လက်စသတ်မရတဲ့သီချင်း

မီပွိုင့်ကလွှတ်လိုက်တဲ့
လူနာတင်ကားဟွန်းသံလို
ကိလေသာအစိမ်း၊

လောကီလူ့ဘောင်ကဖေးမှာ
လူမှု့ဆက်ဆံရေးတွေရှုပ်ထွေးဆူညံလို့
ဘ၀ကစကားလုံးအဆော့လွန်
ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့ကဗျာ
စာမျက်နှာလှန်ဖတ်မရတဲ့ဆင်းရဲခြင်း
ငွေကြေးသို့မဟုတ်မိန်းမ
အနုပညာနောက်လိုက်နေတဲ့စိတ်မှာ
လူအဖြစ်ရဲ့အဓိပါယ်တစ်စုံတရာရှိလား။

မေးခွန်းတ၀က်၌တုန့်ဆိုင်းလေးလံ
လောကဓံရှစ်ပါးလုံးထွေးနေတဲ့ဘ၀သရုပ်မှန်ကို
နောက်ဆုံးပေါ်သီချင်းအလိုက်နဲ့မျက်နှာလွှဲ
တစ်ကိုယ်ရေကိုယ့်အသက်ကိုအလှအပရှုမယ်
ကိုယ့်အတွေးနဲ့ကိုယ်တလူလူလွှင့်မယ်၊
ဘ၀စုန်ဆန်၊ကိုယ့်အကြောင်းကိုတီးခတ်ကြည့်လိုက်တော့
ကလေးဘ၀ရယ်သံရဲ့မူရင်းအနက်များ
အာရုံမှားပြီးတောင်မမြင်ရဘူး။

ဒီလိုနဲ့သေတနေ့မွေးတနေ့
သူလိုကိုလိုပြီးဆုံးသွားရမယ့်ဇာတ်လမ်း
ပျင်းရိငြီးငွေ့ခြင်းဟာသွေးထဲကိုက်ခဲ
အသက်ရှင်ခြင်းသီချင်းဟာ
အနာအဆာတွေနဲ့၊
စီးဆင်းနေခဲ့တယ်။ ။

0 comments: