မိုးရေစက်များ၏ သုညအတ္တအင်အား

ဆရာတာရာ မင်းဝေအမှတ်တရ ဘလောက် အတွက် ရေးမယ်ဆိုပြီး ပြန်ကူး ထည့်လိုက်မိတဲ့ စာလေး တစ်ပုဒ်ပါ။ တိုပေမယ့် ကျွန်တော် အလွန်ကြိုက်မိတဲ့ အရာတေါပါတယ်။ ဘာဘဲ ဖြစ်ဖြစ် အမှတ်တရ ရေးဖြစ်အောင်တိုက်တွန်းပေး တဲ့ ကိုဖြိုး ကို ကျေးဇူးပါ။ လူတွေရဲ့ မိုက်မဲ မှု့၊ အတ္တ ကြီးမှု့၊ အထင်ကြီးလို မှု့ ၊ သူတပါးကို ကဲ့ယဲ့ လိုမှု့ ၊ အကောင်းမြင် မကောင်းမြင် စတဲ့ လူ့ သဘော တွေ ကျွန်တော်ခံစားမိတယ်။

မိုးရေစက်များ၏ သုညအတ္တအင်အား

မိုးခါးကြီးရွာသွားပြီဆိုတော့ ဇနပုဒ်ငယ်လေးတစ်ခုဆီသို့သူရောက်လာခဲ့သည်။ ရည်ရွက်ချက်မရှိဘဲ ရောက်လာခဲ့ခြင်းဖြစ်၏။ ယခင်ဤရွာလေး ရှိကြောင်းပင်မသိ။ ဤရွာကလေးတွင်နေထိုင် ကြသော လူမျိုးစု သုံးခုအကြောင်းကိုလည်း ကြားပင်မကြားဖူးခဲ့ပေ။
ဤရွာကလေး၌ မိုးခါးကြီးရွာသွားပြီး သောက်သုံးမိသူများရူးသွားကြောင်း၊ မသောက်ဘဲ နေသူများက လည်း ကျောက်ရုပ်ဖြစ်ကျန်ခဲ့ကြောင်း သတင်းနှင့်အတူ ဤရွာမှလူများ၏ ရှေးဟောင်းသင်္ချာ နည်း စနစ်များကို သူသိခဲ့ရခြင်း ဖြစ်သည်။
မိုးခါးကြီး ရွာခြင်း၊ ရူးသွပ်ခြင်း ၊ကျောက်ရုပ်ဖြစ်ခြင်း၊ စသည့် သတင်းများထက် ရှေးဟောင်း သင်္ချာ နည်းဆိုင်ရာသတင်းက သူ့ကို ပိုမိုဆွဲဆောင်နိုင်ခဲ့သည်။ လေ့လာ ဆည်းပူးချင် စိတ်များတဖွားဖွား ပေါ်ပေါက်လာပြီးနောက် သူဤ ရွာသို့ ရောက်လာခဲ့ရခြင်းဖြစ်လေသည်။
မိုးခါးရေ သောက်ထားပြီးသူ တွေဟာ အသ်စိတ် မရှိကြတော့။ သူတို့ ပြောနိုင်တာ တချက်ဘဲ ကျန်ရစ် ခဲ့သည်။ ထိုအချက်ကတော့ သူတို့ သောက်ခဲ့သည့် မိုးခါးရေခွက်အရေအတွက် ကို ပြောပြ နိုင်ခြင်း ဖြစ်၏။
မိုးခါးရေက အတော်ဆွဲဆောင်မှုရှိပုံပဲ
ထိုသို့ ပင်သူမှတ်ချက် ချမိ၏။ မသောက်ရ မနေနိုင်အောင်နှင့် သောက်မိသူကိုလဲ ထပ်ထပ်သောက် ချင်နေစိတ်ရှိအောင် ဆွဲဆောင်ဖမ်းစားနိုင်ခဲ့ပုံ ရသည်။ အချို့လူများသောက်ခဲ့ သည့် မိုးခါးရေခွက် အရေ အတွက်က အတော်များလေ၏။
ထိုခွက်အရေ အတွက်များကို သူတို့၏ရှေးဟောင်း သင်္ချာ ညွှန်ပြချက် နည်းများအတိုင်းညွှန်ပြ သွား ကြ၏။ ထိုညွှန်ပြချက်နည်းများကို သူစိတ်ဝင်တစားလေ့လာ မိလေသည်။
အစုသုံးစုခွဲ ပြီးသူလေ့ လာလိုက်ရ၏။
ပထမ အစုမှ လူအများသည်ဓားများ ဝှေ့ရမ်းပြီး ပါးစပ် မှလည်း ရေ- - -ရေ - - -ဟု ညည်းတွားနေ ကြ၏။ သူတို့ သောက်ခဲ့သော တစ်ဦးစီ၏ ခွက်အရေအတွက်များကို သစ်ပင်များပေါ်မှာ သူဖတ်ခဲ့ ရ သည်။ ပင်စည်ပေါ်မှာ ဓါးနှင့် အထစ်ကလေးများ ထစ်ပြီး ခွက်အရေ အတွက်ကို ရေးမှတ်ကြ သူများ ဖြစ်သည်။ ဓါးထစ်တ ထစ်လျှင် တခွက်ဖြစ်သည်။
ဒုတိယ အစုမှလူအများကတော့ လက်ထဲမှ ကြိုးများကို ဆွဲချည် ဆန့်ချည် လုပ်ရင်း တဟင်းဟင်း အော်နေကြ ၏။ သူတို့ သောက်ခဲ့သည့် ခွက် အရေ အတွက်ကို သူတို့လက်ထဲမှ ကြိုးများမှ တဆင့် သိ ရ၏။ သူတို့ က ကြိုးကို အထုံးကလေးထုံးရင်း မှတ်သားသွားကြ ခြင်းဖြစ်၏။
ကွစ်ပူ (ျှကငစက) ပုံစံပါလား
သူ... အလွန် သဘောကျသွား၏။ ထိုသို့ကြိုးအထုံးဖြင့် ရေတွက်မှုသဘောတရားကို တောင်အမေ ရိကတိုက်မှ အင်ကာ လူမျိုးများ လည်းသုံးစွဲဖူး၏။
လေ့လာရ အခက်ခဲဆုံးဖြစ်ခဲ့သည်မှာ တတိယ အုပ်စုဖြစ်သည်။
တတိယ အုပ်စုမှလူများသည် လမ်းမပေါ်မှာ ကခုန်နေကြ၏။ ဘာစကားကိုမှ မပြောကြ။ သို့သော် သူတို့၏ မျက်လုံးများထဲမှ မွတ်သိပ်မှုကို တွေ့နေရသည်။
အားပါးပါး....မလွယ်ပါလား
သူတို့၏ ကခုန်မှုမှာ သူတို့သောက်ခဲ့သည့် ခွက်အရေ အတွက်ကိုညွှန်ပြနေခြင်းဖြစ်သည်။ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကိန်းဂဏာန်းများ အဖြစ် သင်္ကေတပြုကာ ဖော်ပြ နေကြခြင်းဖြစ်၏။
အဓိပ္ပါယ်ဖတ်ရန် အတော် ခက်ခဲလေသည်။ ဤကဲ့သို့ သော ရေတွက်မှုပုံ စံကို နယူးဂီနီ လူမျိုးများ လည်း သုံးစွဲ ကြ၏။ သူ..ကြိုးစားပမ်းစား လေ့လာယူရလေသည်။ ကျေနပ်အားရ မှုလည်းရှိခဲ့၏ ။
လေ့လာမှုများပြီးဆုံးပြီဟု ယူဆသော အချိန်ကျမှ....
အင်း. .ကျောက်ဖြစ်တဲ့လူကို သွားကြည့်ရဦးမယ်။
မိုးခါးရေမသောက်ဘဲ တောင့်ခံနေသဖြင့် ကျောက်ဖြစ်သွားသူမှာ တယောက်တည်း ဖြစ်၏။ (ကျန်လူ များအားလုံးမှာ မိုးခါးရေ သောက်ပြီးရူး သွားကြ၏။)
ထိုလူသည် သို့မဟုတ် ကျောက်ရုပ်သည် အဝေးသို့ လှမ်းကြည့်နေ၏။ ကျောက်ဖြစ်နေသော မျက်လုံး များကတော့ ဘာကိုမှမြင်ပုံမပေါ်။ ထိုကျောက်ရုပ်ကိုလှည့်ပတ်ကြည့် ရှုရင်းသူ. .သက်ပြင်းချမိ၏။
ဖြစ်မှ- -ဖြစ်ရလေ
ထိုလူအတွက် စိတ်မကောင်းဖြစ်ရင်း သူ့စိတ်ထဲမှာလဲစိမ့်ပြီးကြောက်လာ မိ၏။
အင်း.. အခုပြန်တာဘဲ ကောင်းပါတယ်..
ထိုအခိုက်မှာပင်...
ရုတ်ချည်းဆိုသလို ကောင်းကင်သည် ညိုမှိုင်းသွား၏။
ဝေမှုန်သော်လဲ ကြမ်းတမ်းသည့်လေတို့က အေးရှစွာ ကျဆင်းလာသည်။ တစ်စုံတစ်ခုသော ရနံ့ကို ရှု ရှုက်လိုက်ရပြီး . . .
ဟင်...မိုးခါးကြီး ထပ်ရွာတော့မယ်
ရင်ထဲမှာ ပူလောင်ပြီး ကမ္မာပျက် သွားသလို ခံစားလိုက်ရသည်။
လေထဲမှာမိုး၏ အငွေ့ အသက်တို့ ပါလာသည်။ သူ့အပေါ်ကျလာသော မိုးစက်မိုးမှုန် ပျပျကလေး များကို လက်နှင့် ဝှေ့ယမ်းကာကွယ် နေမိ၏။
ဂျိမ်း....ဂျုန်း
မိုးခြိမ်းသံ ကြီးက ခြောက်ခြား ဖွယ်ရာ ပေါ်ထွက်လာသည်။ သဲကြီးမဲကြီးရွာတော့ မည်မှာသေချာ၏။
သူ ယောက်ယက်ခက် ပြေးလွှားနေမိသည်။ ဤမိုးကို ကာကွယ်၍ရတော့မည် မဟုတ်ကြောင်းကို လည်း သိလိုက်ရသည်။
လူများကို ဒုက္ခဆိုး အမျိုးမျိုးပေးခဲ့သော မိုးခါးကို သူပက်ပက်စက်စက် ဆဲဆိုရင်း လမ်းပေါ်မှာ ခုန် ပေါက်နေမိ၏။
ပြီး ... လိုအပ်ချက်တစ်ခုကို သတိရပြီး . .ဘေးဘီဝဲယာဆီလျှောက်ကြည့် မိသည်။
ဓါးတစ်လက်ကို တွေ့သည်။ ကောက်ယူပြီး သစ်ပင်ဆီသို့ ပြေးသွားကာ ပင်စည်မှာအထစ်လုပ်ကြည့်၏
ခုတ်ကြည့်ခြင်း ဖြစ်သည်။ သို့ သော်ဘာ တစ်ခုမှ ထင် မကျန်၊ ဆွေးမြေ့နေပြီဖြစ်သော ဓားကြီးက ကြိုး သွား၏။
တောက် . . .
လမ်းမပေါ်မှာ ကြိုးတချောင်းကိုတွေ၍ ကုန်းကောက်ရသေးသည်။ ကြိုးကို အထုံးလေးများရစ် ချည် ကြည့် ၏။ မရချေ။ ထို ကြိုးထုံးနည်းကို သူမထုံးတတ်၊ ပုံစုံမျိုးစုံနှင့် ကမန်းကတန်း ချည်ကြည့် နေပြီး မရလွန်းသည့် အဆုံးမှာ ထိုကြိုးကို ဒေါသ တကြီး လွှင့်ပစ်လိုက်၏။
နောက်ဆုံး အနေနှင့် ကိုယ်အင်္ဂါ အစိတ် အပိုင်းနှင့် ဖော်ပြနိုင်ရန် သူကြိုးစားရသည်။ မိုးစက်တွေ က လည်းခပ်ပါးပါး ကျရောက်နေပြီ ဖြစ်၏။
သို့ သော်လည်း ဒူးမြောက် လက်မြောက် လုပ်နေရခြင်းသည် သူ့ အတွက် အဆင်မပြေလှချေ။ ကိုယ် အင်္ဂါ အစိတ်အပိုင်းများမှ တဆင့် ကိန်း ဂဏာန်းကို ဖော်ပြနေသလို မဖြစ်ဘဲ ဓါတ်လိုက်နေသလို ၊ ဘရိတ်ဒန့် ကနေသလို လို ဖြစ်နေသည်။
ဒုက္ခပဲ
ထိုသို့ ဆိုရင်တော့ တနည်းဘဲ ကျန်တော့သည်။ ကျောက်ရုပ်ရှိရာကို သူအပြေးသွားလိုက်၏။
မိုးခါးရေကို သူမသောက်ဘဲ ကျောက်ရုပ် အဖြစ်ခံတော့မည်။
ကျောက်ရုပ်၏ နဘေးမှာ သူဝင်ရပ်သည်။ ရပ်ရပ် ခြင်းမှာတော့ လက်နှစ်ဘက် တွဲလောင်းချပြီး တောင့် တောင့် ကြီးရပ်နေလိုက်ခြင်း ဖြစ်သည်။ ထို့နောက်မှာမူ နောင်လာနောက်သားတွေ အမြင်မှာ သူ့ ကျောက်ရုပ်လှပရန် လိုအပ်ကြောင်း ကိုသတိရသည်။
ထိုသို့ဖြင့် တစောင်းပြင်ရပ်သည်။ ခါးမှာ လက်ထောက်ရပ်၏၊ ဆံပင်ကို ပင့်တင် ရသေးသည်။ ဓါတ် ပုံဆရ ရှေ့မှာ အိုက်တင်ပေးသည့်နှယ် သူ့ကိုယ်ဟန်ကို အမျိုးမျိုး ပြုပင်နေရ၏။
သိပ် အချိုးမပြေသလို ခံစားမိ၏။ မိုးကြီးကရွာ လာပြီ။ ထိုအခါကျမှ ပန်းပုရုပ်တစ်ခု ၏ကိုယ် ဟန်ကို သတိရပြီး သူထိုင်ချလိုက်သည်။
ကမ္ဘာကျော် ပန်းပုဆရာကြီး သြဂတ်ရိုဒင်၏ အတွေးအခေါ် သမား (ွှ့ငညုနမ ) အမည်ရှိ ပန်းပု၏ ကိုယ်ဟန်အတိုင်း သူထိုင်နေခြင်းဖြစ်သည်။ ဒဿန တစ်ခုခုကို အလေးအနက် စဉ်းစားတွေးခေါ်နေဟန် . .
မိုးကြီးက တဝေါဝေါ ရွာချလာ၏။
အား . .အေးလိုက်တာ
ခိုက်ခိုက်တုန်အောင် ချမ်းအေးနေသော်လည်း ဤကိုယ်ဟန် အနေအထားကိုမပျက်အောင် သူထိုင်နေ ခဲ့၏။
တစ်ကိုယ်လုံးလဲ စိမ့်စက် ရွှဲစိုနေပြီ။ ထိုင်ရတာလဲ ပင်ပန်းလှပြီ၊ မိုးကြီးရွာတာလဲ ကြာပြီ။ နောက်ဆုံး ဆဲချိန်ကျမှ ဤမိုးသည် မိုးခါးမဟုတ် ရိုးရိုး မိုးဖြစ်မှန်း သူသိရ၏။
....
ဘာပြောရမှန်းပင်မသိ။ အူကြောင်ကြောင်ဖြင့် သူပြန်ထလိုက်ရသည်။ ထွက်ခွာရန် ပြင်ချိန်ရောက်မှ သူ့ ကို စိုက်ကြည့်နေသော မျက်လုံးအစုံများကို မြင်လိုက်ရသည်။
ဟင်
ကိုယ့် အပူနှင့် ကိုယ် ပြာလောင်ခတ်နေခဲ့၍ ထိုလူများကို သူသတိမထားမိခဲ့။ ( ဘယ်အချိန်ထဲက ရောက်နေကြမှန်းမသိ)
သူ့လိုဘဲ လာရောက်လေ့လာ သူများဖြစ်ပုံရသည်။ သူ့ကို ကြည့်နေကြရင်းတယောက် ကပြော၏။
အရူးတွေထဲ ဒီအရူးအဆိုးဆုံးဘဲနော်
အေးလေ . . . မိုးခါးရေတွေ သူဘယ်နှစ်ခွက်လောက် သောက်ပစ်လိုက်လဲမှ မသိတာ။ အများတုံးသောက် ပြီး အရူးဆုံး ဖြစ်သွားတာနေမှာပေါ့။. . .ကျွတ်. .ကျွတ်. .ဖြစ်မှ ဖြစ်ရလေ
သူတို့အားလုံးက သူ့ ကို စိတ်မကောင်းစွာ ၀ိုင်းကြည့်နေကြလေသည်။


တာရာမင်းဝေ အမှတ်တရ( နေရဲ့ အင်္ကျီ စာအုပ်မှ)

1 comments:

ကိုဖြိုး said...

တင်လို့တောင်မပြီးသေးဘူး သူက ၀င်ဖတ်နေပြီ ..