲ ကြည့်နေလိုက်လေသည်၊ ဆက်လက်ကာ ဘုန်းကြီးပြောသော ပညာရပ်များ အကြောင်း နားထောင်ရင်းအချိန်ကုန်လွန်လာခဲ့လေသည်။ ညနေပင်စောင်းလာခဲ့ပြီ၊ ရေချိုးရင်း အ၀တ်တချို့ လျှော်လိုက်ချင်သေးသည်နှင့် သူတအြတွင်းမှထွက်လာခဲ့လေသည်။ ရေတွင်းနားအရောက်တွင် ကိုရင်ကြီးနှင့်တွေ့လေရာ
ဟေ့ ကောင်င၀င်း မင်းလဲ ဖိုတွေဘာတွေထိုးလို့ ၊ ဘာလဲ ရွှေဖြစ်နည်းသင်နေတာမပြီးသေးဘူးလားကွ ဟေ
မဟုတ်ပါဘူးကိုရင်ကြီးရာ
ဘာမဟုတ်ရမှာလဲ မင်းတို့ တွေ ၀ယ်လာတဲ့ ပစ္စည်းတွေကို ကြည့်ရင် ရွှေဖြစ်အောင်ထိုးမယ်ဆိုတာငါသိပါတယ်၊
ငါလဲ ဒီလောက်တော့ လေ့လာထားပါတယ်ကွာ၊
မဖြစ်သေးပါဘူးကိုရင်ကြီးရာ၊
ဖြစ်ရင်ငါ့လဲ ပြောပါဦး ငါလဲ သာသနာပြုချင်လို့ပါကွာ
စိတ်ချ ကိုရင်ကြီး၊ တပည့်တော်အကြောင်းသိသားနဲ့ ၊ ရရင် ပြောမှာပေါ့၊ သူတော်ကောင်းတွေဘဲ
ဟား ဟား ဟား၊ မင်းလားသူတော်ကောင်း၊ ငါတော့မထင်ဘူး၊ သူတော်ကောင်းဆိုမင်း ဘုန်းကြီးဝတ်မလား ဟား ဟား- - -
ဒါဆိုကိုရင်ကြီးကဘာလို့ ရဟန်းမခံလဲ
ငါက လောကီကိုပိုသန်တော့ ၀ိနည်းမညီမှာစိုးလို့ ပဇင်းမတက်တာကွ
ကိုရင်ကြီးက လည်သားဘဲ
ဟုတ်တယ် ငါက မင်းပြောသလိုဘဲ
နှစ်ဦးသား စကားတပြောပြော နှင့်ရေတွင်းနားမှာ စကားကောင်းနေရင်း ဘုန်းကြီးအိုကြီးရောက်လာသည်။
ဟေ့ င၀င်း ဘာတွေလျှောက်ပြောနေတာလဲ မြန်မြန်လုပ်စမ်း
တင်ပါ့ဘုရား
ရေမိုးချိုး အ၀တ်လျှော်ပြီးနောက် ကျောင်းပေါ်ပြန်တက်လာကြလေသည်။ သူနှင့် ဘုန်းကြီးအိုကြီးသည် အလုပ် မရှုပ်သည့် ညတွေဆိုရင်တော့ ကျောင်းမကြီးပေါ် တက်အိပ်လေ့ရှိသည်။ ဒီညလဲ ဘာမှ အရေးမကြီးတော့ မနက်ဖန်ဆို ရွှေဖြစ်တာ့မည်၊ဒါကြောင့် ကျောင်းပေါ်တက် အိပ်ကြမည်။ ညကိုးနာရီကျော်လောက်တွင် သူ့ အိပ်ရာ နဘေးမှာ ဘုန်းတော်ကြီးအိုကြီး နှစ်ချိုက်စွာ အိပ်မောကျနေသည်။ သူကတော့ ရွှေ ဖြစ်ရင် ငါဘယ်လို လုပ်မယ် ဆိုသော စိတ်ကူးများကြောင့် တော်တော်နှင့် အိပ်မပျော်သေး၊ သူ့အတွေးနှင့်သူပျော်နေလိုက်တာ အချိန်မည်မျှ ကြာကုန်သည်မသိ ကျက်သရေခန်းမှ နာရီကြီး ၁၂ ချက်တီးကာမှ သန်းခေါင် ရောက်နေမှန်းသိလိုက်ရလေသည်။ ထို့ကြောင့် အိပ်တော့မည်ဟုဆုံးဖြတ်ခါ မျက်လုံးများအား စုံမှိတ်လိုက်လေတော့သည်။ အဲဒီနေ့ည အိပ်မက်များသည် သူ့ အတွက် အလှပဆုံးဖြစ် နေလိမ့်မည်ထင်သည်။

တောက်- -တောက်- -တောက်- -တောက်- - တောက် --

အုံးမောင်းခေါက်သံကြောင့် သူနိုးလာခဲ့လေသည်၊ အင်း အာရုဏ်တောင် ရောက်နေပြီ၊
သူခေါင်းကို တဖက်စောင်းကြည့်လိုက်ချိန်
ဟင် ဘုန်းကြီးအိုကြီး၊ ဘယရောက်သွားပါလိမ့်။
သူကပြာကရာ ထပြီး ကြည့်လိုက်သည်။ လင်းရောင်ခြည်မလာသေးသဖြင့် မှောင်နှင့်မဲမဲ
တုန်းခေါက်သံကြောင့် တခြားသော ကိုရင်များ၊ ဦးပဇင်းများလဲ အသီးသီး ထကုန်ပြီဖြစ်သဖြင့် ကျောင်းထဲရှိမီး ကိုသူ သွားဖွင့်လေသည်။ မည်သူမျှအပြင်မထွက်ရသေး၊ ပြတင်းတခါးများ မှာ ဖွင့်ထားသော်လဲ သံချောင်းများ ကာယံထားသည်။ တခါးများအားလုံးလဲ ပိတ်လျှက်ရှိနေသေးသည်။ သို့ သော် ဘုန်းကြီးအိုကြီးကား မရှိတော့ချေ။
သူအတော် တုန်လှုပ်ခြောက်ခြားသွားသည်။ ထိုစဉ်ကိုရင်ကြီးရောက်လာပြီး ၊
ဘာဖြစ်နေတာလဲ င၀င်း
ဟို - ဟို ဘုန်းကြီးအိုကြီး မရှိတော့ဘူး
ဟေ -- ဟုတ်ရဲ့လား ၊ အပေါ့ အပါး သွားလေသလား ကြည့်ပါဦး
မဟုတ်ဘူး ကျွန်တော်သိပြီ၊ သူထွက်သွားပြီ
ပြီးနောက် စိတ်ပျက်အားလျော့စွာနှင့် ဖိုကျင်းရှိရာ တဲလေးထဲ တယောက်ထဲ ထိုင်နေမိလိုက်လေသည်။
ခဏအကြာ သူအိပ်ပျော်သွား သလိုလို အိပ်မက်လိုလို ဖြစ်သွားပြီး
သူ့ထံသို့ ဘုန်းကြီးအိုေ၇ာက်လာကာ
င၀င်း မင်းကတိ မင်းသိတယ်နော် ၊ ဘယ်သူကိုမှ မပြော၇ဘူးလို့ဆိုတာ ဘာလို့ကိုရင်ကြီးကို ပြောတာတုန်း
တပည့်တော်က အကုန်မပြောပါဘူးဘုရား၊ အရိတ်အမွတ်ပြောတာပါ၊ သူကလဲ သူတော်ကောင်းမို့ ကူညီချင်လို့ပါ
လျော့ င၀င်းလျော့ နေရာတကာ မင်းမကူညီနိုင်ဘူး၊ ဒီကိုရင်ကြီးက ကောင်းတာမဟုတ်ဘူး၊ စိတ်ရင်းကောင်းပေမယ့် လောဘရှိတဲ့အရာမှာ မင်းထက်ပိုတယ်
ဒါဆို ရွှေဖြစ်နည်း မပြတော့ဘူးလားဘုရား
အေး လေကွယ် ၊ ငါအားလုံးသိပါတယ်ဆို၊ မင်းဒီနည်းကို ရသွားမှာ မဟုတ်တာလဲ ငါသိတယ်၊ မင်းလောဘကြီး တာလဲငါသိတယ်၊ မင်းမလိမ်နဲ့ မင်းသာ ရွှေဖြစ်နည်းရရင် ဘုရားနဲနဲ မင်းများများ စားမှာ၊ အကုသိုလ် များမယ် အပယ်လားမယ်၊ မရတာဘဲ ကောင်းပါတယ် ၊ တရားရစမ်းပါ ငါ့ကောင်ရာ၊
မဟုတ်ပါဘူး ဘုရား
မင်းခုထိ လမ်နေသေးတာကိုး၊ မင်းရဲ့ စိတ်ကို ဘာမဟုတ်တာတွေနဲ့ အရောင်မဆိုးပါနဲ့ ကွာ၊ ကဲ ကဲ ငါသွားပြီ
ငါပေးထားတာနဲ့ မင်း လောက်အောင် လုပ်ဟုတ်လား။
ထိုသို့ပြောဆိုကာ ဘုန်းကြီးအိုကြီးလည်း အခိုးအငွေ့များကြားပျောက်သွားလေ၏။
သူလဲ လန့်နိုးလာခဲ့ရာ ပိုလို့ စောင့်တည်ရာမရ ဖြစ်လာသည်၊ လောဘသွေးတို့ ဆူဝေနေသည်၊ ရခါနီးမှ ဝေးသွားရ သည်။ ချမ်းသာခါနီးမှ ဒုက္ခတွေ့ရ ပြီ၊ သူဘုန်းတော်ကြီးကို လိုက်ရှာမည်၊ တောင်းပန်ကာ ပြန်သင်ခိုင်း မည်။ သူ့ ဟာ သူအရူးတစ်ယောက်ပမှာ ဖြစ်နေမိလေသည်။ ကျောင်းပေါ် အမြန်တက် သိမ်းစရာရှိသည်များ အမြန်သိမ်း ၊ ဆရာတော်ကိုပင်နှုတ်မဆက်တော့ဘဲ ကမန်းကတန်းဆင်းလာခဲ့ကာ ကွမ်းခြံဘူတာသို့ ပြေးလေ၏။ ထို့နောက် ကျိုက်ထီးရိုး ၊ ထိုမှ ကေလာသ၊ ဇွဲကပင်၊ တဖန် ပြည်၊ ပုပါး၊ စစ်ကိုင်း၊ ရွှေမြင်တင်၊ ရွှေစက်တော်၊ မန္တလေးတောင် စသည်တို့ ကို လှည့်လည်သွားရောက်ရှာ ဖွေလိုက်သည်မှာ တနှစ်ပင်ရှိတော့မည်။ ရွှေမကျည်းသီးတောင့်လေးများ ထုခွဲ ရောင်းချခဲ့ ပြီးခရီးဆက်ခဲ့ရသဖြင့် တပိသာကျော်သာ ကျန်တော့လေသည်။ ဘုန်းတော်ကြီးအိုကား ရှာမတွေ့ ၊ နောက်တော့ သူနားလည်လာခဲ့လေသည်။ အိမ်ပြန်တော့မည်။
သူ့ကို သေလားရှင်လားမည်သူမျှမသိအောင်ကို လျှောက်သွားနေခဲ့မိသည်။ သူအိမ်ပြန်ရောက်သောအခါ ရွာဘုရား ထီးတင်လေသည်၊ မန္တလေးမြတောင်ကျောင်းမှာ ကျောင်းဆောက်လှုသည်။ စီးပွားရေးများလုပ်ရာတွင်လဲ အောင်မြင်လာခဲ့လေသည်။ ဆယ်နှစ်ကျော်လောက် စီးပွားတဖက် အလှုတဖက် နှင့်ပျော်မွေ့နေရမှ နောက်ဆုံးသူ ရဟန်းဝတ်ရန် ဆုံးဖြတ်ခဲ့ လေတော့သည်။ မည်သည့် အကျောင်းက မည်သို့ အကျိုးပေးခဲ့သည်ကို စဉ်းစားကြည့်ဖို့ လိုပါမည်။

အထက်ပါအဖြစ်အပျက်များသည် အဖွားပြောပြသော ကျွန်တော်တို့ နှင့် ဆွေမျိုးတော်သည့် ဦးဝင်းဆိုသူ ၏ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်လေသည်။ နောင်လာနောက်သားများမြင်ဘူးစေရန်ရွှေမကျည်းသီးတစ်တောင့်သည် ကျွန်တော်တို့ အဖွားဇာတိရွာတွင် အစဉ်အဆက် ထိမ်းသိမ်းထားဆဲဖြစ်သည်။ ကျောက်ဆည်၊ မန်း-မြတောင် တိုက် တို့တွင် ဦးဝင်းနှင့်တကွ ကျွန်တော်တို့ ဆွေမျိုးများကောင်းမှုကျောင်းများစွာ ယနေ့ထိ တွေ့နိုင်ပါသည်။
ဦးဝင်းသည် ယခုအခါ ရန်ကုန်ဘူတာကြီးအနီး ရှိဘုန်းကြီးကျောင်းတွင် ဘုန်းကြီးအို တပါးအဖြစ် သီတင်းသုံးနေ ဆဲဖြစ်ပါသည်။ ယုံချင်ယုံ မယုံချင်နေ နိုင်ပါသည်။ နောင်အခါများတွင် ကျွန်တော်တို့ ဆွေမျိုးများ ရွှေအိုး ကောက် ရပုံ၊ ရွှေသေတ္တာ တွေ့ရှိပုံ၊ နှင့်အခြား ထူးခြား အံ့သြစရာ များကို ဆက်လက်ရေးသားပါဦးမည်။
(မှတ်ချက် - ထို မကျည်းတောင့်အား လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျွန်တော်ပင် တကြိမ်သာ မြင်ခဲ့ဘူးပါသည်)

2 comments:

မျက်လုံး said...

ကိုဂေါက်။ ဒါမျိုးတွေလည်း ရေးစရာရှိသကိုး။ ကောင်းတယ်ဗျာ။ ဘာပဲပြောပြော ရှေးလူတွေမှာ သင်ခန်းစရာ ယူစရာတွေ အများကြီးပဲနော်။ နောင်ကိုလည်း ဒါမျိုးတွေ တင်ပါဦးခင်ဗျာ။

Moe said...

how that tarmarine gold bullion looks like? like a real tarmarine fruit?