Saturday, September 27, 2014

တကယ်စွန့်ဦးတီထွင်မှာလား



ကျွန်တော်တို့မှာက ငွေချေးတာနဲ့ ရင်းနှီးမြှုပ်နှံဖို့ ရှာဖွေတဲ့ နေရာမှာ လွဲမှားစွာ တွေး ခေါ်နေကြတုန်းဘဲ။ လုပ်ငန်းတစ်ခု ကြီးထွားလို့ဖို့အတွက် ငွေအရင်းအနှီး ပိုလိုအပ်ပါတယ်။ ဒီမှာကတော့ သိန်း ၁၈၀၀ လောက်တတ်နိုင်တဲ့ သူက နေရာခပ်ကောင်းကောင်းက မြေညီထပ်လေးဝယ်ပြီး အခန်း ငှားစားမယ်။ ဈေးဆိုင်လေး ဖွင့်စားမယ်။ ဒါမှမဟုတ် ဘဏ်အပ်ထားတယ်။ တခြားရင်းနှီးမြှုပ်နှံမှုအတွက် အတော်လေးဝန်လေးကြတယ်။
ဒါက အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖော်ထုတ်ရာလဲမရောက်၊ ကိုယ့်ငွေတွေကို တိုးပွားနိုင်တဲ့ အနေအထားကိုလဲ ကန့်သတ် သလိုဖြစ်သွားတယ်။ (မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကတော့ တစ်ပိုင်းပေါ့) ဒီမှာငွေတတ်နိုင်တဲ့ သူတွေရဲ့ရင်းနှီးမြှုပ်နှံမှု အတော်များများက မှားယွင်းနေတုန်း ဘဲ လို့မြင်တယ်။ တစ်ခု တော့ရှိတယ် အမြတ်များများလိုချင်တယ်ဆို အရင်းရှုံးသွားမှာကိုလဲ တွေးကြောက်နေဖို့မသင့်တော်ဘူး။ ငါးပွတ်ရာ ငါးစာချနေတဲ့ ဈေးကွက်က ဘယ်တော့မှ မတည်မြဲနိုင်ဘူး။ ဒီဘက်ခေတ်မှာ ရဲရဲ တင်းတင်း တကယ် ရင်းနှီးမြှုပ်နှံပြီး အလုပ်လုပ်လို့ မအောင်မြင်သွား တဲ့ သူ မြန်မာပြည်မှာ မရှိပါဘူး။ ဒါပေမယ့် သူတို့တွေ ပိုကြီးထွားနိုင်ဖို့တော့ တရားမျှတ မှုရှိတဲ့ယှဉ်ပြိုင်မှုတွေ အခုထက် ပေးဖို့လို သေးတယ်။


ကမ္ဘာမှာ အချမ်းသာဆုံး ဆိုတဲ့ လူတွေ အကုန်လုံးနီးပါးက ချေးငွေနဲ့စတင်လုပ်ကိုင်တာ ဒါမှမဟုတ် ချဲ့ထွင်ခဲ့ကြတာ တွေဆိုတာ တွေ့နိုင်တယ်။ ဘဏ်လုပ်ငန်းဖွံ့ဖြိုးမှုက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တကယ့်ကို အဓိက ကျတယ် ဆိုတာ အားလုံးလက်ခံနားလည်ထားကြတယ်။ နိုင်ငံတွေမှာ လုပ်သားအင်အားရဲ့ ၈၀% ကျော်ကို အလုပ်ပေးထားနိုင် တာ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေဆိုတာ တော့သိပ်သဘောမပေါက်ရှာဘူး။ ဒီအသေးစားအလတ်စားလုပ်ငန်းတွေကို ပိုမိုဖွံ့ဖြိုးလာဖို့ချေးငွေလိုတယ် ဆိုတာ ပြောနေစရာတောင်မလိုတော့ဘူး။
ဈေးကွက်ကို ကြိုမြင်နိုင်ဖို့က လူတိုင်းအတွက်မဖြစ်နိုင်ဘူး။ ဒါပေမယ့် စွန့်ဦးသမားတွေ အကုန်လုံးမှာတော့ ဈေးကွက်ကို ကြိုကြည့်လေ့ရှိကြတယ်။ ဈေးကွက် ကိုမြင်လာတဲ့အခါမှာ ငွေကြေးစီးဆင်း မှုအတွက် စွန့်ဦးတီထွင်သူတွေ ကို အဓိက မောင်းနှင်မှာကတော့ ချေးငွေ ဒါမှမဟုတ် ရင်းနှီးမြှုပ် နှံသူတွေ ဖြစ်တယ်။ ဒါက မြန်မာပြည်အနေအထားမှာ လက်တွေ့ကျဖို့ပိုလိုအပ်တယ်၊ ပိုမှန်တယ်။ စိတ်ကူးကောင်းကောင်း တစ်ခုရှိနေယုံနဲ့ ထုတ်ကုန် တစ်ခု ဖြစ်လာဖို့ မြန်မာပြည်မှာ တော်တော်လေး လက်ဝင်နေသေးတယ်။
စားသုံးသူအသစ် ဈေးကွက်အသစ်အတွက် လုပ်ရဲကိုင်ရဲရှိတာက လုပ်ငန်းကြီးတွေထက် စွန့်ဦးသမားတွေက စလေ့ ရှိတာ တွေ့နိုင်တယ်။ ဒါပေမယ့် လုပ်ငန်းကြီးတွေက ဒါမျိုးမလုပ်ဘူးလို့မဆိုလိုဘူး။ သို့သော်လည်း စွန့်ဦးသမားတွေ အတွက် ယှဉ်ပြိုင်မှုမရှိသေးတဲ့ ဈေးကွက်ကသာလျှင် သူ့အတွက် အအောင်မြင်ဆုံးသော ဈေးကွက်ဖြစ်လိမ့်မယ်။ ဒီအတွက် စွန့်စွန့်စားစားနဲ့ပေါ်ဦးပေါ်ဖျားမှာ ကိုယ်က ဦးအောင်သွားဖို့လိုအပ်တယ်။
ကိုယ်အောင်မြင်လာတဲ့ဈေးကွက်ကို ၀င်ရောက်ယှဉ်ပြိုင်မယ့် လုပ်ငန်းကြီးတွေ နဲ့ပိုပြီးယှဉ်နိုင်ဖို့လုပ်ငန်းကြီးထွားလာ အောင် တိုးချဲ့ဖို့အတွက် ခုဏက ပြောတဲ့ ချေးငွေတွေ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်မယ်။ နောက်ကလိုက်လာ မှာကတော့ စီမံခန့်ခွဲမှုပေါ့။ စွန့်ဦးတွေ အတွက် ပြသနာတစ်ရပ်ကတော့ ငွေကြေးစီးဆင်းမှုနဲ့စီမံခန့်ခွဲမှုကို အားနည်း ကြတဲ့အချက်တော့ ရှိနေပါတယ်။ လတ်တလောအောင်မြင်မှုက ခိုင်မာတဲ့ အောင်မြင်မှုမဟုတ်ဘူးဆိုတာ နားလည် ထားဖို့တော့လိုတယ်။
မိရိုးဖလာ ဓလေ့ဖြစ်တဲ့ ကြွေးယူတာ မကောင်းဘူး။ စပ်တူလုပ်တာ အလုပ်ရှုပ်တယ် ဆိုတဲ့ အတွေးတွေ ကိုအမြစ်ကနေ လှန်ပစ်ဖို့လိုတယ်။ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အရာမှန်သမျှကို ပူးပေါင်းလုပ်ဆောင်နိုင်ရမယ်။ စပ်တူလုပ်တယ်ဆိုတာ ပိုပြီးကြီးထွားလာအောင်လုပ်ဖို့ဆိုတဲ့ အမြင်ရှိသင့်တယ်။ ဒီအတွက် အခြေခံကျတဲ့ အတွေးအခေါ်နဲ့ပညာရေး ရှိဖို့အ ရေးပါတယ်။
နိုင်ငံတစ်ကာစီးပွားရေးလုပ်တဲ့နေရာမှာ ၁၀၀ ရှိရင် ၁၀၀ လုံးကိုထုတ်ရင်းလိုက်တာမဟုတ်ဘူး။ အဲဒီ ၁၀၀ ကို ဘဏ်က နေချေးပြီး ဒါမှမဟုတ် အစုရှယ်ယာရောင်းပြီး ဘယ်နှစ်အပိုင်းအခြားမှာ ပြန်ဆပ်နိုင်မလဲ၊ ဘယ်လောက်ဆို အမြတ်ငွေ စထွက်လာမလဲ ဆိုတဲ့ အတိုင်းအတာ အတွက်အချက်နဲ့သွားကြတာ။ ဒီမှာက ရှိတာ အကုန်ရင်းတော့ တခုခု လွဲချော်သွားရင် ပြန်အဖတ်မဆည်နိုင်တော့ဘူး။ ရှိသမျှ အကုန်ချရင်းလိုက်တာ စွန့်ဦးမဟုတ်တော့ဘူး စွန့်စား ရတဲ့ လုပ်ငန်းဖြစ်သွားပြီး လောင်းကစားဆန်သွားမယ်။
အစိုးရပိုင်းကိုထောက်ပံ့ပါဆိုတာထက် အလုပ်လုပ်လို့ပိုကောင်းလာအောင် ဖန်တီးပေးပါလို့ပြောချင်တယ်။ လက်သင့်ရာ စားတော်ခေါ်တုန်းဆိုရင်တော့ သကြားမင်းဆင်းကယ်လဲ ဒီစီးပွားရေးက ကောင်းလာမှာမဟုတ်ဘူး။ လုပ်ပိုင်ခွင့်တွေ၊ သိန်း ၁ ထောင်လောက်တန်တဲ့ နေရာကို ၅ သောင်းလောက်နဲ့ ပေးပစ်ပြီး လုပ်ကိုင်ခွင့်ပေးတာမျိုးတွေ ရှိနေသမျှ ကာလ ပတ်လုံး စွန့်ဦးဆိုတာ စာအုပ်ထဲမှာရှိနေဦးမှာဘဲ။ အတုအယောင် အမည်ခံ အခွင့်ထူးခံ လူတွေ အသင်းအဖွဲ့တွေ ဘာတွေညာတွေက စွန့်ဦးသမား လူငယ်တွေအတွက် အတားအဆည်းတစ်ခုပါ။ ဒါကိုဖယ်ရှားနိုင်ဖို့လိုပါတယ်။
မြန်မာပြည်မှာ တယ်လီကွန်းကဏ္ဍ ဖွံ့ဖြိုးလာတော့ အားလုံးက မျက်စိကျစရာဈေးကွက်ဖြစ်နေတယ်။ Value add ၀န်ဆောင် မှုတွေအတွက်၊ မိုဘိုင်းဆော့ဝဲထုတ်လုပ်မှုတွေ အတွက်၊ အရောင်းအ၀ယ်တွေအတွက် ဒီ ပလတ်ဖောင်းက သိပ်ကို ဆွဲဆောင်ထားတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာ အော်ပရေတာတွေကလွဲလို့ကျန်တဲ့ သူတွေ မျှော် မှန်း နိုင်တဲ့ ဈေးကွက်က ဘောင်ကျဉ်းသေးတယ်။ ကြားထဲက အမြတ်ထွတ်နေတာက မီဒီယာဝန်ဆောင်မှုပေးသူတွေပေါ့၊ vinyl တွေ လက်ကမ်းစာရွက်တွေ ကြော်ငြာတွေ အတွက်တော့ အတော်လေး ဖြုန်းအားတက်လာတယ်။ ဒါပေမယ့် ဒီကဏ္ဍ မှာ အလုပ်အကိုင်တွေ အတွက်များများစားစားပေါ်ထွက်လာစရာလဲ သိပ်မရှိသလို တီထွင်ကြံဆမှုလဲသိပ်မရှိလှဘူး။
ဒါပေမယ့် မိုဘိုင်းဆော့ဝဲလ်ကဏ္ဍမှာတော့ အတော့်ကိုလှုပ်လှုပ်ရှားရှားနဲ့ ပွဲဆူလာတယ်။ ဒါက နည်းပညာ စွန့်ဦးတီထွင် သူတွေ အတွက် အကောင်းဆုံး မျှော်လင့်ချက်ဘဲ။ ဈေးကွက်ကို မျှော်ကြည့်တာထက် ကျော်ကြည့်တာ ပိုကောင်းမယ် ထင်တယ်။ ဒီမှာ လတ်တလော ဘာလိုအပ်နေလဲ ဘယ်လိုရောင်းမှာလဲ ဘယ်လောက်အထိမျှော်လင့်ထားသလဲ ဘယ်လောက် ကြာကြာရပ်တည်နေနိုင်မလဲ စသဖြင့်ပေါ့။ ဒီတစ်ခုမှာတော့ ကျွန်တော့်အနေနဲ့ မြန်မာဈေးကွက်ကို အများ ကြီး မျှော်လင့်မထားသင့်သေးဘူးလို့ထင်တယ်။ ဘာဘဲဖြစ်ဖြစ် ဒါက ဈေးကွက်အသစ် ပြိုင်ဆိုင်မှုအသစ်တွေ အတွက် ကစားကွင်းအသစ် အားလုံးအသစ်ပါ။ စိတ်ရှိသလောက်ကြိုးစားကြည့်နိုင်တယ်။ အတွေ့အကြုံတွေနဲ့ကြီးထွားလာ တဲ့ နည်းပညာ လုပ်ငန်းတွေ ၀န်ဆောင်မှုတွေ ထွက်ပေါ်လာဖို့ မျှော်လင့်နိုင်တယ်။ ဒီအတွက် ကျွန်တော်တို့အခွင့်အရေး တွေ အခွင့်အလမ်းတွေ ရှိလာဖို့ကြံဆဖို့ လိုအပ်လာတယ်။
ဒါပေမယ့်လဲ အလုပ်အကိုင်တွေ စတင်နိုင်ဖို့ အတွက် အခက်အခဲတွေရှိတဲ့ မြန်မာပြည်မှာ ကျွန်တော်တို့ အတွက် လတ်တလော အခွင့်အလမ်းတွေ မရှိရင်နေပါ၊ အခွင့်အရေးတွေ မရရင်လဲနေပါ။ ဒါတွေကို ကိုယ်တိုင်ဖန်တီးသူတွေကို လွတ်လပ်စွာ လုပ်ကိုင်နိုင်တဲ့ ပတ်ဝန်းကျင်ရှိနေဖို့က အဓိကပါ။ စကားတစ်ခု မှတ်သားခဲ့ဘူးတယ်။ အခွင့်အရေးကိုလိုက်ရှာ၊ မတွေ့ရင် အဲဒီ အခွင့်အရေးကို ကိုယ်တိုင်ဖန်တီး ရမယ်တဲ့။
ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးနိုင်ကြမှာပါ။ တကယ့်စွန့်ဦးသမားတွေ အောင်မြင်ပါစေ။



Wednesday, September 17, 2014

Monorail should be work in Yangon?



ရန်ကုန်မှာ မိုးပျံရထားလမ်းတွေကို ၂၀၁၅ မှာစတင်မယ်တွေ့တော့ အရင်စဉ်းစားခဲ့တာလေးသွားသတိရတယ်။ မိုးပျံရထားစနစ် ကိုရန်ကုန်မှာတည်ဆောက်ဖို့ ပထမဆုံးလိုတာ လျှပ်စစ်ဓါတ်အားဘဲ။ ထားပါတော့ ဒါကိုပြေလည်အောင် ဖြေရှင်းမယ်ဆိုရင်တောင် စည်းကမ်းသေ၀တ်မှုမရှိတဲ့ အလေ့အထတွေ ပေါက်ပွားနေတာမို့ ထိန်းသိန်းတာတွေ ရေရှည် အတွက်အစီအမံတွေ အတော်လုပ်ယူရမယ်။ ဒါတွေလဲ လုပ်နိုင်ဦးမယ်ဆိုတာတောင် ဒေါ်လာ ဘီလီယံနဲ့ချီကုန်မယ့် ရန်ကုန် တစ်မြို့လုံးပတ်မယ့် ရထားလမ်းကို မိုးပျံပျံ မြေလျှိုးလျှိုး မတည်ဆောက်သင့်သေးဘူး။


စီးပွားရေးအကြိုးအမြတ်တစ်ခုတည်းနဲ့ကြည့်မယ်ဆိုရင်တောင် လုပ်ဖို့မသင့်တော်သေးဘူး။ လက်ရှိ အမြင့်ဆုံးဈေး ၄၀၀ ကျပ်နဲ့စီးရတဲ့ မြို့ပတ် ရထားကိုတောင် အလျင်မှီအောင် မနဲစီးနေကြတာမို့ မိုးပျံရထားရဲ့မိုးပျံနေမယ့် ဈေးနှုန်းကို တော်ယုံတော့ လိုက်မှီ မှာမဟုတ်ပါဘူး။ တကယ်တမ်း ရန်ကုန်မြို့ထဲကို ၀င်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ က ဒီမြို့ပတ်ရထား ကွန်ယက် ထဲမှာ လက်လှမ်းမမှီတဲ့ ရွှေပြည်သာလို လှိုင်သာယာလို တောင်/မြောက်ဒဂုံလိုနေရာတွေက အများဆုံးဝင်ရောက်နေတာမို့ ဒါက အလုပ်ဖြစ်ပါ့မလားဆိုတာ စိုးရိမ်မိတယ်။
တစ်ကယ်တမ်းသာ တည်ဆောက်ကြတော့မယ်ဆိုရင် လက်တွေ့အကျိုးခံစားရမှာက တည်ဆောက်တဲ့ ကန်ထရိုက်ရတဲ့ လုပ်ငန်းတွေ ဘဲရှိတယ်လို့မြင်တယ်။ ယဉ်ကြောပိတ်ဆိုတဲ့ ဒဏ်ကြောင့် မဖြစ်မနေ တည်ဆောက်မယ်ဆိုရင်တော့ တကယ် အလုပ်ဖြစ်ပြီး အချိန်တိုတိုနဲ့တည်ဆောက်နိုင်မယ်၊ တကယ့်ကို စီးနင်းလိုက်ပါမယ့် သူတွေလဲရှိတဲ့ ဈေးကွက် လဲဖြစ်မယ်ဆိုရင် Monorail ကိုအရင်စဉ်းစားသင့်တယ်လို့ထင်ပါတယ်။
Monorail က လက်ရှိ အရှေ့တောင်အာရှ နိုင်ငံတွေမှာလဲ သုံးစွဲနေတာတွေ့နိုင်မှာပါ။ သူ့နည်းပညာအသေးစိတ် တော့ မပြောလိုတော့ပေမယ့် လျှပ်စစ်ကို အသုံးပြုရတာခြင်းတူနေတာတောင် သူက သက်သာပါတယ်။ နောက်တစ်ခု တည်ဆောက်တဲ့အခါမှာ ပိုပြီး မြန်ဆန်နိုင်ပါမယ်။ ဘူတာရုံတွေကအစပေါ့။ ပေါ့ပါးသေးငယ်ပေမယ့် တစ်နေ့ကို လူ ငါးသိန်းလောက်ကို သယ်ဆောင်ပေးနိုင်တဲ့အထိ စွမ်းအားရှိပါတယ်။
ရန်ကုန်မြို့downtown ၆မြို့နယ်ကို ပတ်ပြီးပြေးဆွဲတဲ့ ကွန်ယက်တစ်ခုနဲ့ ဘုန်ကြီးလမ်းကနေ ပြောင်းစီးရတဲ့ မြေနီကုန်း၊ စမ်းချောင်း၊ အပါအ၀င် လှည်းတန်းအထိရောက်တဲ့ ကွန်ယက်တစ်ခု၊ လှည်းတန်း က သမိုင်းလမ်းဆုံ၊ ပါရမီ စတဲ့ ကွန်ယက် တွေကို တစ်ခုခြင်း အကောင်းအထည်ဖော်သင့်တယ်။ ဒါကတော့ လိုအပ်ချက်ပေါ်မှာ မူတည်ပြီး ဆက်စဉ်းစားရမှာပါ။ တိုင်တစ်လုံးကို ဒေါ်လာ သိန်းချီကုန်ကျနိုင်တဲ့ မိုးပျံရထား စီမံကိန်းအစား monorail တွေကပိုပြီးသင့်တော်မလားလို့ပါ။ ဘာရယ်မဟုတ်ပါဘူး အားနေလို့စဉ်းစားမိတာ။


Saturday, September 13, 2014

အင်တာဗျုးခဲ့တယ်

တစ်ရက်တစ်ရက် အနဲလေးတော့ တစ်ပတ်မှာ ၄ ရက်လောက် အင်တာဗျုးခံရတယ်။ ဖုံးနဲ့တစ်မျိုး အီးမေးနဲ့တစ်သွယ်၊ လူကိုယ်တိုင်လဲပါတတ်ပါတယ်။ အဓိက ကတော့ အင်တာဗျုးတဲ့ အခါမှာ ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ အမြင်ကို ပွင့်လင်းရင်းနှီးစွာနဲ့ ဝေဖန်ပေးတာ ဖြစ်ပါတယ်။ ခုတစ်လော အင်တာဗျုးဖြစ်တဲ့အထဲက ပြီးခဲ့တဲ့ လက အင်တာဗျုးတစ်ခု ကို ပြန်ဖတ်ဖြစ်တယ်။ တော်ယုံတော့ ကိုယ့်အင်တာဗျုးတွေကို ကိုယ်ပြန်မဖတ်ဖြစ်တာ များတယ်။ ကိုယ်ဝယ်နေကျ ဂျာနယ်၊ သတင်းစာ နဲ့ကိုယ့်ကြည့်တဲ့ တီဗွီလိုင်းက မဟုတ်ရင် သူများလက်ဆောင်ပေးမှ ဖတ်ဖြစ်တယ်။ ဒီတစ်ခါတော့တယ်လီကွန်းတွေနဲ့ပတ်သက်တာမေးချင်တယ်ဆိုတာနဲ့ Itizen နဲ့ အင်တာဗျုးခဲ့တယ်။ ကိုမိုးလှိုင်ည နဲ့ ရန်ကုန်နိကို လဲ မြင်မတူတတ်သူခြင်းမို့ တခါတည်း ချိန်းပေးခဲ့မိတယ်။ ဒါနဲ့မနေ့ကမှ ကိုယ် ဘာတွေပြော ထားတယ်ဆိုတာ ပြန်ဖတ်မိတယ်။ မေးခွန်းတွေမပါတော့ ကိုယ်ပြောထား တာတွေ က တောင် စဉ်ရေမရ ဖြစ်နေတာတွေ့ရတယ်။ တချို့ဆိုလိုရင်းတွေက လွဲသွားတယ်။ ဘာဘဲဖြစ်ဖြစ် ကိုယ့် စိတ်ထဲမှာ ရှိတာတွေကို ဖော်ပြခွင့်ရတဲ့အတွက် အင်တာဗျုးတွေကို အမြဲဖြေပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ်ပေးချင်တဲ့ massage မရတဲ့အတွက်လဲ သတိထားရတာတွေရှိပါတယ်။



Monday, September 1, 2014

Open Data, Open Government



Open Data ကတော့ သိပ်စိမ်းလှတဲ့ စကားမဟုတ်ပေမယ့် Open Government ကတော့ နဲနဲ ရှင်းလင်းရခက်တယ်။ Open Data ကိုနားလည်ထားမှုကလဲ ကျွန်တော်တို့မှာ အကန့်အသတ်တွေရှိနေဆဲပါ။ ဒီအတော အတွင်း e-gov ပါလာ တဲ့ အခါ ကျွန်တော်တို့စကားလုံးတွေ ရှုပ်ထွေးပြီး အလုပ်မဖြစ်မှာကို စိုးရိမ်မိတယ်။
e-gov ဖွံ့ဖြိုးတိုးတက်ဖို့ open data ကိုအရင်လုပ်ရမှာလား၊ ဒါမှမဟုတ် Open data ဖြစ်လာဖို့ e-gov ကိုအရင်ဆုံးစ ကိုင်ရမလားဆိုတာ လိပ်ခဲတည်းလည်း ဖြစ်နေဆဲပါ။ တစ်နိုင်ငံလုံးအတိုင်းအတာ၊ ရှိရှိသမျှ သောဝန်ကြီးဌာနမျာနဲ့ သူ့လက်အောက်က ဌာနတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ဒါတွေအားလုံးရဲ့အချက်အလက် တွေအကုန် ကို ပြည်သူပြည်သားတွေက တခါးမရှိဓားမရှိ ကြည့်ချင်သလိုကြည့် လို့ရတာက open data လား။ e-gov ဆိုတာကရော၊ အစိုးရလုပ်ငန်းဆောင်တာတွေကို electronic နည်းပညာတွေသုံးလိုက်တဲာ့ e-government ဖြစ်သွားရောလား။ မဟုတ်ပါဘူး။


ကျွန်တော်တို့မှာ open data ဖွံ့ဖြိုးဖို့အတွက် ပြည်သူလူထုရဲ့ right to know (သိရှိနားလည်ခွင့်) ကိုတိုးမြှင့်ပေး ဖို့လိုအပ်နေပါသေးတယ်။ ဒါက အစိုးရ၀န်ထမ်းတွေရော ပြည်သူလူထု ကိုပါ ပေးအပ်ရမယ့် အရာပါ။ right to know အတွက်ပေါ်လစီတွေ အထိန်းအကြောင်းတွေ ဥပဒေတွေ စတာ တွေ လိုဦးမှာပါ။ ရှင်းအောင်ပြောရရင် ရန်ကုန်မှာ လူဦးရေဘယ်လောက်ရှိနေပါတယ်၊ ကျားဘယ်လောက်မ ဘယ်လောက်၊ ရက်ကွက်ကတော့ ဖြင့် ဘယ်နှစ်ခု၊ အိမ်ခြေကတော့ဘယ်လောက်၊ မြို့နယ်ကဖြင့် ဘယ်လို၊ ခရိုင်ကဖြင့်ဘယ်ဟာ၊ စသဖြင့် အစိုးရလက်ထဲမှာလဲရှိနေတယ်၊ လူထုအတွက်လဲ သိခွင့်ရှိနေတဲ့ အကြောင်းအရာတွေကို နည်းပညာအသုံးချပြီးသိလိုတဲ့ သူတိုင်းကို မြန်မြန်ဆန်ဆန် သတင်းအချက်အလက်ပေးဝေမျှယူနိုင်မယ်ဆိုရင် ဒါက open data အတွက်များများ အ ထောက်အကူပြုနိုင် ပါတယ်။ ဒါတွေခွင်ပြုလိုက်ယုံနဲ့တော့ open government ဖြစ်မလာသေးပါဘူး။ သူ့အကျိုးဆက်အနေနဲ့ ပိုမိုပြီးပွင့်လင်း မြင်သာမှုရှိတဲ့ သတင်းအချက်အလက်ပေးစွမ်းနိုင်တာက လူထုနဲ့သက်ဆိုင်ရာ အစိုးရတွေအတွက် အကောင်းဆုံး ဆက်ဆံ ရေးကိုရရှိစေမှာပါ။ ဒီရဲ့ effective ကတော့ corruptions (လာဘ်ပေးလာဘ်ယူ) ပပျောက်သွားနိုင်ဖို့ ထိရောက်တဲ့ ဖိအား တွေ တက်လာမှာဖြစ်ပါတယ်။ သဘောက open data ဖွံ့ဖြိုးလာမယ်၊ ဒီအချက်အလက်တွေကို အသုံးပြုတဲ့ အစိုးရနဲ့ လူထု တိုက်ရိုက်ဆက်ဆံလုပ်ကိုင်ရတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး လုပ်ငန်းတွေ ပိုပြီး အချိန်တိုတို ထိထိရောက် ရောက်နဲ့ ပြီးမြောက်နိုင်တဲ့ e-gov tools တွေပေါ်ပေါက်လာမယ်။ လုပ်ငန်းဆောင်တာတွေ ပိုမိုမြန်ဆန်လာမယ်။ ဥပမာ ဒီအချက်အလက်တွေကို သုံးပြီး မီးသတ်ဌာန တွေ၊ ရဲစခန်းနဲ့ဆေးရုံတွေ ဘယ်မှာရှိနေတာ၊ မြို့တွင်းပြေးဆွဲတဲ့ bus ကားလိုင်းတွေ က ဘယ်ကနေဘယ်ကို ဘယ်နံပတ်တွေက ပြေးနေတာ စသဖြင့် အခုခေတ်မှာဆို mobile application တွေ ရေးပြီးအသုံးပြုနိုင်မှာပါ။ ဒီအခါမှာ လူထုရဲ့သိခွင့်ပိုမိုမြင့်မားလာပြီး ပွင့်လင်း မြင်သာမှု ပိုရှိလာတဲ့အတွက် corruptions တွေလျော့ကျလာမယ် စသဖြင့်ပါ။
Open Government ဖြစ်လာဖို့ တွန်းအား ၂ ခုရှိပါတယ်။ တစ်ခုကတော့ Transparency +Citizen Engagement= Open Government (ပွင့်လင်းမြင်သာမှုရှိတဲ့အုပ်ချုပ်ရေး+လူထုပူးပေါင်းပါဝင်နိုင်မှု=ပွင့်လင်းမှုရှိတဲ့အစိုးရတစ်ရပ်)
ဒီမှာ အစိုးရရဲ့ပွင့်လင်းမြင်သာစွာဆောင်ရွက်လိုတဲ့အချက်ကအရေးပါသလို လူထုတစ်ရပ်လုံးပူးပေါင်းပါဝင်နိုင်တဲ့ အနေအထား နဲ့အခွင့်အရေးတွေကလဲ ပဓာဏကျပါတယ်။ ဒါဆို ကျွန်တော်တို့အလုပ်ဖြစ်နိုင်ပါတယ်။
ဒုတိယအမျိုးအစားကတော့ Monitoring+Government=Open Government (စောင့်ကြည့်လေ့လာမှုများ+ အစိုးရ=ပွင့်လင်းမှုရှိတဲ့ အစိုးရတစ်ရပ်)
ဒီတစ်မျိုးက ပွင့်လင်းမြင်သာမှုအားနည်းတဲ့အလေ့အထရှိနေတဲ့ အစိုးရကို လူမှုအဖွဲ့အစည်းတွေက အားကောင်းကောင်းနဲ့ စောင့်ကြည့်လေ့လာပြီး check & balance လုပ်ပေးနိုင်လာတဲ့အခါ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲ လာနိုင်တယ်ဆိုတဲ့ သဘောတရားဖြစ်ပါတယ်။ ကျွန်တော်တို့က ဘယ်လိုပုံစံနဲ့အလုပ်ဖြစ်နိုင်မလဲ။
ဒီမှာမေးခွန်းတွေရှိလာပါတယ်။
၁။ အစိုးရက ပွင့်လင်းမြင်သာမှုရှိလာပြီလား ဒါမှမဟုတ် ပွင့်လင်းမြင်သာမှုရှိဖို့ဆန္ဒရှိလား
၂။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေက အားကောင်းမောင်းသန်ရှိပြီလား
၃။ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကြားထဲမှာရော ပွင့်လင်းမြင်သာမှုရှိရဲ့လား
၎။ Right to know နဲ့ပတ်သက်တဲ့ awareness တွေရလာပြီလား
၅။ လူထုက ပူးပေါင်းပါဝင်နိုင်မယ့် အခြေအနေတစ်ရပ်ကို အချိန်တိုအတွင်းဖန်တီးနိုင်မယ်လို့ထင်ပါသလား
၆။ အားလုံးကလဲ သာတူညီမျှ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလေ့အထ ရှိသလား စသဖြင့်မေးစရာတွေ ဖြစ်လာပါတယ်။ ဒါက စလုံးရေစ စဉ်းစားနေယုံဖြစ်ပါတယ်။
Open Government ဖြစ်ဖြစ်မဖြစ်ဖြစ် ဘာအရေးကြီးသလဲ ဆိုတဲ့ ကြားဖြတ်မေးခွန်းရှိလာရင်  ဖြေရှင်းစရာတွေကျန်နေပါတယ်။ လိုတိုရှင်းပြောမယ်ဆို ကမ္ဘာတစ်ဝှမ်းလုံးမှာ Open Government ဖြစ်ကြတဲ့ နိုင်ငံတွေကို စုစည်းပြီး Open Government Partnership (OGP) ဆိုတာကိုဖွဲ့ထားပါတယ်။ အာရှမှာ ဂျပန်နဲ့ကိုရီးယား အပါအ၀င် အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား တို့က ဒီအဖွဲ့ထဲဝင်ရောက်ထားပါတယ်။ အများစုသော အရှေ့တောင်အာရှ နိုင်ငံတွေ က မပါဝင်ပါဘူး။ ဒါဆို စင်္ကာပူလို လာဘ်စားမှု အနည်းဆုံးနိုင်ငံက ဘာကြောင့် open government မဖြစ်ရသလဲ။
တကယ်က ဒီအဖွဲ့ဝင်ဖို့သတ်မှတ်တဲ့ စံနှုန်းမှာ ၁၇ မှတ်ရှိပါတယ်။ မြန်မာပြည်က လက်ရှိမှာ ၂ မှတ်ရရှိထားပါတယ်။ ဘာတွေပါဝင်သလဲဆိုရင် မှန်ကန်တဲ့ budget statement, corruption ရှင်းလင်းမှု၊ လူ့အခွင့်အရေး၊ သတင်းမီဒီယာ လွတ်လပ်မှု စတဲ့ အရေးပါတဲ့ အချက် အလက် တွေနဲ့တိုင်းတာပါတယ်။ အနည်းဆုံး ၁၂ မှတ်ဆို ကျွန်တော်တို့ တိုင်းပြည်က အဖွဲ့ဝင်နိုင်ငံဖြစ်ပါမယ်။ ဒီအဖွဲ့ထဲ ၀င်ရောက် သွားနိုင်တဲ့ အခါ ကျွန်တော်တို့ဘာတွေရနိုင်မှာလဲ။
အဖွဲ့ထဲကို ၀င်ရောက်နိုင်သည်ဖြစ်စေ မ၀င်ရောက်သည်ဖြစ်စေ တိုင်းပြည်တစ်ခုမှာ အစိုးရဘာလုပ်နေတယ်ဆိုတာကို ပြည်သူက သိခွင့်ရှိရပါမယ်။ ဒါက နံပတ်တစ်ပါ။ ဒီလိုသိခွင့် နဲ့အခြေခံအချက်အလက်တွေကို အသုံးပြုပြီး အုပ်ချုပ်မှု ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းနဲ့ တိုင်းပြည်ရဲ့အဆင့်အတန်းကိုမြှင့်တင်နိုင်ရပါမယ်။ ဒါကနံပတ်နှစ်ပါ။
OGP ထဲကို ၀င်နိုင်ဖို့ကျွန်တော်တို့ပြင်ဆင်တော့မယ်ဆိုကတည်းက လက်ရှိအစိုးရပြောပြောနေတဲ့ Clean Government Good Governance ကို တကယ်လုပ်ရတော့မှာပါ။ တရားမ၀င်တဲ့ ဥပဒေနဲ့ကင်းလွတ်နေတဲ့ အုပ်ချုပ်ရေး နဲ့ တရားစီရင် ရေးစနစ်တွေကို ပြန်လည်တည့်မတ်ရမှာပါ။ သယံဇာတ ထုတ်ဖော်ရေးနဲ့ ကြီးမားတဲ့ ပရောဂျက်ကြီးတွေကို အခုထက် ပိုမိုပွင့်လင်းမြင်သာစွာနဲ့ဆောင်ရွက်ရတော့မှာပါ။ ဘဏ္ဍာရေးဆိုင်ရာ ရသုံးစာရင်းတွေကို မှန်ကုန်စွာ ထုတ်ပြန်ပေးရတော့မှာပါ။ ဒီလို အစိုးရတစ်ရပ်ရဲ့ အမှန်ကန်ဆုံး အကောင်းဆုံးလုပ်ဆောင်ချက်တွေဖြစ်လာဖို့ တွန်းအားတွေကြီးကြီးမားမားပေးနိုင်မယ်လို့မျှော်လင့်လို့ရပါတယ်။
Open Data, Open Government က ဒွန်တွဲနေမယ့်အရာပါ။ နည်းပညာ က ဒီကိစ္စရပ်တွေကို မြန်ဆန်စွာ ဆောင်ရွက် နိုင်မယ့် tools တစ်ခုဖြစ်ပါတယ်။ e-government ဖွံ့ဖြိုးမှုက ခြစားမှု-လာဘ်ပေးလာဘ်ယူမှုကို ဟန့်တားနိုင်တဲ့ ထိ ရောက်တဲ့ အရာတစ်ခုဖြစ်ပါတယ်လို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ နည်းပညာခေတ်မှာ social media platform တွေပေါ်ကနေ လူထုကို ဆက်ဆံနေရ တဲ့ အစိုးရအရာရှိတွေ ရှိနေပါပြီ။ လူထုရဲ့အသံက အရင်ကထက်ပို ပြီးကျယ်ကျယ်လောင်လောင်ဖြစ်လာ ပါတယ်။ ဒါကို နားလည်ထိန်းကျောင်းနိုင်တဲ့ အလေ့အထတွေပိုလိုအပ်လာပါတယ်။
ပြီးတဲ့အခါ ကျွန်တော်တို့လေ့လာသင်ယူစရာတွေအများအပြားကျန်နေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့အစိုးရအနေနဲ့ Open Government ဖြစ်ဖို့ EITI အပါအ၀င် OGP ထဲဝင်နိုင်ဖို့ဆန္ဒရှိနေပါတယ်။ ဒါက ပြုပြင်ပြောင်းလဲရေး အတွက် အကောင်းဆုံးသော မျှော်လင့် ချက်လို့ မဆိုသာရင်တောင် အလုပ်သင့်ဆုံးသော အရာတစ်ခု အဖြစ်မြင်ပါတယ်။ ကျွန်တော်တို့ဒါတွေကို စတင်နိုင်ဖို့ ကိုယ်တိုင်က ဘယ်လောက် open ဖြစ်နိုင်မလဲ လို့ပြန်မေး ကြည့်ချင်ပါတယ်။
 ဇော်ဇော်မျိုးလွင် ( ၂၈.သြဂုတ်.၂၀၁၄)