နောက်ဆုံးမျက်ရည် မိုးစက်တွေလား

လွန်ခဲ့တဲ့သံုးနှစ်လောက် ကဖြစ်မယ်။ ဂျုလိုင်လရဲ့ တစ်ခုသောမနက်ခင်းမှာ သူနဲ့ ကျွန်တော် ဆုံဖြစ်ခဲ့တယ်။ သူ့မျက်နှာလေးကို နောက်ဆုံးအကြိမ် တွေ့ လိုက်ခြင်းလဲဖြစ်ခဲ့တယ်။ သူနဲ့ပတ်သက်သမျှ အားလုံး အဆုံး သက်ခဲ့တဲ့ မနက်လဲဖြစ် ခဲ့တယ်သူ့ကို ထားခဲ့တဲ့သံယောဇဉ်တွေ အားလုံးပြစ်ချ ခဲ့ရတဲ့နေ့လဲဖြစ်သလို မေ့လို့ရ
မရတော့ ဒီစာတွေကသက်သေ ခံနေဦးမှာပါလေ။ အဲဒီနေ့ဟာ ကျွန်တော့် ဘ၀ကိုအားလုံးပြင် ဆင်ပေးလိုက် တဲ့နေ့လဲဖြစ်ခဲ့တယ်။ ဒီလောက်အမှတ်ရစကောင်း တဲ့နေ့ကို ကျွန်တော်ဘယ်လိုမေ့လို့ ရခဲ့မှာလဲ။ အဲဒီနေ့မနက် က သူ့ကိုတွေ့ဖို့ မနက်စောစော ထပြီးအိမ်ကထွက်လာခဲ့တယ်။ ကောင်းကင်ကလဲ အုံ့မှိုင်းမှိုင်းနဲ့ ရာသီဥတု ကခပ်အေး အေးလေး ၊ အလင်းနုနေရောင်တောင် တိုးမပေါက်ဘဲပတ်ဝန်းကျင် က အေးစက်စက်နိုင်လှတယ်။ လေနုအေးတွေ ပါးပါး တိုက်နေတဲ့ကြားမှာ ကျွန်တော်တယောက်ထဲ၊ ကားဂိတ်မှာ သူအလာ ကို မျှော်နေမိတယ်။ စိတ်ထဲကတော့ ကိုယ့်အတွေးနဲ့ကိုယ်ပျော်နေလိုက်တာ၊ သူလာရင်ပြောဖို့ စကားလုံးတွေ ကိုရင် ထဲမှာတလံုးခြင်း ပြန်စီရင်း ဟိုအတိတ်ကို မြောလွင့်နေမိတယ်။ သူနဲ့ပြန်တွေ့ တာဘာမှမကြာလိုက်ဘဲတစ်နှစ်တောင် ကျော်လာခဲ့ပြီ။ စပြီးပြန်တွေ့တဲ့ နေ့ကလဲ ထူးထူး ဆန်းဆန်း၊ ဟိုအရင်ရှာတုံး ကတော့ဘယ်လိုမှအစ မတွေ့ဘဲ၊ အခုတော့- - - -


နေရာက ယုဇနပလာဇာ ကဖီး အေရိုးမား၊ ကျွန်တော်နဲ့ တူတူထိုင်နေတဲ့ သူငယ်ချင်းကစကားပြောနေရင်းမေးငေါ့ပြတယ် ။ ကျွန်တော်လဲ ကောင်မလေးတွေ လှလှမြင်တိုင်း လိုက်ပြတတ်တဲ့ သူ့
အကြောင်းသိတော့ လှည့်မကြည့်ဘူး။ နောက်တော့မှ ကိုယ့်ကျောကိုယ်မလုံ သလိုခံစား မိ
တာနဲ့ လှည့်အကြည့်။ ကျွန်တော်နဲ့ ကျောချင်းကတ် ထားတဲ့ခုံက သူမရဲ့ လှည့် အကြည့်၊
ဆုံလိုက်တဲ့ မျက်ဝန်းလေးတစ်စုံကြောင့် ရင်ထဲမှာသိမ့်ကနဲ အေးစက်သွားအောင် ခံစား ခဲ့
မိလိုက်တယ်။ သူပါဘဲ သူ့ကိုကျွန်တော်လိုက်ရှာနေတာ သုံးနှစ်ရှိတော့ မယ်။ တွေ့ပြီ။
ကျွန်တော်စကား သွားပြောမယ်လို့ထလိုက်ချိန်၊ စူးရှတဲ့ အကြည့်စူးစူးလေးတစ်ခု ကျွန်တော့်
ရင်ထဲ ထိုးဖောက် ၀င်ရောက်သွား တယ်။ ချက်ခြင်းဘဲ ကျွန်တော်ပြန်ထိုင် နေလိုက်မိတယ်။
သူ့ရဲ့ ဒီလိုအကြည့်တွေကို ရင်ဆိုင်ဖို့ကျွန်တော့်မှာ အားအင်တွေမရှိခဲ့ ဘူး။ တွေ့ရင်
ပြေမယ်လို့ တေးထားတဲ့ စကားတွေ အားလုံး လွင့်စင်ပြောက်ကွယ်သွားခဲ့လောက်အောင် ကျွန်
တော်အယောင်ယောင် အမှားမှားဖြစ်ခဲ့တယ်။ ကျွန်တော် ထထွက် လာခဲ့မိတယ်။ သူငယ်ချင်းရဲ့
အပြစ်တင်မှု့တွေက ကျွန်တာ့် မျက်ဝန်းထဲက သူ့အကြည့်တွေကို ဘယ်လိုမှ ဖုံးလွှမ်းသွား
အောင်မစွမ်းနိုင် ခဲ့ဘူး။ ကျွန်တော် အိမ်အပြန် သူမကို ထပ်တွေ့ခဲ့သေးတယ်။ ညနေအရောက်
မှာ တော့ဘယ်လိုမှ ထိမ်းသိန်းမထားနိုင် တော့တဲ့ကျွန်တော့်မသိစိတ်ကြောင့် သူမကို ဖုံး
ဆက်မိတယ်။သူလာကိုင်တဲ့အချိန် --ဟဲလို-- ဆိုတဲ့အသံလေးကြောင့်နဲ့တင် ကျွန်တော့်ရင်
တွေ ခုန်နေမိတယ်။ ကျွန်တော်ဖြစ်တဲ့ အကြောင်း၊ စကားပြောချင်တဲ့ အကြောင်းနဲ့ မိတ်ဖြစ်ဆွေဖြစ်
စကား တချို့ပြောဖြစ်ခဲ့ပြီး သူ့ကိုကျွန်တော်ချစ်နေဆဲပါ ဆိုတာလေးနဲ့ အဆုံးသတ်ပြောခဲ့တယ်။
ဒီနောက်ပိုင်း သူမနဲ့ ကျွန်တော် တပတ် တခေါက်လောက် သူ့ရုံးကို လိုက်ပို့ရင်း နေလာ ခဲ့တာ
အခုဆို တနှစ်ကျော် လာခဲ့ပြီ။ သူမကိုတွေ့နေရရင် ကို ကျေနပ် ပြုံးပျော် နေတတ် တဲ့ ကျွန်တော်
သူ့ကို စိတ်ပျက်စေမယ့် အပြုအမူ၊ အပြောအဆိုတွေ ရှောင်နေခဲ့ရင်းပြော ချင်တာ တွေ သိမ်းထား
ခဲ့တာ ဒီနေ့တော့ ကျွန်တော် အားလုံး ဖွင့်ချ တော့မယ်။ ကျွန်တော် လုပ်ငန်း တစ်ခုကအောင်မြင်
မှု့ သတင်းနဲ့ အတူ သူကြားရင် ၀မ်းသာမယ့် ပျော်ရွှင်ခြင်းလက်ဆောင်တွေ တပွေ့ကြီးနဲ့ ပေါ့လေ။
သူနဲ့ကျွန်တော်က ရည်းစားလည်း မ မည်၊ ချစ်သူလဲမမြောက် သံယောဇဉ်ပါးပါး လေးနဲ့ နားလည်
မှု့ယူထားတဲ့ ရန်သူတွေလိုလား၊ ဘာလဲ။ ကျွန်တော် ဒီနေ့တော့ သိချင်လှပြီ။ သူ့အတွက် ကျွန်
တော်ကြိုးစားထားတာတွေ အောင်မြင်တော့မယ်။ သူသိရင်ပျော်မှာပါလေ။
အဝေးက တလှမ်းခြင်း မှန်မှန်လျှောက်လာတဲ့သူမ ကို လှမ်းတွေ့ တော့ ကျွန်တော့် အာရုံတွေ
သူ့အပေါ် ပြန်ရောက်လာခဲ့တယ်။ လက်ဖျားလေးတွေအေးလို့ ရင်လဲခုန်လို့။ သူကျွန်တော့် နားကို
ရောက်လာခဲ့ပြီ။ သူကိုကြည့်တော့ပြန်ပြုံးပြတဲ့ အပြုံးလေးကို သတိထားမိတယ်။ တခုခုကို ပြော
ချင်လို့ အားယူနေရင်းပြုံးတဲ့ အပြုံး၊ မဲ့ပြုံးလေး ဆိုမှန်မယ် ထင်တယ်။ ကျွန်တော်လဲ ဘာမှမပြော
ရသေးဘူး လာတဲ့ကားပေါ် သူအရင်တက်သွားတယ်။ ကျွန်တော်လဲ လိုက်တက် သွားရင်း ကားခ ပေး
တော့ သူကရှင်းလိုက်တာနဲ့ ကျွန်တော် လဲအသာလေးငြိမ်နေလိုက်ပြီး စကားစ လိုက်တယ်။
အေးတယ်နော်- - -
သူကျွန်တော့်ကိုသေသေခြာခြာ ကြည့်ရင်းနောက်ဆုံမှာ လွတ်နေတဲ့ ခုံမှာသွား ထိုင်ရင်း
ဂျပန်ဘာသာ စာအုပ်ကိုသဲကြီးမဲကြီး လှန်နေတယ်။
ဟေ့- နေမကောင်းဘူးလား။ ဘာတွေဖတ်နေတာလဲ အောက်ရောက်မှဖတ်လေ။ တော်ကြာခေါင်းမူးတယ်
မလုပ်နဲ့နော်။
ကျွန်တော့်ကို သူမော့ကြည့်ရင်း သက်ပြင်းတစ်ခု ချလို့ စာအုပ်ကိုငုံ့ဖတ်နေတယ်။
မော်တင် မှတ်တိုင်အရောက်မှာ သူနဲ့ ကျွန်တော် ကားပေါ်က ဆင်းကြပါတယ်။
ဆင်းဆင်းခြင်း မိုးလေးတွေ ဖွဲဖွဲ ကျ နေတာ သတိထား မိတယ်။
လာ - -မိုး ရွာနေပြီ ထီးမပါဘူးလား၊
ကျွန်တော်မေးတော့ သူထီးဖွင့်ဆောင်းလိုက်တယ်။ ကျွန်တော်လဲ သူ့ ထီးအောက်အရိပ်ကို
အ၀င် ကျွန်တော့်ကို ကျွန်တော် မပြောခဲ့တဲ့ စကားတစ်ခွန်းနဲ့ ကျွန်တော် မလုပ်ခဲ့တဲ့
ဖြစ်ရပ်တစ်ခုနဲ့စတင် ပြီး ကျွန်တော့် ကိုစွဲချက်တင် ရန်တွေ့ပါတယ်။ သူ့စကားလုံးတွေ
အများကြီး ဆွဲထုတ်ပြလို့ မျက်ရည်တွေလဲ ကျလာပါတယ်။ ဒေါသသံနဲ့ သူ့စကားတွေတုန်ယင်
နေတယ်။ သူပြောနေတာတွေကို ကျွန်တော်ကြည့်တော့ အမဲတွေ အညိုတွေခြည်းဘဲ။
ကျွန်တော် မှမဟုတ်တာ ကျွန်တော်ကအဖြူသက်သက်။ ရှင်းပြဖို့ အခွင့်လဲ သူမပေးခဲ့ပါဘူး။
ကျွန်တော် ပြောတာ ဘာမှ လက်ခံမယ့်ပုံလဲ မပေါ်ဘူး။ ကျွန်တော့်ကို သူနဲ့ လုံးဝမပတ်
သတ်တော့ ဖို့ လုံးဝသူ့ရှေ့ ကိုမလာဖို့ ခါးသီးစွာ ပြောလာခဲ့ပါတယ်။
ကျွန်တော် ရှင်းပြခြင်ပါသေးတယ်။ ကျွန်တော် မဟုတ်တာကို အမှန်အတိုင်းပြောပြဖို့ ကျွန်တာ်
အခွင့်အရေးမရှိတော့ပြီလား။ ရင်ထဲမှာနဲနဲ ရှတတ ဖြစ်လာခဲ့တယ်။ သူပြောချင်ရာပြောပြီး ကျွန်
တော့်ကို ထားပြီးသူ ထွက်သွားခဲ့တယ်။ မိုးတွေလဲ သဲလို့။ ကျွန်တော် တယောက်ထဲ တိတ်
တဆိတ် ရပ် နေခဲ့မိတယ်။ ကျွန်တော် မငိုခဲ့မိဘူး။ တခါမှသူ့အပေါ် ဒီလိုစိတ်မထား မိခဲ့ဘူး။
ကျွန်တော့်ရင်ထဲမှာ အရမ်းနာကျင်နေခဲ့ မိတယ်။ ကျွန်တော့်စကားလုံးတွေ။ ပျော်ရွင်မှု့တွေ
အားလုံးသူရိုက်ဖျက်သွားခဲ့ပြီ။ ကျွန်တော့်ရဲ့နူးညံ့သိမ်မွေ့တဲ့ အကြင်နာတရားတွေ
ဒီမိုးရေတွေနဲ့ အားလုံးစီးမြော သွားခဲ့ပြီ။ သူကျွန်တော့် ကိုလုံးဝလှည့် မကြည့်ဘဲထွက်
သွားရက်တယ်။ သူသာတချက်လောက်လှည့်ကြည့် ခဲ့ရင်--- -- --။
ကျွန်တော့်အပေါ်အရမ်းရက်စက်တက်သလို ကျွန်တော့်ကို မယုံတဲ့သူမ နဲ့ ဒုတိယအကြိမ်
ထပ်ဝေးခဲ့ရပြန်ပြီ။ ကျွန်တော် သတိထားမိတာ ကျွန်တော်မငိုခဲ့ဘူး ဒါပေမယ့် ကျွန်တော့်ပါး
ပြင်မှာ မျက်ရည်တွေ စီးကျနေတယ်။ ရှိုက်သံမဲ့စွာ ကျွန်တော် ကြေကွဲခံစားမိတယ်။
အဲဒီနှစ်က ဘယ်နှစ်ကြိမ်မြောက်ရွာတဲ့မိုးလဲ တော့မသိပေမယ့် ကျွန်တော်သူ့အတွက်ကျ
တဲ့မျက်ရည်ဒါ နောက်ဆုံးပါဘဲ။
အားလုံး တိတ်တဆိတ်အဆုံးသတ်သွားခဲ့ပြီ။ အဲဒီနေ့မတိုင်ခင်က ကျွန်တော်ဟာ အခုကျွန်
တော် မဟုတ်တော့တာ သေချာပါတယ်။ ကျွန်တော် သိပ်ချစ်တာသိပါလျက်နဲ့၊ အရှုံးပေးထားပါတယ်
ဆိုတဲ့သူ၊ ကျွန်တော့်ကို အနိုင်ယူရက်သလို ရက်စက်ရက်တယ်။ အိမ်အပြန်ခြေလှမ်းတွေ
လေးလေး လံလံနဲ့ အလွမ်းတွေကို နာကြင်မှုနဲ့ မနိုင်မနင်းသယ်လာပြီး လှမ်းလာခဲ့မိတယ်။
မိုးလေးလဲ စဲခဲ့ပြီ။ မိုးတွေကလဲဖွဲလို့ မျက်ရည်တွေလဲရွှဲလို့--- - -ကျွန်တော့်မှာလေ။ ။ ။

3 comments:

ဂျစ်တူး - gyit_tu said...

ဆန့်တငင့်ငင့် ဖြစ်နေတဲ့ ဘလာဂေါက်ရဲ့ သူမမိုးက အခုတော့ ရွာသွန်းနိုင်ပြီးပေါ့း)

Yan said...

မိုးတွေရွာနေပြီ. ငါလည်းငိုချင်နေပြီ. ဆေးလိပ်ကတော့မတိုနိုင်သေး. ဘ၀ကလည်း နေမညိုသေး.

Phyu Youn said...

တော်တော်ဆိုးတဲ့ "သူမ" ပဲ…